Wednesday, September 1, 2010

ကျမ်းဦးမှတ်ဖွယ်

ကျမ်းဦးမှတ်ဖွယ်
ပရိယတ် ပဋိပတ် ပဋိဝေဓ ဟုဆိုအပ်သော ဗုဒ္ဓ၏သာသနာသုံးရပ်ကို လေ့လာ
ဆည်းပူးရာတွင် မိမိအကြိုက်ဆုံး၊ အနှစ်သက်ဆုံး၊ ပီတိပါမောဇ္ဇဖြစ်သည့် ဘုရားဟောဒေသနာ
များကို ဥပမာ၊ ဓမ္မစကြာသစ္စာလေးပါး၊ အနတ္တလက္ခဏာသုတ်၊ မဟာသတိပဋ္ဌာန်လေးပါး၊
ပဋိစ္စသမုပ္ပါဒ်စသည်များ၊၄င်းတို့နှင့်ဆိုင်ရာအဖွင့်ဂါထာ၊ဆောင်ပုဒ်၊အနက်သရုပ်များကို

လေ့လာကျက်မှတ်၍ အခါသမယအားလျှော်စွာ တတ်အားသရွေ့ရွတ်ဖတ်သရဇ္ဈယ်
စီးဖြန်း နှလုံးသွင်းဖို့ကိုသာ ရည်ရွယ်ရင်းရှိခဲ့ပါသည်။
ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ ဗုဒ္ဓသာသနာကို တကယ်ယုံကြည်လေးစားပါက၊
မိမိကိုယ်ကို မိမိ ဆုံးမသွန်သင်ပဲ့ပြင်ရမည်။
တိဏ္ဏံအညတရံယာမံ ပဋိဇဂ္ဂေယျ၊ ပဏ္ဍိတော၊
ပဏ္ဍိတော၊ အသိအလိမ္မာဉာဏ်ပညာနှင့် ပြည့်စုံသောသူသည်၊ တိဏ္ဏံ၊ အရွယ်သုံးပါး
တို့ တွင်၊ အညတရံယာမံ၊ တစ်ပါးပါးသောအရွယ်၌ ပဋိဇဂ္ဂေယျ၊ မိမိကိုယ်ကိုမိမိ သုတ်သင်
ရှင်းလင်းရာ၏။ (၀ါ) မိမိ၏ကိလေသာအညစ်အကြေးများကိုမိမိကိုယ်တိုင်သုတ်သင်
ရှင်းလင်းရာ၏ဟူ၍လည်းကောင်းဤသို့သုတ်သင်ရှင်းလင်းရာ၌လည်းအလောတကြီးမဟုတ်ဘဲ၊
သမ္ပဇဉ် ဉာဏ်ယှဉ်ကာ၊ တဖြည်းဖြည်းအချိန်ယူ၍ သုတ်သင်ရှင်းလင်းရမည့်အကြောင်း။
အနုပုဗ္ဗေန မေဓါဝီ ထောကံ ထောကံ ခဏေခဏေ
ကမ္မာရော ရဇတသေ၀၊ နိဒ္ဓမေ မလမတ္တနော။
မေဓါဝီ၊ပညာရှိသည်။အတ္တနော၊မိမိ၏။မလံကိလေသာအညစ်အကြေးကို။ ကမ္မာရော
ရဇတေဿဝ၊ပန်းထိမ်သည်ရွှေမှချေးထုတ်သကဲ့သို့။ ခဏေခဏေ ခဏခဏ။ ထောကံထောကံ
နည်းနည်းနည်းနည်း။ နိဒ္ဓမေ၊ ထုတ်ပယ်ရာ၏ဟူ၍ လည်းကောင်း။ ဤသို့ဘုရား၏အလိုတော်
အတိုင်းတရားကိုစောင့်ရှောက်ပါက တရားကလည်းပြန်၍စောင့်ရှောက်သည့်အကြောင်း။
ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ၊ ဓမ္မောသုစိဏ္ဏော သုခ အာဝဟတိ
ဧသောနိသံသော ဓမ္မေသုစိဏ္ဏေ နဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။
ဓမ္မော၊တရားတော်သည်။ဟဝေ စင်စစ်။ဓမ္မစာရီတရားစောင့်ရှောက်သူကို။ရက္ခတိ၊ ပြန်၍
စောင့်ရှောက်၏။ သုစိဏ္ဏော၊ ကောင်းစွာစောင့်အပ်ကျင့်အပ်သော ဓမ္မော၊တရားတော်သည်။ သုခံ၊
ချမ်းသာကို။အာဝဟတိ၊ဆောင်နိုင်၏။ဓမ္မစာရီ၊တရားကိုကျင့်လေ့ရှိသူသည်။ဒုဂ္ဂတိံ၊ မကောင်း
ရာဂတိသို့။နဂစ္ဆတိ၊မရောက်။ဧသဧသော၊ဤသို့ဒုဂ္ဂတိသို့မရောက်ခြင်းသည်၊သုစိဏ္ဏေ၊ကောင်းစွာကျင့်အပ်သော။ဓမ္မေ၊တရား၌ပ၀တ္တော၊ ဖြစ်သောအာနိသံသော၊အကျိုးတည်းဟူ၍လည်းကောင်း။
အတ္တနာဟိ၊ သုဒန္တေန၊ နာထံ၊ လဘတိ၊ ဒုလ္လဘံ။
အတ္တနာဟိ၊ မိမိသာလျှင်။သုဒန္တေန၊ မိမိ၏ကိုယ်၊နှုတ်၊နှလုံးသုံးပါးလုံးကိုပဲ့ပြင်
သွန်သင်ခြင်းဖြင့်၊(၀ါ) ကာယကံ ၀စီကံ မနောကံမှုတို့ကို၊ သီလ၊ သမာဓိ၊ ပညာတို့ဖြင့်ထိန်းသိမ်း၍၊ ဒုလ္လဘံ၊ အလွန်တရာရနိုင်ခဲသော။ နာထံ၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ
တို့သာမက၊အမြတ်ဆုံးဖြစ်သော၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊နိဗ္ဗာန်ချမ်းသာကိုပါ၊
လဘတိ၊ကောင်းစွာမသွေရနိုင်ပေ၏ဟူ၍လည်းကောင်း၊ ဓမ္မပဒပါဠိတော်တွင်မြတ်စွာဘုရား
ဟောကြားတော်မူပါသည်။ဝိနည်းပိဋကတွင်ဟောတော်မူသည်မှာကလည်း
သဗ္ဗပါပဿ အကာရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။
သဗ္ဗပါပဿ၊မကောင်းမှုအကုသိုလ်မှန်သမျှကို။အကာရဏံ၊ မပြုရခြင်း။ ကုသလဿ၊
ကုသိုလ်ကောင်းမှုကို။ ဥပသမ္ပဒါ၊ ပြည့်စုံစေခြင်း။ သစိတ္တံ၊ မိမိ၏စိတ်ကို။ ပရိယောဒါပနံ၊
ဖြူစင်စေခြင်း၊(၀ါ)ပြောင်စင်စေခြင်း။ဧတံဤသည်ကား။ဗုဒ္ဓါနသာသနံ၊ ဘုရားရှင်တို့၏
အဆုံးအမသြ၀ါဒပေတည်း။
အနုပ၀ါဒေါ အနုပဃာတော၊ ပါတိမောက္ခေစသံဝရော၊
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စသယနာသနံ
အဓိစိတ္တေစ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။
အနုပ၀ါဒေါ၊ သူတစ်ပါးကိုမကဲ့ရဲ့ မစွပ်စွဲခြင်း။ အနုပဃာတော၊ သူတစ်ပါးကိုမသတ်ဖြတ် မညှဉ်းဆဲခြင်း။ ပါတိမောက္ခေစ၊ ပါတိမောက္ခသံဝရသီလကို၊သံဝရော၊ စေါင့်ထိန်းခြင်း။ ဘတ္တသ္မိံ၊ ဆွမ်းစသော ခဲဘွယ်ဘောဇဉ်၌။မတ္တညုတာ၊ အတိုင်းအရှည်ကိုသိရခြင်း။
ပန္တဉ္စ သယနာသနံ၊ ဆိတ်ငြိမ်ရာ ကျောင်းအိပ်ရာသို့ ကပ်ရောက်နေထိုင်ရခြင်း။အဓိစိတ္တေစ၊ သမာပတ်ရှစ်ပါးတည်းဟူသောအဓိစိတ္တသိက္ခာ(၀ါ)သမထဘာဝနာတို့ကို၊ အာယောဂေါ၊ ပွားများ
အားထုတ်ခြင်း။ဧတံဤသည်ကား။ဗုဒ္ဓါနသာသနံ၊ဘုရားရှင်တို့၏အဆုံးအမသြ၀ါဒပေတည်း။
ခန္တီပရမံတပေါတိတိက္ခာ၊ နိဗ္ဗာနံ ပရမံ၊ ၀ဒန္တိ ဗုဒ္ဓါ၊
နဟိပဗ္ဗဇ္ဇိတော ပရူပဃာတိ၊ နသမဏော ဟောတိ ပရံဝိဟေဌယန္တော။
တိတိက္ခာ၊ တိတိက္ခာဟုဆိုအပ်သော။ခန္တီ၊ သီးခံခြင်းသည်။ပရမံ၊ မြတ်သော။ တပေါ၊ အကျင့်
တည်း။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ပရမံ၊ မြတ်၏ဟူ၍။ ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။ဝဒန္တိ ၊ ဟောတော်မူ
ကုန်၏။ ပဗ္ဗဇ္ဇိတော၊ ရဟန်းမြတ်သည်။နဟိ ပရူပဃာတိ၊ သူတပါးကိုမညှဉ်းဆဲ။ ပရံ၊
သူတပါးကို။ ဟေဌယန္တော၊ ညှဉ်းဆဲသောသူကား။ သမဏော၊ ရဟန်းသည်။နဟောတိ၊မဖြစ်။
++++++++++++++++++

No comments:

Post a Comment