Sunday, September 12, 2010

အခန်း(၂) အနတ္တဓမ္မ

အခန်း(၂)
အနတ္တဓမ္မ
                  
ယခုပြောနေသည့် အကြောင်းအရာများသည် နောက်ဆုံးပိုင်းတွင်ဆက်လက်
တင်ပြမည့်အနတ္တဓမ္မအပါအ၀င်၊ ဓမ္မစကြာသစ္စာလေးပါး တရားတော်၏ ပဏမအချိုး
တရားဦးမှတ်ဖွယ်သဘောပင်ဖြစ်၏။ မဟာသတိပဋ္ဌာနသုတ်ကိုလည်း အဆိုပါ သစ္စာ
လေးပါးကို ဖေါ်ထုတ်ရာတွင် မပါမပြီးဖြစ်သောကြောင့် အလားတူပင်တင်ပြထားပါသည်။
ပါဠိလို သစ္စာ၊ မြန်မာလိုအမှန်တရား၊ ထို့ကြောင့် လောကီအမုတိနယ်မှာရှိသည့်
ခန္ဓာငါးပါးရုပ်နာမ် တရားတို့ကို ယထာဘူတ ကျကျ(၀ါ) အမှန်တရားကို အမှန်အတိုင်း၊
လက္ခဏ၊ ရသ၊ ပဇစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းတို့ဖြင့် သဗ္ဗေသင်္ခါရာ၊ အလုံးစုံသော တေဘူမက
ရုပ်နာမ် ဓမ္မသင်္ခါ တို့သည် အနိစ္စာ၊ အမြဲမရှိခြင်းကို ဖေါ်ပြထားပါသည်။ 

ထိုနည်းတူစွာ သဗ္ဗေသင်္ခါရာ၊ ဒုက္ခာကိုလည်း။ ဒုက္ခသစ္စာပိုင်းတွင် အကျယ်တ၀င့် ရှင်းပြထားပါသည်။
သဗ္ဗေဓမ္မာအနတ္တာ အလုံးစုံသော သင်္ခါရာတို့နှင့် သင်္ခါရမဟုတ်သော နိဗ္ဗာန်အသင်္ခတဓါတ်
အပါအ၀င် အနတ္တ ဓမ္မကိုတော့၊ တစ်သီးတစ်ခြား အနတ္တ လက္ခဏသုတ်တွင် ဟောတော်
မူထားပါသည်။ ဤအနတ္တလက္ခဏသုတ်သည် တရားကိုယ်အားဖြင့် မြတ်စွာဘုရား၏
တရားဦးဓမ္မစကြာသုတ် အရိယာသစ္စာလေးပါးတွင် အကျွမ်းဝင်ပြီးသား ဖြစ်ပါသည်။
၎င်းကို အနိစ္စ၊ ဒုက္ခတို့ကဲ့သို့ ဓမ္မစကြာတွင် ထည့်မဟောဘဲ၊ တစ်သီးတစ်ခြား သုတ်
တစ်ခုအနေဖြင့် အနတ္တလက္ခဏ သုတ်ဟုဓမ္မစကြာကိုဟောပြီး၍ ငါးရက်မြောက်သော
နေ့၌ ပဉ္စ၀ဂီ်္ဂငါးဦးစလုံး သောတာပန်တည်ပြီးမှ ဟောတော်မူခြင်းမှာ၊ ၎င်းအနတ္တဒေသနာ
တော်သည် အလွန်သိမ်မွေ့ နက်နဲခက်ခဲ ကျယ်ဝန်းသောကြောင့် (၀ါ) လောကဆိုသည့်
သင်္ခါရနယ်မှ ကျော်လွန်၍ လောကုတ္တရာ နိဗ္ဗာန်ခေါ်သည့် အသင်္ခတနယ်အထိ
သက်ရောက်ခြင်းကြောင့် (၀ါ) ပုထုဇဉ်တို့ နားလည်သဘောပေါက်ရန် ခက်ခဲသော
ကြောင့် ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဓမ္မစကြာလေးပါးအဖွင့်တွင် အနတ္တကို
ချန်လှပ်ထားပါက ပြည့်စုံလိမ့်မည်မထင်ပါ။ ဗုဒ္ဓရှင်တော် ဘုရားရှင်မှလွဲ၍ လူ့လောကတွင်
လည်းကောင်း၊ အခြားသောလောကတွင်လည်းကောင်း၊ သိပ္ပံပညာရှင်၊ အတွေးအခေါ်ရှင်
ဘာသာရေး၊ လူမှုရေး ပါရဂူကြီးများအပါအ၀င် မည်သူတစ်ဦးတစ်ယောက်မှ အနတ္တ၀ါဒ
ကို ဖေါ်ထုတ်နိုင်ခြင်းမရှိပါ။ စင်စစ်အားဖြင့် အနတ္တမပါလျှင် ဗုဒ္ဓ၏တရားတော်သည်
အခြားခြားသော ဘာသာရေးအတွေးအခေါ် ဒဿနိကဗေဒ၊ စိတ္တဗေဒ စသည်တို့နှင့်
များစွာကွာခြားခြင်း ရှိလိမ့်မည် မထင်ပါ။ ထို့ကြောင့် အနောက်တိုင်း ပညာရှင်ကြီးများက
ဘုရားရှင်၏ အနတ္တ၀ါဒကို ဗုဒ္ဓသာသနာ၏ အသက်ဝိဉာဏ်(The soul of Buddhism)
ကင်ပွန်းတပ်ကြပါသည်။ ဤအယူအဆများကို အောက်ပါသမ္မောဟ၀ိနောဒနီ အဋ္ဌကထာက
ထောက်ခံထားပါသည်ဟု ဆိုရပါမည်။
                             အနတ္တလက္ခဏံ ပညာပနဉ္စ အညဿကဿစိ အ၀ိသယော၊
                သဗ္ဗညု ဗုဒ္ဓနမေ၀ ၀ိသယော၊ ဧ၀မေတံ အနတ္တလက္ခဏံ အပါကဋံ၊
                တသ္မာ သတ္တာနံ၊ အနတ္တလက္ခဏံ ဒေဿန္တော၊
                အနိစ္စေန၀ါ ဒေဿတိ ဒုက္ခေန၀ါ၊ အနိစ္စ ဒုက္ခေဟိဝါ။
                   အနတ္တလက္ခဏံ၊ အနတ္တလက္ခဏာကို။ ပညာပနဉ္စ၊ ပညတ်ဟောကြားခြင်းကား
အညဿကဿစိ၊ တစ်ခြား တစ်စုံတစ်ယောက်သောသူ၏။ အ၀ိသယော၊ အရာမဟုတ်။
သဗ္ဗညု ခပ်သိမ်းသော တရားတို့ကို သိတော်မူသော။ ဗုဒ္ဓါနံယေ၀၊ ဘုရားရှင်တို့၏
သာလျှင်၊ ၀ိသယော၊ အရာပေတည်း။ ဧ၀ံ၊ ဤသို့လျှင် ဧတံအနတ္တလက္ခဏံ၊ ဤ
အနတ္တလက္ခဏာသည်။ အပါကဋံ၊ နူးညံ့သိမ်မွေ့လှ၏ (၀ါ) ခက်ခဲနက်နဲလှ၏ တသ္မာ၊
ထို့ကြောင့်။ သတ္တာနံ သတ္တ၀ါတို့အား။ အနတ္တလက္ခဏံ၊ အနတ္တလက္ခဏာကို။
ဒေဿန္တော၊ ဟောကြားတော်မူရာ၌ ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။ အနိစ္စေန၀ါ၊ အနိစ္စ
လက္ခဏာဖြင့်လည်းကောင်း။ ဒုက္ခေန၀ါ၊ ဒုက္ခလက္ခဏာအားဖြင့်လည်းကောင်း။ အနိစ္စ
ဒုက္ခေဟိဝါ၊ အနိစ္စဒုက္ခလက္ခဏာတို့အားဖြင့် လည်းကောင်း။ ဒေဿန္တိ၊ ဟောကြား
တော်မူကြပါပေကုန်၏။
                           
ဉာဏတိလောကနှင့် အနတ္တ
                  
ဤအနတ္တဓမ္မနှင့် ပတ်သတ်၍ ကမ္ဘာ့သာသနာပြု ပါဠိပါရဂူပုဂိ္ဂုလ်ကျော်
တစ်ဦးဖြစ်သူ ဂျာမနီလူမျိုး ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီး အရှင်ဉာဏတိလောက က
၎င်း၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဗုဒ္ဓ၀စန စာစောင်တွင် သုံးသပ်ထားပုံ၏
အတိုအချုပ် မြန်မာဘာသာပြန်မှာ၊ အနတ္တဒေသနာ၏ အဓိပ္ပါယ်အကျဉ်းချုပ်မှာ ဘ၀ဟူ
သမျှအားလုံးတို့သည် မြဲသောသဘော (၀ါ) အတ္တ (၀ါ) အမြုတေမှဆိတ်၏။ တစ်နည်း၊
ဖြစ်သမျှပျက်၏။ အမြဲမရှိ။ ဤသည်မှာ ဗုဒ္ဓ၏ ပဓါနဒေသနာပင်ဖြစ်၏။ ဘာသာခြား
ဓမ္မကျမ်းစာများတွင် လည်းကောင်း အခြားသော ဒဿနိကဗေဒ ကျမ်းစာများတွင်လည်းကောင်း
ဤဒေသနာမျိုး အယူအဆ သဘောတရားမျိုးကို မတွေ့နိုင်ပါချေ။ ဗုဒ္ဓ၏တရားတော်ကို
တကယ်အပြည့်အစုံ နားလည်သဘောပေါက်ရန်နှင့် ၎င်းလမ်းစဉ်၏ ပန်းတိုင်ကို တကယ်
အမှန်ရောက်လိုပါက မလုပ်မဖြစ်သည့် ကိစ္စတစ်ခုသည်ကား ဆိုလျှင် ဆင်ခြင်တုံတရား
နှင့် အသိအလိမ္မာဉာဏ်ပညာ ဗဟုသုတတို့သာမက တကယ့်အဖြစ်အပျက် ကိုယ်တွေ့
သင်ခန်းစာများကိုပါ၊ အမြဲတစေ ယထာဘူတကျကျ သုံးသပ်ဝေဖန်၍ အနတ္တဓမ္မကို
ပိုင်ပိုင်နိုင်နိုင် နားလည်သဘောပေါက်ရန်ပင် ဖြစ်ပါကြောင်း။ ဤအနတ္တဒေသနာ
သည်ကားဆိုလျှင် ခန္ဓာဒေသနာစသော ပရမတ္ထသဘာဝတို့ကို (၀ါ) ခန္ဓာ၊ အာယတန
ဓါတ်သစ္စာ ပဋိစ္စသမုပ္ပါဒ်အစရှိသည့် အမှန်တရားတို့ကို အမှန်အတိုင်းအကြွင်းမရှိ
တိတိကျကျ သုံးသပ်ဝေဖန်ပိုင်းခြားရာမှ ပေါ်ထွက်လာသော ရလဒ်ကြီးဖြစ်ပါပေသည်။
                             ၎င်း၏ ဗုဒ္ဓဓမ္မအဘိဓါန်ခေါ် အင်္ဂလိပ်လိုထုတ်ဝေသည့် စာစောင်တွင်လည်း
အရှင်ဉာဏတိလောကသည် အနတ္တဓမ္မကို ဝေဖန်သုံးသပ်ရှင်းလင်းထားပါသည်။ ၎င်း၏
မြန်မာဘာသာပြန်အတိုချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
                   ရှိနေဆဲ ရုပ်နာမ်ခန္ဓာ၏ အတွင်းဘက်၌လည်းကောင်း၊ အပြင်ဘက်၌
လည်းကောင်း အမှန်တကယ်အမြဲတည်တံ့နေနိုင်သည့် ပုဂိ္ဂုလ်သတ္တ၀ါ အတ္တသာရ၊
ငါ သူတစ်ပါး၊ အသက်လိပ်ပြာအမာခံ အနှစ်သာရ ဘာတစ်ခုမျှ မရှိဆိုသည့် အနတ္တ
သဘာဝကို ကောင်းကောင်းနားမလည်ပါလျှင် ဗုဒ္ဓ၏ အနက်အဓိပ္ပါယ်ကို အပြည့်အဝ
နားလည်နိုင်မည် မဟုတ်ပါ။ ဗုဒ္ဓဘုရားရှင်သာလျှင် တသီးတခြားဟောတော်မူခဲ့သော
ဤအနတ္တဓမ္မ ကွယ်ပျောက်လျှင် ဗုဒ္ဓသာသနာသည်လည်း ကွယ်ပျောက်မည်ဖြစ်၏။
အနတ္တဓမ္မ တည်မြဲနေလျှင် ဗုဒ္ဓသာသနာသည်လည်း တည်မြဲနေမည်ဖြစ်ပါသည်။ အနတ္တဓမ္မမှ
အပ ကျန်ရှိသောဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) တို့ကို အနည်းနှင့် အများဆိုသလို အခြား
ခြားသော ဘာသာဝါဒဓမ္မကျမ်းဂန်များ၊ ဒဿနိကဗေဒများတွင် တွေ့နိုင်မည်ဖြစ်ပါသည်။
အနတ္တဓမ္မသည်ကား ဘုရားရှင်သာလျှင် မူပိုင်ဟောတော်မူသော ဒေသနာဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓကို အနတ္တ၀ါဒီဟု ခေါ်ဝေါ်သမုတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ၊
သဗ္ဗေဓမ္မာအနတ္တာ၊ ရှိရှိသမျှ အလုံးစုံသော ရုပ်နာမ်တရား သင်္ခါရ ဓါတ်သဘာဝ
တို့နှင့်တကွ၊ အသင်္ခတဓါတုနိဗ္ဗာနဓါတ်ပါ အနတ္တဆိုသည်ကို ယထာဘူတကျကျ
ဖေါက်ထွင်း၍ မသိမြင်ပါက (၀ါ) စင်စစ်အားဖြင့် အခြားဘာမျှမဟုတ်၊ အဆက်မပြတ်
တရစပ် ဖြစ်ကာပျက်ကာနေသည့် ရုပ်ဓါတ်နာမ်ဓါတ် အစဉ်တို့သာတည်းဟု ထိုးထွင်း၍
မသိမြင်ပါက(၀ါ) ၎င်းဖြစ်ပျက်အစဉ်မှအပ အခြားပုဂိ္ဂုလ်သတ္တ၀ါ အတ္တသာရ ငါ
သူတစ်ပါးအထည်ကိုယ် ဒြပ်အမာခံ အနှစ်သာရ၊ ဘာတစ်ခုမျှ မရှိဟု ပညာစက္ခုဖြင့်
မမြင်ပါက ထိုမမြင်သောသူသည် ဗုဒ္ဓ၀ါဒကို (၀ါ) ဗုဒ္ဓ၏ အရိယာ သစ္စာလေးပါး
အမှန်တရားကို နားလည်လိမ့်မည် မဟုတ်ပါ။ အကြင် ပုဂိ္ဂုလ်သည် ဒုက္ခနှင့်
ရင်ဆိုင်ရာ၌ မိမိ(၀ါ) ငါပင်ဖြစ်သည်ဟု သက္ကာယဖြင့် ထင်မှတ်၏။ ကောင်းမှုကုသိုလ်
မကောင်းမှုအကုသိုလ်တို့နှင့် ရင်ဆိုင်ရာ၌၊ ယင်းကောင်းမှု၊ မကောင်းမှု၊ ကုသိုလ်၊
အကုသိုလ်ကံတို့ကို ပြုလုပ်သူမှာ မိမိ(၀ါ) ငါပင်ဖြစ်၏။ ယင်းပါပြုသောကုသိုလ်၊
အကုသိုလ်ကံတို့နှင့် လျှော်ညီစွာ ကောင်းသော ဒုဂ္ဂတိဘုံတို့သို့၊ မိမိ(၀ါ) ငါလားရမည်၊
နိဗ္ဗာန်သို့ ရောက်လျှင်လည်း မိမိ(၀ါ) ငါပင်ရောက်မည်။ နိဗ္ဗာန်သို့ လားရာခရီးစဉ်
မဂ္ဂင်ရှစ်ပါး လမ်းကိုလည်း၊ မိမိ(၀ါ) ငါပင်လျှောက်ရမည် စသည်ဖြင့်စွဲယူ၏။
ဤသဘောထားနှင့်ပတ်သတ်၍၊ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာက ဆိုသည်မှာ-
                                      ဒုက္ခမေ၀ ဟိနကောစိ ဒုက္ခိတော၊
                        ကာရကောန ကိယာသာဝ ၀ိဇ္ဇတိ။
                                အတ္ထိ နိဗ္ဗုတိ န နိဗ္ဗုတော ပုမာ၊
                        မဂ္ဂပတ္တိ ဂမကော န ၀ိဇ္ဇတိ။
                             ဒုက္ခမေ၀၊ ဒုက္ခဆင်းရဲသည်သာလျှင်။ အတ္ထိ၊ ရှိ၏။ ဒုက္ခိတော၊ ကောစိ
ဆင်းရဲဒုက္ခ ခံသူတစ်စုံတစ်ယောက်သည်။ နတ္ထိ၊ မရှိ။ ကိရိယာဝ၊ ကံအမှု(ကုသိုလ်ကံ၊
အကုသိုလ်ကံ) ပြုလုပ်ခြင်းသည်သာလျှင်။ ၀ိဇ္ဇတိ၊ ရှိ၏။ ကာရကော၊
ကံအမှုပြုလုပ်သူသည်။ န၀ိဇ္ဇတိ၊ မရှိ။ နိဗ္ဗုတိ၊ နိဗ္ဗာန်သည်။ အတ္ထိ၊ ရှိ၏။ နိဗ္ဗုတောပုမာ၊
နိဗ္ဗာန်သို့သွားသောယောက်ျားသည်။ နတ္ထိ၊ မရှိ။ မဂ္ဂေါ၊ နိဗ္ဗာန်သို့သွားရာလမ်းကြောင်းသည်။
အတ္ထိ၊ ရှိ၏။ ဂါမကော၊ နိဗ္ဗာန်သို့သွားသောယောက်ျားသည်။ နတ္ထိ၊ မရှိ။
                             မည်သူမဆို အ၀ိဇ္ဇာပစ္စယာ - မသိမှုကြောင့်။ သင်္ခါရာ - ကံအမှုကိုပြုလုပ်၏။အစရှိသည့်ကြောင်းကျိုးနိယာမ ပဋိစ္စသမုပ္ပါဒ်တရားကို၊ ယထာဘူတကျကျ နားမလည်၍၊ သက္ကာယဒိဋ္ဌိ၊ အတ္တငါစွဲ၊ ပုဂ္ဂိုလ်စွဲမပြုတ်လျှင်၊ ငါသိသည်၊ သူသိသည်ဟူ၍၎င်း၊ ငါမသိဘူး၊သူမသိဘူးဟူ၍၎င်း၊ ငါလုပ်သည်၊ ငါမလုပ်၊ ငါသူဘ၀သစ်သို့လားသည်။ ငါသူကာမဂုဏ်ခံစားသည်။ ငါသူအလိုရှိသည်။
ငါသူစွဲလန်းသည်၊ စသည်ဖြင့်ထင်မြင်၏။
(၀ိသုဒ္ဓိမဂ်အဋ္ဌကထာအခန်း - ၁၇။)
                              +++++++++++++++
                                                         

လယ်တီဆရာတော်ကြီးနှင့် အနတ္တ

                   ဤအနတ္တဓမ္မနှင့် ပတ်သက်၍ ပျံလွန်တော်မူပြီးဖြစ်သော ကမ္ဘာကျော် ဗုဒ္ဓဘာသာ ကျမ်းပြု လယ်တီဆရာတော်ကြီး၏ ဝေဖန်ချက်မှာ များစွာမှတ်သားဖွယ်ကောင်းသောကြောင့်၊  ၎င်းဆရာတော်ဘုရားကြီး
ရေးသားထားရစ်တော်မူခဲ့သော အနတ္တနိသံသကျမ်းမှ  ကောက်နှုတ်၍ အောက်တွင်တင်ပြလိုက်ပါသည်။
                   သတ္တ၀ါ၏ စိတ်သန္တာန်အတွင်းမှာ ငါရှိ၍နေသော အကုသိုလ်ကံ အနန္တတို့၏
ဦးခေါင်းမူကား သက္ကယဒိဋ္ဌိပေတည်း။ သက္ကာယဒိဋ္ဌိ ရှိနေသမျှ ကာလပတ်လုံးထို
ကံဟောင်းတို့သည်၊ ၀င်းဝင်းတောက် ထက်သန်ကြကုန်၏။
                   အကြင်ပုဂိ္ဂုလ်သည် မိမိကိုထိပြု၍နေသော ရုပ်နာမ်တရားတို့၏ အနတ္တ
အဖြစ်ကို ကောင်းစွာ ထင်မြင်၏။ ထိုပုဂိ္ဂုလ်အား အတ္တဒိဋ္ဌိချုပ်ငြိမ်း၏။ မိမိ၏
ဦးခေါင်းဖြစ်သော အတ္တဒိဋ္ဌိချုပ်ငြိမ်းသည်နှင့်တစ်ပြိုင်နက် တစ်ချက်တည်း အကုသိုလ်
ကံဟောင်း အနတ္တတို့သည်လည်း အကုန်ကွယ်ပျောက် ချုပ်ငြိမ်းကြလေကုန်၏။
                   အနတ္တလက္ခဏာ ကောင်းစွာထင်မြင်၍ သက္ကာယဒိဋ္ဌိအတ္တချုပ်ငြိမ်းပြီးသော
သူသည်၊ တစ်ထိုင်အတွင်းမှာ ဖြစ်သော ရုပ်တရား၊ နာမ်တရားတို့ကိုပင် ဉာဏ်၌ အပိုင်းပိုင်း
တွေ့ထင်မြင်၏။ အပြတ်သတ် တွေ့ထင်မြင်၏၊ သတ္တ၀ါ အထည်ကိုယ် အမာခံ၊
အနှစ်သာရအနေဖြင့် အလျှဉ်တန်း၍နေသော ရုပ်နာမ်ဟူ၍ တစ်စုံတစ်ခုမျှ မရှိဟု
ထင်မြင်၏။ ယခု ရှိနေဆဲဖြစ်သော ရုပ်နာမ် တရားစုသည်ပင်လျှင် ပုဂိ္ဂုလ်၏ အတ္တသာရ
မဟုတ်၊ ပုဂိ္ဂုလ် အသက်ရှည်သမျှ အသက်ရှည်၍၊ တည်နေနိုင်သော အနှစ်သာရမျိုး
မဟုတ်၊ ပုဂိ္ဂုလ်ငုတ်တုတ်ရှိနေဆဲမှာပင် ဖြုတ်ဖြုတ် ဖြုတ်ဖြုတ် ခဏမဆဲချုပ်ပျောက်
ပျက်ဆုံး၍ နေသောတရားစုသာ အမှန်ဖြစ်ပါ၏။ ရှေးရှေး ကာလတို့၌ ချုပ်ပျက်ကွယ်ဆုံး
လေပြီးသော ရုပ်တရား၊ နာမ်တရား တို့သည် အဘယ်မှာ ဤပုဂိ္ဂုလ်အထည်ကိုယ်၊
အမာခံ အတ္တသာရ ဟုတ်ပါချေအံ့နည်း ဟုထင်မြင်၏။ ရှေးရှေး၌ ပြုအပ်သော အကုသိုလ်
ဟောင်းတို့သည် အဘယ်မှာ ပုဂ္ဂိုလ်ဟုတ်နိုင်အံ့နည်း၊ သတ္တ၀ါဟုတ်နိုင်အံ့နည်း၊
ငါဟုတ်နိုင်အံ့နည်း၊ ငါ၏အတ္တဟုတ်နိုင်အံ့နည်း။ ပုဂိ္ဂုလ်ဟူ၍မရှိကလည်း အဘယ်မှာ
ငါ၏ကံဟူ၍ မရှိတော့အံ့နည်း ဟူ၍ ထင်မြင်၏။ ထို့ကြောင့် အကုသိုလ်ကံတို့သည်
သက္ကာယ အတ္တဒိဋ္ဌိ ချုပ်ငြိမ်းရာ အကုန်ငြိမ်းကြကုန်လေ၏။
                   အနတ္တဓမ္မနှင့်ပတ်သက်၍လယ်တီဆရာတော်ဘုရားကြီး၏အခြားမှတ်သားဖွယ်
ကောင်းသော ဝေဖန်သုံးသပ်ချက်အချို့ကို လယ်တီဒီပနီပေါင်းချုပ်မှကောက်နှုတ်၍
အောက်တွင်ဖေါ်ပြထားပါသည်။
                   အနတ္တကို ပိုင်ပိုင်နိုင်နိုင် သိထားဖို့ရန် အရေးကြီးဆုံးဖြစ်၏။ အနတ္တပိုင်နိုင်မှ
အတ္တဒိဋ္ဌိကိုပယ်သတ်နိုင်မည်။ အနတ္တကိုပိုင်နိုင်ရန်မှာလည်း၊ အနိစ္စ၀ိပဿနာဉာဏ်သည်
လိုရင်းဖြစ်၏။ အနိစ္စ၀ိပဿနာဉာဏ်ပိုင်နိုင်လျှင် အနတ္တ၀ိပဿနာဉာဏ် ပိုင်နိုင်လွယ်
တော့၏။
                   အနိစ္စ၀ိပဿနာဉာဏ် ပိုင်နိုင်လျှင် အနတ္တ၀ိပဿနာဉာဏ် ပိုင်နိုင်ခြင်းကိစ္စပြီးသည် ဟူရာ၌ သာဓကပါဠိတော်သည်ကား-
                             အနိစ္စာညိနော မေဃိယ အနတ္တာ သညာ သဏ္ဍာတိ၊
                အနတ္တာသညိနော အသိံ်္မာနော သမုဂ္ဃါတံ ပါပုဏာတိ၊
                ဒိဋ္ဌေ၀ ဓမ္မေ နိဗ္ဗာနံ။
                   မေဃိယ၊ မေဃိယ ရဟန်း။ အနိစ္စသညိနော၊ အနိစ္စသညာ ပိုင်နိုင်သူအား။
အနတ္တသညာ၊ အနတ္တသညာသည်။ သဏ္ဍာတိ အလိုလိုတည်လာ၏။ အနတ္တသညိနော၊
အနတ္တသညာ ပိုင်နိုင်သောသူအား။ အသိံ်္မမာနော၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို
ငါ ငါဟူ၍ အထင်ကြီးခြင်းသည်။ သမုဂ္ဃါတံ၊ ပျက်စီးခြင်းသို့။ ပါပုဏာတိ၊ ရောက်၏။
ဒိဋ္ဌေ၀ဓမ္မေ၊ ယခုမျက်မှောက်ဘ၀၌ပင်လျှင်၊ နိဗ္ဗာနံ၊ ဒုက္ခခပ်သိမ်း အကုန်ငြိမ်းခြင်း
လိုရာနိဗ္ဗာန်သို့ ပါပုဏာတိ၊ ရောက်တော့၏။
                   အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုသည့် ၀ိပဿနာဉာဏ်သုံးပါးသည် အနုဗောဓ
ဉာဏ်မည်၏။ လောကုတ္တရာမဂ်လေးပါးသည် ပဋိဝေဓဉာဏ်မည်၏။
                   လယ်တီဆရာတော်ဘုရားကြီးသည်၊ ၎င်း၏ ၀ိပဿနာဒီပနိပရိညာကထာတွင်
ဟောတော်မူသည်မှာ-
                   အနိစ္စပရိညာ ဆိုသည်ကား မရဏတရား၌ ဉာဏ်အမြင်ပိုင်နိုင်ခြင်းတည်း။
ဤစကား၌ မရဏတရားသည်၊ သမ္မုတ္ထ မရဏ၊ ပရမတ္ထမရဏ ဟူ၍ နှစ်ပါးရှိ၏။
ထိုနှစ်ပါးတို့တွင် သမ္မုတ္ထမရဏဆိုသည်ကား သမ္မုတိသစ္စာဘက်၌ ပုဂိ္ဂုလ်သတ္တ၀ါတို့
တစ်သက်တွင် တစ်ခါသေမြဲ ဓမ္မတာဟူ၍ ဆိုကြသော မရဏတရားသည် သမ္မုတိ
မရဏမည်၏။ ရုပ်ဓါတ် နာမ်ဓါတ်တို့၏ တစ်နေ့ တစ်ရက် အတွင်းမှာပင်တစ်ကြိမ်
ပေါင်း အရာထောင်သောင်းမက ချုပ်ပျောက်သေဆုံးခြင်းသည်၊ ပရမတ္ထ မရဏမည်၏။
ထိုနှစ်ပါးတို့တွင် သမ္မုတ္ထမရဏသည်  အနိစ္စလက္ခဏာ အစစ်မဟုတ်။ အနိစ္စ
ပရိညာ၏ အရာမဟုတ်။ အနုဿတိ-၁၀-ပါးတွင် မရဏာနုဿတိ အရာမျှသာဖြစ်၏။
ရုပ်ဓါတ် နာမ်ဓါတ်တို့၏ သေခြင်း ချုပ်ပျောက်ပျက်ဆုံးခြင်း ဟူသောပရမတ္ထမရဏ
သာလျှင် အနိစ္စလက္ခဏာ အစစ်ဖြစ်၏။ အနိစ္စပရိညာ အချက်ဖြစ်၏။    
                   ဤနေရာတွင် သတိထားဖို့က အနိစ္စရောက်သွားသည်ကိုပင် မရဏသေသည်ဟု ခေါ်ရပါသည်။
                   လယ်တီဆရာတော်ဘုရားကြီး အမိန့်ရှိသည့်အတိုင်း အမိဝမ်းတွင်းမှ မွေးပြီး
နောက် သင်္ချိုင်းသို့ ပို့လိုက်ရသည့်သေခြင်းကို သမုတိမရဏလို့ခေါ်ပါသည်။ ယင်း
အသေမျိုးကိုတော့ လူတိုင်းသိကြပါသည်။
                   အမူအရာတစ်ခုမှ အမူအရာတစ်ခုအတွင်း ပြောင်းလဲချုပ်ပျောက်ခြင်း၊ ဣရိယာ
ပုဒ်တစ်ခုမှ ဣရိယာပုဒ်တစ်ခုအတွင်း ပြောင်းလွဲချုပ်ပျောက် အနိစ္စရောက်သွားခြင်းကို
သန္တတိမရဏ သို့မဟုတ် ပရမတ္ထမရဏလို့ ခေါ်ပါသည်။ ယင်း မရဏကို လယ်တီ
ဆရာတော်ဘုရားကြီးက အနိစ္စလက္ခအစစ်၊ အနိစ္စပရိညာအချက်ဟု မိန့်တော်မူပါသည်။
ဥဒယဗ္ဗယ ဉာဏ်မျက်စိဖြင့် သိမြင်နိုင်ပါသည်။ လူသာမန်တို့တော့ မသိနိုင်၊မမြင်နိုင် ကြပါ။
                   ဥပါဒိဌိ၊ ဘင်ဆိုသည်မှာ စိတ္တက္ခဏတစ်ချက်မှာ (၀ါ) မျက်စိတစ်မှိတ်
လျှပ်တစ်ပြက် အတွင်းမှာ ရုပ်ကုဋေငါးသောင်း၊ စိတ်ကုဋေတစ်သိန်း ချုပ်ပျောက်သည်
ဆိုသော ခဏိကမရဏ အသေမျိုးကို ဆင်ခြင်သုံးသပ်ဖို့ မဟုတ်ပါ။ များပြားပုံကို
သိဖို့ရန်သာ ဖြစ်ပါသည်။
                   တောဋိသတ၊ သဟဿသင်္ချာတိ ဣဒံန ဂဏန ဂဏန ပရစ္ဆေဒ ဒဿနံ   
                   ဗဟုဘာဝ ဒဿန မေ၀ံ ပနေတံ၊ ဒဋ္ဌဗ္ဗံ
မူလဋီကာ၌ ဖွင့်ပြထားခြင်းဖြစ်ပါသည်။
                   အချို့သော ပုဂိ္ဂုလ်ကြီးတွေကား ၀ိပဿနိအလုပ်ဆိုသည်မှာ စိတ်ကုဋေ
တစ်သိန်း ကုန်ဆုံးချုပ်ပျောက် အနိစ္စရောက်သွားပုံကို သုံးသပ်ဆင်ခြင်နိုင်မှ ဖြစ်မည်။
လွယ်သည်မဟုတ် ပြောဆိုတတ်ကြပါသည်။ ဤကိစ္စမျိုးကို ဖြေရှင်းရန် သံယုတ်
အဌကထာကြီးက ဆိုထားသည်မှာ-
                   ရူပါဓမ္မာနံ အာယုပရိမာဏံ သင်္ခါတဿခဏဿ ၀သေန သမ္မသနံ၊
                   ရူပါနာမ သဗ္ဗညု ဗုဒ္ဓါန မေ၀ ၀ိသယော န သာဝကာနံ။
                   ရူပါရူပဓမ္မာနံ၊ ရုပ်နာမ်တို့၏။ အာယုပရိမာဏံ၊ အသက်အတိုင်းအရှည်
သင်္ခါတဿ၊ ဥပါဒ်၊ ဌီဘင်အား၊ ခဏဿ ၀သေန၊ ခဏ၏ အစွမ်းဖြင့်။ သမ္မသနံနာမ၊
သုံးသပ်ဆင်ခြင်မှုသည်။ သဗ္ဗညုဗုဒ္ဓါနံ၊ အလုံးစုံသောတရားအပေါင်းကို သိတော်မူသော
ဘုရားရှင်တို့၏။ ၀ိသယောယေ၀၊ အရာသာလျှင်၊ သိရာဖြစ်ရာသည်။ သာဝကာနံ၊
သာဝကတို့၏။ ၀ိသယော၊ အရာမဟုတ်ဟု အလွန်ရှင်းလင်းပြတ်သားစွာ ဖွင့်ဆိုထား
ပါသည်။
                   ထို့ကြောင့် ယောဂီတို့အတွက် သန္တတိမရဏခေါ် အနိစ္စလက္ခဏာ ပရမတ္ထမရဏ ကိုသာ မြင်အောင်ထင်အောင် ရှုဖို့လိုကြောင်း မှတ်သားဖို့လိုပါသည်။
                   ဒုက္ခပရိညာဆိုသည်မှာကား ဒုက္ခသဘော၌ ဉာဏ်အမြင်ပိုင်နိုင်ခြင်းတည်း။
ဒုက္ခသည် (၁) ဝေဒယိတဒုက္ခ (၂) ဘယဋ္ဌဒုက္ခဟူ၍ နှစ်ပါးရှိ၏။ ဝေဒယိတဒုက္ခ
ဆိုသည်ကား၊ ကာယိကဒုက္ခ စေသိကဒုက္ခတို့ကို ဆိုသတည်း။
                   ဘယဋ္ဌဒုက္ခဆိုသည်ကား၊ ဘယဉာဏ်၊ အာဒိန၀ဉာဏ်တို့၏ အရာဖြစ်သော
ဒုက္ခမျိုးတို့ကို ဆိုသတည်း။ ဘယဉာဏ်၊ အာဒိန၀ဉာဏ်တို့၏ အရာဆိုသည်ကား ဇာတိ၊
ဒုက္ခ၊ ဇရာဒုက္ခ၊ မရဏဒုက္ခ၊ သင်္ခါရဒုက္ခ၊ ၀ိပရိဏာမဒုက္ခတို့ပေတည်း။ (၀ါ) အနိစ္စ၊
ဒုက္ခ၊ အနတ္တ ဟူသော ဒုက္ခသစ္စာဝိပဿနာတရားတို့သာတည်း။
                   အနတ္တ ဉာဏ်အမြင်ဆိုသည်ကား ပရမတ္ထသစ္စာမျိုးဖြစ်သော ရုပ်တရား
နာမ်တရားများသည် သမုတိသစ္စာမျိုးဖြစ်သော ပုဂိ္ဂုလ်၏ အတ္တမဟုတ် ဇီဝမဟုတ်
သတ္တ၀ါ၏ အတ္တမဟုတ် ဇီဝမဟုတ်၊ ပုဂိ္ဂုလ်သတ္တ၀ါသည်လည်း ရုပ်တရား နာမ်တရား
များ၏ အတ္တမဟုတ် ဇီဝမဟုတ်၊ ရုပ်တရား နာမ်တရားမှလည်းကောင်း၊ ပုဂိ္ဂုလ်သတ္တ၀ါမှ
လည်းကောင်း အလွတ်တသီးတခြားဖြစ်၍ ချုပ်သည်ပျောက်သည်ဟူ၍ မရှိဘဲ တစ်ဘ၀မှ
တစ်ဘ၀သို့ ကံပစ်ချရာ ပြောင်းသွား၍နေသော အတ္တဟူ၍လည်းမရှိ ဇီဝဟူ၍လည်းမရှိ
ဟုမြင်နိုင်သိနိုင်ဉာဏ်သည် အနတ္တဉာဏ်မည်၏။ ထိုအနတ္တဉာဏ် ပိုင်နိုင်ခြင်းသည်
အနတ္တ ပရိညာမည်၏။
                   လယ်တီဆရာတော်ဘုရားကြီးက ၎င်း၏ နိယာမဒီပနီတွင် ဝေါဟာရ နှစ်မျိုး
ဆိုသည်ကား သုတ္တန်ဝေါဟာရတစ်မျိုး။ အဘိဓမ္မာဝေါဟာရတစ်မျိုး။ ပုဂိ္ဂုလ် သတ္တ၀ါ၊
လူ နတ် ဗြဟ္မာ ယောက်ျား မိန်းမ ငါ သူတစ်ပါး အနှစ်သာရ အထည်ကိုယ် အစ
ရှိသော ဝေါဟာရမျိုးသည် သုတ္တန်ဝေါဟာရမည် သမ္မုတိသစ္စာ၏ ဆိုင်ရာပေတည်း။
နာမ်၊ ရုပ်၊ ဖဿ၊ ဝေဒနာ၊ ပထ၀ီ၊ တေဇော၊  အာပေါ၊ ၀ါယော အစရှိသော ဝေါဟာရ
မျိုးသည် အဘိဓမ္မာဝေါဟာရမျိုးမည်၏။ ပရမတ္ထသစ္စာဆိုင်ရာပေတည်း။
အနတ္တပေါက်သတ္တ၀ါသည် တစ်ဘ၀မှတစ်ဘ၀သို့ ပြောင်းရွှေ့နေပါသလော၊ မေးခဲ့သော်
မေးသောသူသည် ဉာဏ်ပညာနည်းသူဖြစ်အံ့။ သမ္မုတိသစ္စာမျိုးဖြင့် ဖြေဆိုရာ၏။
ဖြေပုံကား ပြောင်းရွှေ့ပါ၏။ ကုသိုလ်တရားကို အားထုတ်သောသူသည်၊ သေသည်မှ
နောက်၌ သုဂတိဘ၀သို့ရောက်ရသည်ဟူ၍ ဖြေဆိုရာ၏။ ဉာဏ်ပညာ
ထက်သန်သောသူဖြစ်ပါက အရာဌာနသို့လိုက်၍ သမ္မုတိသစ္စာနည်းမျိုးဖြင့်သော်
လည်းကောင်း ဖြေဆိုရာ၏။ ပရမတ္ထသစ္စာနည်းမျိုးနှင့်လည်းကောင်း ဖြေဆိုရာ၏။
ပရမတ္ထသစ္စာနည်းမျိုးနှင့် ဖြေပုံကား သတ္တ၀ါဟူ၍မရှိ၊ မရှိသောသတ္တ၀ါကို အရှိလုပ်၍
ပြောင်းရွှေ့သည် မပြောင်းရွှေ့သည်ဟု ပြောခွင့်မရှိ။ ရုပ်နာမ်တရား နှစ်ပါးသာရှိ၏။
ထိုနှစ်ပါးသည်လည်း ယခုမျက်မှောက် ဘ၀မှာပင် တစ်ဌာနမှ တစ်ဌာနသို့ ပြောင်းရွှေ့ခြင်း
မရှိကြ၊ ဖြစ်ရာဌာန၌ပင်လျှင်၊ ချုပ်ဆုံးကြ၏။ ဘယ်မှာဘ၀တစ်ပါးသို့ ပြောင်းရွှေ့နိုင်မည်
နည်း။ ဤဘ၀၌ ဖြစ်ပွားကြသော ကုသိုလ်ကံ အကုသိုလ်ကံကြောင့် စုတိ၏အခြား အခြားမဲ့၌
ဘ၀တစ်ပါးမှာ ရုပ်အသစ်နာမ်အသစ် ဖြစ်ပေါ်လာလေ၏။ ဤသို့ဖြစ်ပေါ်ရသည်ကိုပင် လောက
ဝေါဟာရအားဖြင့် သတ္တ၀ါသည် တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းသည်ဟုခေါ်ကြရ၏။
                      
တောင်လေးလုံးဆရာတော်နှင့်အနတ္တ
                  
ဤကိစ္စနှင့်ပတ်သက်၍ စတုဂီရိရှုဖွယ်ကျမ်းကြီးတွင် ပျံလွန်တော်မူပြီးသော နာမည်
ကျော် တောင်လေးလုံးဆရာတော်ဘုရားကြီး၏ သြ၀ါဒအကျဉ်းချုပ်မှာ အောက်ပါအတိုင်း
ဖြစ်ပါသည်။
                   သာသနာနေ၀န်းတောက်ပထွန်းစဉ်ကာလတွင် အနတ္တကိုမသိလိုက် မထင်လိုက်
မမြင်လိုက်ရချေသော် သာသနာနေမင်းဝင်၍ အမှောင်အတိဖြစ်သောအခါ ဆိုစရာမရှိပြီ။
                   သူကရ သူကရီ စသည်တို့ကဲ့သို့ ဘာသာဓလေ့အားဖြင့် အထီးအမ သိကာမျှ
သုနခ သုနခါစသည်တို့ကဲ့သို့ ၀မ်းဝရုံရှာစားတတ်ကာမျှ မနုဿတ္တ ဒုလ္လဘကိုရပြီဟု
ဝမ်းမြောက်ထိုက်သည် မဟုတ်ချေ။
                   တစ်နေ့သုံးကြိမ် ရွှေကျောင်းကြီးတစ်ရာ၊ ငွေကျောင်းကြီးတစ်ရာ၊ ဆောက်လုပ်လှူရသည်
ထက် အနိစ္စတရား ဒုက္ခတရား အနတ္တတရား ဤသုံးပါးအနက် တစ်ပါးပါးကို တစ်ခဏမျှ
ပညာဉာဏ်ဖြင့်ရှု၍ ပညာဉာဏ်ပြဋ္ဌာန်းသော ကုသိုလ်စိတ်ဖြင့် ငြီးငွေ့ရခြင်းသည်
အဆတစ်ရာမက အဆတစ်ထောင်မက် ကြီးမားလှသော ကုသိုလ်ဖြစ်သည်။
                   အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဆရာမပြ နည်းမရသောကြောင့် ပုဂိ္ဂုလ်သတ္တ၀ါ
ယောက်ျား၊ မိန်းမစသည်ဖြင့် မုချအမှန်ဟူ၍ အတ္တ၀ါဒ ဒိဋ္ဌိဖြစ်ခဲ့လျှင် ဗာလ အောက်
အလွန်နိမ့်ညံ့သော ဗာလုတ္တကဒိဋ္ဌိဖြစ်၏။ ဇာတ်ကလွဲသည် နွား၊ ကျွဲနှင့် အတူတူ
ပင်ဖြစ်၏။
                   ဤတရားကား အနိစ္စဖြစ်သည် ဤသို့သောအကြောင်းကြောင့် အနိစ္စဖြစ်သည်၊
ဤတရားကား ဒုက္ခဖြစ်သည်၊ ဤသို့သောအကြောင်းကြောင့် ဒုက္ခဖြစ်သည်၊ ဤတရားကား
အနတ္တဖြစ်သည်၊ ဤသို့သောအကြောင်းကြောင့် အနတ္တဖြစ်သည်ဟု ပညာစက္ခုဖြင့် အထပ်ထပ်
ရှု၍ မနှစ်သက် မစုံမက်ငြီးငွေ့စက်ဆုတ်ခြင်းသည် နိဗ္ဗန္ဒ ဉာဏ်မည်၏။    ။
                   ဤနိဗ္ဗန္ဒပညာပြဋ္ဌာန်းသော ကောင်းမှုသာလျှင် မဂ္ဂဖလအာသန္နတရ မဂ်ဖိုလ်နှင့်
နီးစပ်လှသောကြောင့် မဟာကုသိုလ်မည်၏။
                   နေ့တိုင်းနေ့တိုင်း ရွှေအတိပြီးသော စေတီရှစ်သောင်းလေးထောင် တည်ထား
သောကောင်းမှုပြုသည်ထက် အဆတစ်ရာ အဆတစ်ထောင်မက ကြီးမားမြတ်လှသော နိဗ္ဗန္ဒ
ဉာဏ် ပြဋ္ဌာန်းသောကောင်းမှုကို ၀မ်းမြောက်ဝမ်းသာ သူ့ထက်ငါအားထုတ်ကြသည်
ရှိသော် အစိန္တေယျ မြတ်စွာဘုရားအား နှစ်သက်မြတ်နိုးဖွယ်သော ဓမ္မပူဇာဖြင့် သူ့ထက်ငါ
ပူဇော်ရသည်လည်း မည်၏။ (ခန္ဓာငါးပါး၊ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရား၊
အသုဘတရားကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘဟု ထင်မှတ်ယူစွဲယူကျင့်သောလှူ လူပင်
စင်စစ် ဧကန်ဖြစ်သော်လည်း မဟာဗာလုမ္မတ္တကမိစ္ဆာဒိဌိ အစစ်ဖြစ်လေသည်။
                   အကြင်သူသည် လောကီစည်းစိမ်၊ လောကီချမ်းသာမှုကိုသာ တောင့်တ၍
လွန်ကဲစွာပင် ဒါနသီလကိုအားထုတ်၏။ လုံ့လပြု၏။ ထိုသူသည် ကိုယ့်ကိုကိုယ်ပင်
သံသရာဝဋ်ဒုက္ခ၌ ရောင်းစား ပေါင်နှံသောသူမည်၏။
                   လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံ သုံးပါးကို နှောင်အိမ်ကဲ့သို့ ပညာစက္ခုဖြင့် ရှုအပ်သည်
ဟူ၍ ဟောတော်မူအပ်သော ဒေသနာတော်ကို လွန်ဆန်ကျော်နင်း၍ ထိုထိုဘဝ
ဝဋ်ဒုက္ခကို ရလိုပါ၏ဟု တဏှာဖြင့်တောင့်တ၍ ရွှေကုန်ငွေကုန်ခံကာ မဟာဒါနကို
ပြုသောသူ၏ ရှုံးခြင်းထက် ရှုံးနိုင်မည့်သူကို တရားတော်၌  ရှာမရပြီဖြစ်သော
ကြောင့် ထိုဥမ္မတ္တတကို မဟာဗာလုမ္မတ္တကဟုခေါ်ဆိုထိုက်၏။
                   ပဉ္စက္ခန္ဓာ အနိစ္စာ၊ ပဉ္စက္ခန္ဓာဒုက္ခာ စသည်ဖြင့် တစ်ကြိမ်တစ်ခါမျှဤကဲ့သို့သော
ကုသိုလ်စိတ်ကို ဖြစ်စေရခြင်းသည်ပကတိ ရွှေစင်အတိပြီးသောကျောင်းကြီးမျိုး အဆောင်
ဆောင် ဆောက်လုပ်လှူရသော ကုသိုလ်လည်းမတူမမျှနိုင်၊ ရွှေတုံး ငွေတုံး၊ပတ္တမြားတုံး
ဖြင့်ပြီးသော စေတီကြီးကို တည်ထားပြုစုရသော ကောင်းမှုအကုသိုလ်စိတ်လည်း
မတူမမျှနိုင်၊ ပဒေသာပင်ကြီးကို မြေပြင်အပြည့်စိုက်၍ တစ်သက်ပတ်လုံး အလှူကြီး
ပေးရသော်လည်း၊ မတူမျှနိုင်။
                   အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သဘောမိမိ မသိမြင်နိုင်လျှင် မိစ္ဆာဒိဋ္ဌိ၊
                   အနိစ္စ၊ဒုက္ခ၊ အနတ္တကို သဘောမိမိသိမြင်နိုင်လျှင် သမ္မာဒိဋ္ဌိ။
                   အစိန္တေယျဘုရားရှင်သည် ပစ္စည်းအာမိသဖြင့် လှူဒါန်းပူဇော်ခြင်းကို
နှစ်သက်အားရတော်မမူ၊ ကောင်းချီးပေးတော်မမူ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊
နိဗ္ဗာန်နှင့် လျော်သောအကျင့်ကိုကျင့်၍ ထိုအကျင့်ဖြင့်ပူဇော်ခြင်းကိုသာ နှစ်သက်အားရ၀မ်း
မြောက်တော်မူသည်၊ ကောင်းချီးပေးတော်မူသည်။
                   သူဋ္ဌေး သူကြွယ်၊ မင်း၊ မိဘုရား၏အဖြစ်ကိုရလွယ်၏၊ ကလျာဏပုထုဇဉ်
အဖြစ်ကို ရခဲ၏။ နတ်သမီး၊ နတ်သား၊ သိကြား၊ ဗြဟ္မာကြီး အဖြစ်ကိုရလွယ်၏။
ကလျာဏ ပုထုဇဉ်အဖြစ်ကို အလွန်တရာ ရခဲ၏။ ပရမတ္ထဒေသနာတော်အားဖြင့် ဘုရား
ဟူသည်လည်း၊ သံဃာဟူသည်လည်းကောင်း တရားပင်ဖြစ်၏။
     သံသရာဝဋ်ဒုက္ခကိုပင် သုခချမ်းသာဟုထင်မှတ်၍ သံသရာ ၀ဋ်ဒုက္ခ၊
ဧကန်မှန်သော လူ့ဘုံ၊  နတ်ဘုံ၊  ဗြဟ္မာ့ဘုံသို့ရောက်လိုသောဆန္ဒဖြင့် ကြီးစွာသော
ကောင်းမှုကို ပြုပါများသော်လည်း မေထုန်အပြား ခုနစ်ပါးတွင် သတ္တမမေထုန် ဓမ္မကို
ပြုမှားပြစ်မှား၍ သံသရာ၌ ရှည်လျားစွာ ကမ္ဘာအဆက်ဆက် ယခုတိုင်တိုင် နစ်ကြကုန်၏။
                   အကုသိုလ်ကံ မဆိုလင့်ဦး၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေတစ်
ကြိမ်မျှကို နေစေတတ်သော ကောင်းမှုကုသိုလ်ကံကိုပင်တည်း၊ ရန်သူကဲ့သို့ကြောက်အပ်
သည်ဟု ဟောတော်မူပြီ။  ထို့ကြောင့် ပဋိသန္ဓေနေစေတတ်သော ပါပဓမ္မ၊ ကောင်းမှု
မကောင်းမှု နှစ်ခုစလုံးကိုပင် ရန်သူထက်လွန်ကဲစွာ ပညာဖြင့်ကြောက်အပ်၏။
                   ဧကန္တ မုချအားဖြင့် လူနတ်ဗြဟ္မာ သတ္တ၀ါဟူ၍ မရ၊ မရှိဘဲလျက် လူနတ်ဗြဟ္မာ
သတ္တ၀ါဟူ၍ ဧကန္တမုချ ရှိ၏ဟု၊ ရ၏ဟူသော အယူဝါဒကို အတ္တ၀ါဒ ဒိဋ္ဌိဟု
ခေါ်၏။ သက္ကာယဒိဋ္ဌိဟုလည်း ခေါ်၏။ အတ္တ၀ါဒဒိဋ္ဌိ (၀ါ) သက္ကာယဒိဋ္ဌိ သည်ကား
သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ အန္တရာယ်ကြီးဖြစ်၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို
မရအောင် တားတတ်ဆီးတတ်သော ဒိဋ္ဌိကြီးဖြစ်၏။
                   ဘုံသုံးပါးကို နှောင်အိမ်ကဲ့သို့ မှတ်စေခြင်းငှာ ဘယောဘဝေ အန္ဒုဃရံဝိယဒဋ္ဌဗ္ဗံ အစရှိသည်ဖြင့် ဟောတော်မူသည်ကို ပမာဏကျူးလွန်ကျော်နင်း၍၊ လူ့ဘုံနတ်ဘုံသို့
အကြိမ်ကြိမ် အခေါက်ခေါက် ရောက်မည့်အကြောင်း ဖြစ်သော ကောင်းမှုကိုပြုသော
ကျင့်သောသူ၊ လူ့ဘုံနတ်ဘုံသိုပ အကြိမ်ကြိမ် အခေါက်ခေါက် ရောက်မည့်အကြောင်း
ဖြစ်သော ကောင်းမှုကို ပြုကြကုန် ဆုတောင်းကြကုန်ဟု တိုက်တွန်းနှိုးဆော်ပြောဟော
ပြသကုန်သောသူတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ကျူးလွန်ကျော်နင်း၍ အတင်း
အရွဲ့တရားပြုသည် မည်၏။
                   စိတ်စေတသိက်ရုပ်ဟူသော အနိစ္စ ဒုက္ခ အနတ္တ ခန္ဓာ သံသရာကို ပုဂ္ဂလ
သတ္တ ဣတ္ထိ ပုရိသ ငါသူတစ်ပါးဟု စွဲမှတ်လျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိသည်
ဥမ္မတ္တက သဒီသံ သူရူးနှင့် အတူတူဖြစ်၏။ တစ်ကြိမ်တစ်ခါမျှပင် ထက်သန်လှစွာသော
စိတ်စေတနာဖြင့် ရူပံ အနိစ္စံ ရူပံအနိစ္စံ ဟူ၍လည်းကောင်း၊ ရူပံဒုက္ခံ ရူပံဒုက္ခံဟူ၍
လည်းကောင်း၊ ရူပံအနတ္တာ ရူပံအနတ္တာဟူ၍လည်းကောင်း ရှုမှတ်သောသူသည် ရွှေဖြင့်
ပြီးသော ကျောင်းကြီးတွေကို အကြိမ်ကြိမ်ဆောက်လုပ်၍ အလှူကြီးပေးရသည်
ထက်လည်း အဆဆ အဓိကဥတ္တမလွန်မြတ်၏။ ရွှေငွေပတ္တမြားတို့ဖြင့်ပြီးသော
စေတီတော်ကြီးတွေကို အဆူဆူတည်၍ အကြိမ်ကြိမ် မဟာဒါန ကောင်းမှုတော်ကြီးများကို
ပြုသည်ထက်လည်း အဆဆအဓိကဥတ္တမဖြစ်၍ သာလွန်မြတ်သေး၏။
                   မုချဣတ္ထိပုရိသ (ယောက်ျား မိန်းမ)ဟု ဆိုအပ်သော ရုပ်တရား၊ နာမ်တရား
ကို ဣတ္ထိပုရိသဟု စွဲယူခေါ်ဝေါ်မှတ်ထင် ပြောဆိုခြင်းသည် သာသနာ၌ မုချအရှုံး၊
မုချအမိုက်၊ မဟာဗာလမ္မတ္တကဖြစ်သည်။ သာသနာတော်၌ သည်ထက်တိုး၍ မိုက်နိုင်စရာ
မရှိတော့ပြီ။ အမိုက်ကုန်ပြီ။
                        
မန်လည်ဆရာတော်နှင့် အနတ္တ
                   မန်လည်ဆရာတော် ဘုရားကြီး၏ ဒိဋ္ဌိဝိသောဓန ၀ဇိရဂ္ဂဒီပနီမှ ကောက်နှုတ်ချက် အတိုချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
                   ရူပက္ခန္ဓော ဝေဒနာက္ခန္ဓာ စသည့် ဆိုတတ်မည်တတ် ရွတ်တတ်ရုံမျှဖြင့်လည်း
ရုပ်နာမ်ကို သိမ်းဆည်းတတ်သော နာမရူပ ပရိဂ္ဂဟဉာဏ်မဖြစ်။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊
ဟေတုပစ္စယော စသည်တို့ကို ရွတ်တတ် မြည်တတ် ဖတ်တတ်ရုံဖြင့်လည်း ပစ္စယပရိဂ္ဂဟ
ဓမ္မဌိတိဉာဏ်မဖြစ်၊ အနိစ္စ ဒုက္ခ အနတ္တဟူ၍ ဆိုတတ် မြည်တတ် ရွတ်တတ်
အံတတ်ရုံဖြင့်လည်း ၀ိပဿနာဉာဏ်မဖြစ်။
                   ရုပ်လက္ခဏာ နာမ်လက္ခဏာ တို့ကို နားလည်လိမ္မာလာအောင် ဆရာသမားထံ
သင်အံမှတ်သားခြင်းကိုပြုလျက် ထိုရုပ်နာမ်လက္ခဏာတို့ကို ပိုင်းခြားသိမ်းဆည်း၍
ကောင်းစွာသိနိုင်၊ မှတ်နိုင်ဆောင် ချဉ်း၍ ငါကောင်၊ သူကောင်၊ လူကောင်၊
နတ်ကောင်၊ အတ္တရှာမရဘဲ၊ သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိကွာ၍၊ ရုပ်သဘာဝကို
ရုပ်သဘာဝအတိုင်း၊ နာမ်သဘာဝကို နာမ်သဘာဝအတိုင်း၊ မြင်တတ်မှတ်တတ်။
နှလုံးသွင်းတတ်။ ဆင်ခြင်တတ်သည်ရှိသော် ယထာဘူတဉာဏ်ဖြစ်ပြီဟု သိရပါမည်။
                             အနိစ္စံခယဋ္ဌေန၊ ဒုက္ခံဘယဋ္ဌေန၊ အနတ္တာအသာရက ဋ္ဌေနာတိ။
                   ခယဋ္ဌေန၊ ကုန်ဆုံးတတ်သော အနက်သဘောကြောင့် အနိစ္စအမြဲမရှိမည်၏။
ဘယဋ္ဌေန၊ ကြောက်မတ်ဖွယ်ဟူသော အနက်သဘောကြောင့်၊ ဒုက္ခံ၊ ဆင်းရဲ၏။
အသာရကဋ္ဌေန၊ အတ္တတည်းဟူသော အနှစ်မရှိခြင်း  ဟူသော အနက်သဘောကြောင့်
အနတ္တံ ငါကောင် သူကောင် အထည်ကိုယ်ဒြပ်မဟုတ်၊ အနှစ်သာရမရှိ၊ အစိုးမရ၊
အတ္တနော သဘာဝံ၊  ဓါရေတိတိ ဓါတု သူ့သဘော သူဆောင်နေသည့် ဓါတ်သာဖြစ်၏။
                                     
ကြောင်ပန်းတောရဆရာတော်ဘုရားကြီးနှင့် အနတ္တ
                  
ယုတ်နိမ့်လှသော ဒုဂ္ဂတိဘုံဘ၀သား ခွေး၊ ၀က်၊  ကျွဲ၊ နွား၊ အပါယ်ဘုံသားတို့က
တောင့်တရှာကြသော လူကောင် နတ်ကောင်ဆုတို့ကို ယခုအခါ မြင့်မြတ်လှစွာသော
လူ့ရွာ သာသနာ၌ ကြုံကြိုက်ကြသော သူခပ်သိမ်းတို့က ဘ၀ဟောင်းကို တောင်းဖွယ်
မရှိလှဟု သိကြရမည်။
                   ရုပ်တို့တွင် ဥပါဒါရုပ် ၂၄-ပါးတို့ထက်၊ ပထ၀ီ တေဇော အာပေါ ၀ါယော
ဟူသော ဘူတရုပ် ၄-ပါးတို့သည်သာလျှင် လိုရင်းပဓာန ဖြစ်ပေသည်။
                   တကယ့် ပရမတ်ဆတ်ဆတ်ကို တကယ်ထိထိမိမိနှင့် တကယ်သိမြင်လျှင်၊
တကယ် ပြီးစီးပါ၏။ လိုရင်းကား ပရမတ်ဆတ်ဆတ်ဓါတ်ကို ပေါက်လျှင်၊ ၀ိသုဒ္ဓိခုနစ်ပါး၊
ဝိပဿနာတရားဟု တခမ်းတနား တခြားလုပ်ဖွယ်မရှိ၊ အကုန်လုံး ပြီးစီးပါ၏။
                   ဤရုပ်၏သဘာဝက ပြာကျအောင်စင်စစ်၊ တကယ်မြင်လျှင်အနာဂါမ်ပင်ဖြစ်နိုင်ပါ၏။
နာမက္ခန္ဓာ၊ နာမ်အရာက၊ ပြာကျမှသာ အရဟတ္တဖိုလ်ကို ရသည်ဟုဆိုပါ၏။ရုပ်ဓါတ်နာမ်ဓါတ်တို့ကို ပေါက်အောင် ရှုမြင်သောသမ္မာဒိဋ္ဌိမဂ္ဂင်သည်၊ပညာရှိတို့ သိမြင်ပုံတည်း။ ဤကဲ့သို့ စာပေကို ကြည့်၍သော်လည်းကောင်း၊ သူတစ်ပါးဟောပြောသောတရားကို နာကြား၍သော်လည်းကောင်း၊
မိမိစိတ်၌ ကောင်းစွာ သိမြင်လျှင် သောတာပန်ဟုသာ မှတ်ရပါမည်။
                   သတ္တောကာသ၊ သင်္ခါရအားဖြင့် လောကသုံးပါးတို့တွင် သ၀ိညာဏက၊ ရုပ်နာမ်
ဟူသမျှ ခပ်သိမ်းသော ဥပါဒ်ဘင်ဖြစ်ပျက်စဉ် သင်္ခါရတို့သည် ပရမတ္ထ သဘာဝဟူသောအကြောင်းကြောင့် အဆုံးလည်းမရ၊ အစလည်းမရှိ နိယာမအားဖြင့် မသုံးကောင်းမဆိတ်ကောင်းသော တည်ခြင်းရှိကုန်၏။
ဤအချက်က အရေးကြီးလှ၏။ ဤသာသနာဤအရာက လိုရင်းဖြစ်ကြ၏။
                   အကုသိုလ်ဆယ်ပါး၊ ပုညကြိယာဆယ်ပါး၊ မဟဂ္ဂုတ်ကိုးပါး၊ ဤနှစ်ဆယ့်ကိုးပါးသော
သာသနာပတရားတို့သည်၊ စကြာဝဠာအနန္တ၊ ကမ္ဘာအနန္တ သတ္တ၀ါတည်ထောင်စကပင်
လောကတံထွာ ဓမ္မတာတရား သတ္တ၀ါဖြစ်ပွားသော တရားဖြစ်၏။
                   နိဗ္ဗာနံပတ္တေတွာ ဟူသော အဋ္ဌကထာ၏သဘောကား နိဗ္ဗာန်ကို ရလိုပါ၏
ဘုရားဟု ပါးစပ်စကားဖြင့်ဆိုသည်မဟုတ်၊ ပရမတ်အနှစ်ဓါတ်အစစ်ကိုသိမှ၊ ရှိသမျှ
ရုပ်နာမ်စုကို၊ တစ်စုစီ ခွဲခြမ်း၍စွဲလမ်းသော ဒိဋ္ဌိဓါတ်ကို ပရမတ်ဉာဏ်ဖြင့်ရှုာသော်၊
ဗြဟ္မာနတ်လူမပိုင်၊ မဆီမဆိုင်အလေ့ပေါက်၊ သူ့အလျှောက်မစဲ၊ မမြဲသည့်ဓါတ်အစုကို
သိမ်မွေ့သော ၀ိပဿနာတရားသစ္စာလေးပါးကို ပိုင်းခြင်း၍ သိမြင်မှသာ နိဗ္ဗာန်ကို
တောင်းဆိုရာကျသည်။
                                     

ယောအတွင်းဝန် အမတ်ကြီးဦးဘိုးလှိုင်နှင့် အနတ္တ
                                               
(၀ိမုတ္တိရသကျမ်းမှ ထုတ်နှုတ်ချက်များ)
                   အလွန်သိမ်မွေ့နက်နဲရှုပ်ထွေးသော ပဋိစ္စသမုပ္ပါဒ်ဟူသော နာမ်ရုပ်အတွင်း၌
ကြံဆ၍မမြင်နိုင် မတွေ့နိုင်သော အသက်ဟူ၍ထင်မှတ်ကြသော အတ္တရှိ၏ဟု မိစ္ဆာဒိဋ္ဌိ
တို့က စွပ်စွဲ၍ထားသောကြောင့် စွပ်စွဲရာဖြစ်သော နာမ်ရုပ်အလုံးစုံ၏သဘောကို
တပ်တပ်ရာရာကောင်းမွန်စွာလျှင် ဤအတ္တရှိ-မရှိကို မသိနိုင်၊ စိတ်၌ အလွန်ရှုပ်ထွေး
သောကြောင့် ဤပဋိစ္စသမုပ္ပါဒ်ဟူသော နာမ်ရုပ်တို့ကို ဤသတ္တ၀ါအပေါင်းတို့သည်
အကြင်မျှလောက်မသိ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ စာဗူးတောင်းကဲ့သို့
ရှုပ်ထွေးသည်ဟူ၍ ညီတော်အာနန္ဒအား ဟောတော်မူပါသည်။
                   ထို့ကြောင့် အနတ္တာအရာ၊ မိစ္ဆာဒိဋ္ဌိတို့ကို မဆိုနှင့်ဦး၊ ငါတို့မြတ်စွာဘုရားကို
ကိုးကွယ်သည့်လူမျိုးပင်ဖြစ်သော်လည်း ဤပဋိစ္စသုမ္ပါဒ်ဟူသော နာမ်ရုပ်ကို အကျယ်
အားဖြင့် နေရာတကျ ကောင်းမွန်စွာမသိလျှင် ယုံယုံကြည်ကြည် သဘောမကျနိုင်။
                   ဤသို့ပဋိစ္စသမုပ္ပါဒ်ဟူသော နာမ်ရုပ်တရားတို့ကိုသိပြီးမှ အတ္တမရှိကြောင်းကို
သဘောကျကျ သိနိုင်ရန်ရှိသောကြောင့် ဤအနတ္တအရာသည် ပဋိစ္စသမုပ္ပါဒ်ကဲ့သို့
အများအားဖြင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ နက်နဲသိမ်မွေ့ခက်ခဲကြောင်းကိုလည်း
ကြုံကြိုက်ခဲလှစွာသော မြတ်ဘုရား သာသနာတော်အတွင်း၌ ကြုံကြိုက်ရသည့်အခါ၊
ဤအနတ္တကို ကောင်းမွန်စွာသိရအောင် နာမ်ရုပ်သဘောဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်
အစရှိသည့် ပရမတ်တရားတို့ကို အကျယ်အားဖြင့် သိမြင်ရအောင် အခြားအမှုကို
မရွက်ဆောင်၊ ပရမတ်တရားတို့ သိရအောင်ချည်းသက်သက် လုံ့လထုတ်သင့်ပေသည်။
                   သာသနာတွင်းမှာ ကြုံကြိုက်လိုက်လျက်နှင့်မှ၊ ဤအနတ္တအရာကို ကောင်းမွန်စွာ
မသိလိုက်ရလျှင် မည်သည့်အခါမျှ သိရတော့မည်မဟုတ်သောကြောင့်၊ သံသရာဝဋ်
ဆင်းရဲမှ မကျွတ်လွတ်တိုင်း  သံသရာသစ်ငုတ်ဖြစ်၍ ရှုံးခြင်းကြီးရှုံးလိမ့်မည်။
                   နာမ်ရုပ်ကိုသိပြီးသော ပုထုဇဉ်သည် ဤသင်္ခါရဟူသော ခန္ဓာငါးပါးတို့ကိုမြဲသည်ဟု
ထင်၍မတင့်၊ ချမ်းသာသည်ဟုထင်၍လည်းမတင့်၊ သို့သော်လည်း စွန့်ပစ်ရမည်၊လျစ်လျူရှု
ထားရမည်ကို မရက်စက်၊ အကောင်းရှိနိုးနိုး၊ မစင်ကို စွန့်ပစ်သကဲ့သို့ မပစ်၊မစွန့်ဝံ့သည်ဖြစ်၏။
                   အနှစ်သာရအတ္တမရှိဟုထင်သော မစင်အမှိုက်တို့ကိုမူကား ငဲ့ကွက်ခြင်းမရှိ
စွန့်ပစ်နိုင်သည်။ အနှစ်သာရအတ္တရှိ၏ ဟုထင်သော ဤခန္ဓာကိုယ်ကိုမူကား၊ စွန့်ပစ်ရမည်
မဆိုထားနှင့် စဉ်းငယ်မျှ အခြား တူနှုတ်ဖြင့်လည်းကောင်း လက်ဖြင့်လည်းကောင်း၊ ထိပါးမည်
ရှိလျှင် မခံမရပ်နိုင်၊ တရားကိုပင် ဖျက်ဆီးကျော်နင်းပြုကျင့်ခြင်း၊ ထိပါးမည်
ထင်သူတို့ကို တတ်နိုင်သမျှ နှိပ်စက်ခြင်းတို့ကို ပြုလေသည်။ လျစ်လျူမရှုနိုင်၊ ဤ
မိမိခန္ဓာနှင့်စပ်၍ မကောင်းဖြစ်မည်ကို မခံနိုင်ခြင်းအားကြီးလေ၏။ ဤခန္ဓာ၌ အနှစ်သာရ
အတ္တဟု စွဲလမ်းခြင်း ကြီးလေ၏ဟူ၍လည်း မှတ်ရမည်။
                   ကံဆိုလျှင်လည်း စေတနာကံတစ်ခုကိုသာ သိသူများလေသည်။ မဂ္ဂင်ရှစ်ပါး
ဗောဇ္ဈင် ခုနစ်ပါးတို့သည်လည်း ကံမည်ကြောင်းကို မသိကြလေ။
                   မဂ္ဂင်ရှစ်ပါးဟူသောကံသည် ကုသိုလ် အကုသိုလ်စိတ်တို့နှင့်ယှဉ်သော စေတနာစေတသိက်ဟူသော ကံကိုကုန်စေနိုင်၏။ အဘယ်ကြောင့်နည်းဟူမူကားမဂ္ဂင်ရှစ်ပါး၌ပါဝင်သော ၀ိပဿနာပညာ၊ မဂ်ဖိုလ်ပညာသည် ၀ိဇ္ဇာဖြစ်၏။ စေတနာကံကို ဖြစ်စေတတ်သော မောဟ
ဟူသော အ၀ိဇ္ဇာကို ဤပညာဟူသော ၀ိဇ္ဇာဖြင့်ဖျောက်နိုင်ဖျက်ဆီးနိုင်၏။စေတနာကံ၏အကြောင်း
ဖြစ်သော အ၀ိဇ္ဇာပျက်လျှင် အကျိုးစေတနာကံမဖြစ်နိုင်သောကြောင့်တည်း။ထို့ကြောင့် သံသရာဝဋ်
ဆင်းရဲမှ လွတ်မြောက်လိုသောသူသည် စေတနာဟူသော ကုသိုလ်အကုသိုလ်ကံကို အဆိပ်ကဲ့သို့၊
ဘေးရန်ကဲသို့။ စေတနာကံ၏အကျိုးကို သေမင်းနိုင်ငံကဲ့သို့ စွဲစွဲမြဲမြဲထင်မှတ်ပြီးလျှင် မဂ္ဂင်ရှစ်ပါး
ဟူသောကံကို အသက်ကဲ့သို့ အမြိုက်အရသာကဲ့သို့ မဂ္ဂင်ရှစ်ပါးကို ပွားများအောင်ပြုလုပ်ရာ၏။
                   ဗာလပုဂိ္ဂုလ်ကိုစွဲ၍ အ၀ိဇ္ဇာ၊ ပဏိ္တပုဂိ္ဂုလ်ကိုစွဲ၍ တဏှာတို့သည် သံသရာစက်၏
အမြစ်မူလဖြစ်သည်ကိုလည်း သိအပ်၏။

အင်္ဂလန်နိုင်ငံလန်ဒန်မြို့တော် ပါဠိအသင်းကြီး ဥက္ကဋ္ဌဟောင်း ကွယ်လွန်သူ
ပါဠိပါရဂူ မစ္စအိုင်-ဘီ-ဟောန္ဒားနှင့် အတ္တ-အနတ္တ
                  
ရွှေကြာပန်း ပုံနှိပ်တိုက်အတွက် အထူးရည်ရွယ်ပြီး ရေးခဲ့သော၊ ဒီဆောင်းပါး
ကို၊ သူတို့ရဲ့ခွင့်ပြုချက်နဲ့၊ ၁၉၅၂ နိုဝင်ဘာလထုတ် မဇ္ဈိမပဋိပဒါလမ်းစဉ် စာစောင်မှာ
ပထမဆုံး ထပ်မံပုံနှိပ်ဖေါ်ပြခဲ့ပါသည်။ အတ္တနဲ့ အနတ္တတို့နဲ့ပတ်သက်လို့ ဗုဒ္ဓရဲ့ဟော
ကြားချက်အပေါ် အဓိပ္ပါယ်လွဲမှား သဘောပေါက်နေကြမှုတွေရှိနေတဲ့အခုလိုအချိန်မျိုးမှာ ပါဠိကျမ်းဂန်တွေအပေါ် အင်္ဂလိမ်လူမျိုး သုတေသီကြီးရဲ့အမြင်တွေဟာ ကျွန်ုပ်တို့ရဲ့
ပရိတ်သတ် စာဖတ်သူတွေအတွက် ထောက်အကူဖြစ်စေပါလိမ့်မယ်။
                   ဗုဒ္ဓဘာသာဟာ အတ္တကိုဟောကြားတာမဟုတ်ဘူး၊ အနတ္တတရားကို ဟော
ကြားတာ ဆိုတာကိုတော့ လူအများက တွေးတတ်ပြောတတ်လာကြပါပြီ၊ ဟုတ်ပါတယ်၊ အဲဒီတရားမှာပဲ အဘိဓမ္မာအတွေးခေါ်တွေ စုနေပါတယ်။ အနှစ်သာရတည်နေပါတယ်၊
သို့ပေမယ့် ဗုဒ္ဓဘာသာရဲ့ ကနဦးပိုင်းက၊ ၀ိနည်းနဲ့ သုတ္တန်ပိဋကတ်တော်တွေမှာ၊ အနတ္တ
လို့ တိတိကျကျ မဆိုခဲ့ပါဘူး၊ အချို့သောအရာများဟာ အနတ္တ၊ ဒါကြောင့် ၎င်းတို့ကို
စွန့်လိုက်ပါ။ သင်ပိုင်သောအရာများမဟုတ်လို့သာ ဆိုခဲ့ပါတယ်။ (သံဟုတ္တနိကာယ်
၃၊ ၃၃-၃၄၊ မဇ္ဈိမ နိကာယ်၊ ၁၊ ၁၄၀-၁၄၁)
                   အဲဒါတွေဟာ ဘာတွေလဲ၊ ခန္ဓာငါးပါးဖြစ်ပါတယ်။ အာရုံခံစားမှုအစုအဝေးတွေ၊
ရုပ်အသွင်သဏ္ဍာန်တွေ၊ဝေဒနာတွေ၊သညာ၊သင်္ခါရ၊သိမှုတရားတွေပါပဲ၊အဲဒီတရားတွေအားလုံးဟာ
ဒုက္ခတွေပဲ၊ မတည်မြဲဘူး၊ အစဉ်ပြောင်းလဲနေတယ်လို့ ထပ်တလဲလဲဟောကြားခဲပါတယ်၊
ဒါကြောင့် အဲဒီတရားတွေဟာ အနတ္တ၊ အကယ်၍သာ အဲဒီတရားတွေဟာ အတ္တလို့ဆိုခဲ့ရင်၊
ရူပံ(စသည်ဖြင့်) (၀ိနည်းပိဋကတ်တော် ၁၊ ၁၃) သူတို့တွေအပေါ် အလိုကျစေခိုင်းနိုင်စေရမယ်။
                   ငါ့ခန္ဓာကိုယ်ဘယ်လိုဖြစ်ရမယ်၊  ဘယ်လိုမဖြစ်ရဘူး၊ စသည်ဖြင့်ပေါ့၊  သို့ပေမယ့်အတ္တ
မဟုတ်တဲ့အတွက်ကြောင့် ကိုယ့်အလိုကျ မပြောင်းလဲနိုင်ခဲ့ဘူး၊  မိမိကိုယ်ကို မိမိ လေ့ကျင့်ပျိုး
ထောင်ခြင်း၊ တရားဘာဝနာ ပွားများအားထုတ်ခြင်းဖြင့်သာ အဲဒီပြောင်းလဲမှုတွေအပေါ်
ကြံ့ကြံ့ခံနိုင်တဲ့ တည်ငြိမ်မှုကိုရလိမ့်မယ်၊ ကမ္ဘာလောကတွင်ရှိသော အဲဒီတရားတွေဟာ
မိမိတို့အာရုံငါးပါးကဆင့် ပေါ်ပေါက်တာဖြစ်တယ်၊။ အာရုံကိုဖြစ်ပေါ်စေတာ အတွင်း
ဓါတ်နှင့် အပြင်ဓါတ်တို့၏ အာရုံရိုက်ခတ်မှုဝေဒနာ တွေ၊ အာရုံသိမှုတွေမှန်သမျှဟာ
အနတ္တပါပဲ။
                   လူ့ခန္ဓာတွေအနေနဲ့ အတ္တလို့ထင်နေတာမှန်သမျှဟာ တကယ်တော့ အတ္တ
မဟုတ် အနတ္တသာဖြစ်တယ်၊ ဒီမှားယွင်းတဲ့အတ္တစွဲကို ဖြတ်နိုင်ဖို့ရာ ကမ္ဘာကြီးမှာ
မြဲတာဆိုလို့ ဘာမှမရှိဘူးလို့ မြင်တတ်ရမယ်။ (သုံယုတ္တနိကာယ်- ၁၁၁) ဘာကြောင့်လဲ
ဆိုတော့ ကမ္ဘာလောကဆိုတာ အာရုံခံစားမှုတွေရဲ့ အစုအဝေးသာဖြစ်တယ်လို့ပဲ။ (သုံယုတ္တ
နိကာယ် ၄၊ ၉၅) မတည်မြဲဘူး၊ အိုမင်းခြင်းနဲ့ဖေါက်ပြန်ခြင်းတို့ဖြစ်နေတယ်။ (ဓမ္မပဒ
၁၅၁) ဒီကမ္ဘာလေးကဆိုတဲ့ မှားယွင်းတဲ့အမြင်တွေကြောင့် မိမိကိုယ်ကိုလည်း မှားယွင်းတဲ့
အမြင်ပေါ်လာတော့တယ်။ မိမိကိုယ်ကိုယ်ရှိတယ်လို့ထင်တဲ့ သက္ကာယဒိဋ္ဌိအစွဲအလမ်းအပေါ်
ရှေ့မှာဖေါ်ပြခဲ့သလိုပါ၊ မိမိ ကိုယ်ကို အမှန်မြင်ရမှာက ဒါဟာငါ့ခန္ဓာကိုယ်မဟုတ်၊
ငါဆိုတာမဟုတ်၊ ငါဆိုတာမရှိ။
                                      ကမ္ဘာလောကကြီးမှာ အနှစ်သာရယ်လို့ဘာမှမရှိ။
                             အားလုံးဟာ ဖေါက်ပြန်ပြောင်းလဲနေတယ်၊
                             ငါ့အတွက် မှီိုရာတွယ်ရာလိုချင်ပါဘိ။
                             သို့ပေမယ့် မှီရာတွယ်ကပ်ရာ မမြင်ရပါတကား။ 
                                                                                                          (သုတ္တနိပါတ်-၉၂၇)
                   အနှစ်မဲ့တဲ့ဒီကမ္ဘာလောကထဲက၊ မှီတွယ်မဲ့နေတဲ့ အတ္တဆိုတဲ့အစွဲအလမ်းကို
ပယ်ကြရပါမယ်၊ ငါ ငါ့ဥစ္စာ၊ ငါလုတ်တာ၊ သူလုပ်တာဆိုတဲ့ အစွဲအလမ်းတွေကို
စွန့်ပယ်ရမယ်၊ (အဂ္ဂင်္ုတ္တရနိကယ် ၁၊ ထို ၂-၂၁၆၊ သုတ္တာန်နိပါတ် ၃-၈၃၊ မဇ္ဈိမနိကာယ်
၁-၁၃၉စသည့်) အနတ္တကို အတ္တလို့မြင်တာ (အနတ္တနိကအတ္တ) ဟာဆင်ခြင်ဉာဏ်
မရှိသူတွေရဲ့ မှားယွင်းတဲ့အမြင်ပါပဲ၊ ဇာတိမရဏ သံသရာလည်မယ့် လမ်းစဉ်ပဲ၊
(အင်္ဂုတ္တရနိကာယ် ၂-၅၂)။ အပေါ်ယံအမြင်ကိုဖယ်ရှားပြီး အတ္တကိုစွန့်ပစ်ရမယ်။
                   အနတ္တဆိုတာ အတ္တမဟုတ် (သံယုတ္တနိကာယ်-၃-၄၅၊ ၄-၂) ဆိုတဲ့ဟော
ကြားချက်ဟာ ၀ိနည်းတော်ထဲမှာ ဖေါ်ပြခဲ့သလိုပဲ ခိုင်မာပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ
ရဲ့ကနဦးပိုင်းမှာ အတ္တနဲ့ အနတ္တတရားများကို တိတိလင်းလင်း ဖွင့်ဆိုထားပါတယ်။
ထို့အပြင် ငါဆိုတာရှိသလား၊ ငါဆိုတာမရှိဘူးလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့
ရှိတယ်မရှိဘူးစသည်ဖြင့် ဖြေကြားဖို့ရန်မှာ လူ့ကျင့်ဝတ်၊ အသိဉာဏ်၊ မူလဘူတဆိုင်ရာ
ဒဿနအမြင်တွေနဲ့ ဆက်နွယ်ပြီး အခက်အခဲအများကြီးရှိပါတယ်။ ၀စ္ဆဂေါတ္တပရဗိုဇ်က
ဗုဒ္ဓရှင်တော်ကို (သံယုတ္တနိကာယ် ၄-၄၀၀-၄၀၁) ငါဆိုတာရှိပါသလားလို့ မေးမြန်း
လျှောက်ထားတဲ့အခါ ဗုဒ္ဓကတိတ်ဆိတ်နေခဲ့ပါတယ်၊ ငါမဟုတ်ဆိုတာကောရှိပါသလား
လို့ ပရဗိုဇ်က ဆက်မေးတော့ ဗုဒ္ဓကတိတ်ဆိတ်နေပြန်တော့။ ပရဗိုဇ်လည်းထွက်သွားခွာသွား
တယ်လို့ဆိုပါတယ်။ အဲဒီအခါမှာ ညီတော်အာနန္ဒာက ဘုရားရှင်ကို ဘာကြောင့်
အဖြေမပေးတာလဲလို့ လျှောက်ထားပါတယ်။ အဲဒီအခါမှာ ဗုဒ္ဓက ငါဆိုတာရှိတယ်လို့
ဖြေလိုက်ရင် နိစ္စ၀ါဒီ အဆက်သမားဖြစ်သွားမယ်၊ ငါဆိုတာမရှိလို့ဖြေပြန်ရင်လည်း
ပျက်သုန်းမှုဝါဒီ အပြတ်သမားတွေဘက်ကို ရောက်သွားလိမ့်မယ်၊ တစ်ဖန်ငါဆိုတာ ရှိတယ်
ဖြေပြန်ရင်လည်း အရာရာဟာ အနတ္တဆိုတဲ့တရားနဲ့မညီ ဖြစ်ပြန်လိမ့်မယ်။ (အမြိုက်နိဗ္ဗာန်
အပါအ၀င် အရာရာဟာ အနတ္တလို့ဆိုလိုပါတယ်။ ဓမ္မပဒ ၂၇၉)။ အကယ်၍
ငါဆိုတာမရှိလို့ ဖြေပြန်ရင်လည်း (ဤနေရာတွင် အနတ္တမဟုတ်၊ နတ္ထိအတ္တ) ပရဗိုဇ်ဟာ
နဂိုကမှ အသိအမြင် ရှုပ်ထွေးနေတာ ပိုပြီးရှုပ်သွားရှာမယ်၊ ဟိုတုန်းကတောင် ငါဆိုတာ
မရှိရင် ခုလည်းငါမရှိလို့ သူထင်သွားတော့မယ်။ ဒီအကြောင်းအရာဟာ ဘယ်လောက်
ရှုပ်ထွေးနက်နဲတယ်ဆိုတာ ဒီဖြစ်ရပ်ကပြပါတယ်၊ ဒီပြဿနာရဲ့အဖြေကိုရနိုင်ဖို့ ပြည့်ပြည့်
စုံစုံ ရှည်ရှည်ဝေးဝေး ဟောကြားရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။
                   ကျွန်ုပ်ယခုဆောင်ရွက်ရန် ရည်ရွယ်ထားသည်မှာ ကောက်နှုတ်ချက်အသီးသီးကို
တင်ပြရန်ဖြစ်ပါတယ်၊ အချို့အပုဒ်များကို သတိမမူမိကြသည်များရှိပါသည်။ အနတ္တ
တရား၏ ဆန့်ကျင်ဘက်သဘောကို ဆောင်နေပါသည်။ ၀ိနည်းနှင့် နိကာယ်များလာ
အတ္တဟူသော စကားလုံးနှင့် ပတ်သက်သည့်အနက်အဓိပ္ပါယ်အချို့ကို ဤနည်းဖြင့် တင်ပြနိုင်
မည်ထင်ပါသည်။ ဤစကားရပ်အပေါ် ကျွန်ုပ်တို့ ယခုအဓိပ္ပါယ်ကောက်ပုံနှင့် ယခင်က
အဓိပ္ပါယ်ကောက်ယူအသုံးပြုပုံတို့ မတူညီကြပါ။ မည်သည့်အတ္တဖြင့် ဗြဟ္မာဘုံသို့
မရောက်နိုင်သနည်းလို့ သူတို့မေးခွန်းထုတ်ကြခြင်းက (သုတ္တနိပါတ် ၅၀၈)
အတ္တဟူသော ဝေါဟာရကို ““သင်”” ““မိမိ”” ဟူသော နာမ်စားတစ်မျိုး အဖြစ်
သော်လည်းကောင်း၊ အခြားနည်းဖြင့် သုံးလျှင်သော်လည်းကောင်း သုံးရိုးသုံးစဉ်
အမှန်တရားအဖြစ်သာသုံးပြီး ဒဿနအမြင်အရ အမှန်တရားအဖြစ် သုံးစွဲခြင်းမဟုတ်ပေ၊
တည်မြဲမှုမရှိခြင်း၊ အစနှင့် အဆုံးတို့ရှိနေခြင်းကြောင့် အောက်တွင်ကောက်နှုတ်ချက်
များကို စုဆောင်းတင်ပြလိုက်ပါတယ်၊ အပိုဒ်တိုင်းသည် အတ္တကို မဆိုလိုပါ။
၁။       အကြင်သူသည် မိမိကိုမိမိမနှိပ်စက်၊ သူတစ်ပါးကိုလည်း မနှိပ်စက်၊ မိမိအတ္တစိတ်
          အတွင်း၌လည်းရပ်မနေက၊ သူသည်ဗြဟ္မာ (ဗြဟ္မာဘုတိန) အတ္တန၀ိဟာရတိဖြစ်လာ
          ပါမည်။ (အင်္ဂုတ္တရနိကာယ် ၂-၂၀၆။ မဇ္ဈိမနိကာယ် ၁၃၄၉ စသည်။) ဗြဟ္မာဘူတကို
          တထာဂတနှင့် ယှဉ်သုံးစွဲသည်ကို သတိပြုပါ။ (ဒီဃနိကာယ် ၃-၃၄။မဇ္ဈိမနိကာယ်၁၁၁၁။
          အင်္ဂုတ္တရနိကာယ် ၅-၂၂၆-၂၅၆။ သုတ္တနိပါတ် ၅၆၁ စသည့်။) သူသည်ဓမ္မလည်းဖြစ်၏။
          ငါ့ကိုမြင်သူသည် ဓမ္မကိုမြင်၏ (ဣတိဝုတ္တပါဠိစာ ၉၁။ သံယုတ္တနိကာယ် ၃-၁၂၀)
          ဗြဟ္မာနှင့် ဓမ္မကို အဓိပ္ပါယ်တူစကားလုံးများအဖြစ် ရံခါအသုံးပြု သလို ဗြဟ္မာစာရင်၊
          ဓမ္မစာရင်၊ ဗြဟ္မစက္က၊ ဓမ္မစက္က၊ ဗြဟ္မယာန ဓမ္မယာန စသည်နှင့် တထာဂတ
          တို့သည်လည်း ဓမ္မကာယ ဗြဟ္မကာယ၊ ဓမ္မဘူတ၊ ဗြဟ္မဘူတတို့ဖြစ်၏။(ဒီဃနိကာယ် ၃၈၄)
          အကယ်၍အတ္တသည် ဗြဟ္မနှင့် နီးစပ်လျှင် ၎င်းသည် ဓမ္မနှင့် တထာဂတဖြစ်ခဲ့လျှင်
          အတ္တလည်းဖြစ်မည်။ ဥဒါန(စာ၃၄၀) တွင်တထာဂတကို အနတ္တဖြင့် ရှင်းလင်းပြထား၏။
          မဇ္ဈိမကထာ(၂-၁၁၇၊ ၃-၁၄၁)တွင် သတ္တဖြင့်ရှင်းထား၏။ အမှန်တရားဟုဆို၏။
၂။ ထို့အတူလောဘ၊ဒေါသနှင့်မောဟကင်းသူသည်၊မြင့်မြတ်သူဗြဟ္မာဖြစ်လာပြီးအမှန်တရားကို
          တွေ့ရှိသူ၊အိပ်ယာမှနိုးလာသူဖြစ်ပြီ။(ဘ၀ိအတ္တဗြဟ္မ့ဘူတတထာဂတဗုဒ္ဓ)(ဣတိဝုတ္တကစာ၅၇)
၃။       ယခင်က အတ္တသာလျှင် နေထိုင်ရာကျွန်းဒီပါ၊ အတ္တသာလျှင် မှီခိုရာဗိမာန်၊
          ဖြစ်ခဲ့ရာမှ၊ ဓမ္မသာလျှင်နေထိုင်ရာကျွန်းဒီပါ၊ ဓမ္မသာလျှင်မှီခိုရာဗိမာန်၊ ဓမ္မမှလွဲ၍ အခြား
          မရှိပြီ။ (ဒီဃနိကာယ် ၂-၁၀၀စသည်။)
၎။       ဤကား မြတ်သောသူတို့၏လမ်းစဉ်တည်း။ (အတိ မဂ္ဂေါ မ အတ္တဟိ)ဣတိဝုတ္တကစာ၂၈၊၂၉။ (အင်္ဂုတ္တရနိကာယ် ၂-၂၆)
၅။       အချို့သောသူတို့သည် (တရားကျင့်ကြံအားထုတ်မှုဖြင့်) ခန္ဓာကိုယ် အကျင့်
          စရိုက်၊ အတွေးအခေါ်၊ အသိဉာဏ်အမြင်ဖွံဖြိုးမှုမရှိချေ။ သူသည် ကျဉ်းမြောင်းသေးသိမ်သော ဘ၀တွင်နေရမည်။သို့သော် အကြင်သူသည် ကောင်းသောအားထုတ်မှုဖြင့်မြင့်မြတ်ဖွံ့ဖြိုးလာခဲ့လျှင်အတိုင်းအဆမရှိသော ဘ၀သို့ရောက်လာလိမ့်မည်။ (အင်္ဂုတ္တရနိကာယ် ၁-၂၄၉)
၆။       လုလင်တို့၊ သင်တို့သည် မိန်းမတစ်ယောက်ကို ရှာမည်လော့၊ မိမိကိုယ်မိမိ
          ရှာမည်လော့၊ ဘာအကောင်းဆုံးလဲ၊ (အတ္တာနံ ဂဝေသေယျာထ ၀ိနည်း ပိဋကတ်တော် ၁-၂၃)
၇။       မိမိကိုယ်မိမိ မှီခိုအားထားရာ ဖြစ်စေပြီး၊ ခေါင်းမီးတောက်နေရင်းဖြင့် အပြောင်း
       အလဲမရှိသော တရားကို ရှာလော့။ (သံယုတ္တနိကာယ် ၃-၁၄၃)
၈။       ငါ၏ မှီခိုအားထားရာသည်ငါ့အတွင်းမှာရှိ၏။ပရိနိဗ္ဗာန်စံတော်မူခါနီးဂေါတမ
          ဟောသွားသောတရားဟုဆို၏။  (ဒီဃနိကာယ် ၂-၁၂၀)
၉။       မိမိသာလျှင် မိမိ၏အရှင်သခင်၊ မှီခိုရာဖြစ်၏။ မြင်းကောင်းတစ်စီးကို
          ထိန်းသလို မိမိကိုယ်ကို ထိန်းသိမ်းပါ။ (ဓမ္မပဒ-၃၈၀)
၁၀။     မိမိသာလျှင် မိမိ၏ အရှင်သခင်၊ အခြား ဘယ်အရှင်သခင်မျှ မရှိပြီ။ မိမိကိုယ်ကို
          ကောင်းစွာစောင့်ထိန်းနိုင်လျှင် အရှင်သခင်ကောင်း တစ်ယောက်လှလေပြီ။(ဓမ္မပဒ-၁၆၉)
၁၁။     ကိုယ်စိတ်နှလုံးသုံးပါးကို ကောင်းစွာစောင့်ထိန်းနိုင်သူသည် မိမိဘ၀ လုံခြုံပြီ။
          (ရက္ခိတောအတ္တ) (သံယုတ္တကာယ် ၁၇၃)
၁၂။     တည်ငြိမ်ပြီး တွေဝေမှုကင်းသူကို ““လူ့လောက””၏ အညစ်ကြေးများ မကပ်ငြိနိုင်၊
          အပြစ်ကင်းစင်၏။ (သုတ္တနိပါတ်-၉၁၃)
၁၃။    အတ္တဆိုတာသင်ပဲ။ အမှားနဲ့အမှန်ကို ခွဲခြားသိပါ။
၁၄။    ကမ္ဘာအနှံ့ စိတ်နဲ့ရှာလိုက်တဲ့အခါ၊ မိမိကိုယ်ထက်ပိုချစ်သူမရှိ။ အခြားသူများလည်း ဒီအတိုင်းပဲ            ချစ်ကြရာ၊ မိမိကိုယ်မိမိ ချစ်သူဟာ အခြားသူများ ကိုလည်းအန္တရာယ်မပြုရာ။
          (သုတ္တနိပါတ်   ၁-၇၃။ ဥဒါန)
၁၅။     မိမိကိုယ်ကိုမိမိ ချစ်ရင်၊ မိမိကိုယ်ကိုမိမိ မြင့်မြတ်ချင်ရင် စစ်မှန်သော ဓမ္မတရားကို
          ဆည်းကပ်ပါ။ (အင်္ဂုတ္တရနိကာယ် ၂-၂၁။ သံယုတ္တနိကာယ် ၁-၁၄၀)
၁၆။    ငါဟာ ယဇ်ပုလ်္လင်မှာ မီးပူဇော်ဖို့လည်း ထင်းမပုံဘူး။ ငါ့ရဲ့အတွင်းမှာလည်း မီးတောက်
          တစ်ခုကို အစဉ်မွှေးထားတယ်၊ ငါ့ရဲ့မီးဟာ အမြဲတောက်လောင်နေတယ်။ ငါ့ကိုငါ
         ထိန်းကျောင်းတယ်။ ငါ့ကိုယ်ငါသန့်စင်စေတယ်၊ ဗြဟ္မဏ ကျင့်စဉ်ကိုကျင့်တယ်၊ အသင် ဗြဟ္မဏ၊ လောင်စာပုံဟာ အသင့်အဖို့တော့ ဂုဏ်ယူစရာ။ ယဇ်ပလ်္လင်မီးတွေက ဒေါသတွေ မီးခိုးထွက်နေတယ်။ သင့်မုသားတွေကတော့ ပြာတွေနဲ့တူတယ်၊ လျှာကတော့ . . ဇွန်းလို။ အသည်းနှလုံးယဇ်ပုလ်္လင်။ မီးတောက်ဆိုတာကတော့ မိမိကိုယ်ကို မိမိ
          ကောင်းစွာ ထိန်းသိမ်းခြင်းပဲ။ (သံယုတ်နိကာယ်ပ -၁၆၉)
၁၇။    ““ရဟန်းတို့၊ အတ္တဆိုတာ ရှိခဲ့ရင်၊ အဲဒီအတ္တကို ငါပိုင်ဆိုင်တယ်လို့ ဆိုနိုင် မလား။””
         ““မှန်ပါအရှင်ဘုရား””
         ““ရဟန်းတို့၊  အကယ်၍ ငါဆိုတာရယ်၊  ငါပိုင်တယ် ဆိုတာရယ် တကယ်ရှိတယ်။ သို့ပေမယ့်              နားမလည်နိုင်ဘူး””၊ (သတ္တော မတော အနု ပလဗ်္ဘမာနော)
          ““ဒီဟာ ကမ္ဘာလောက၊ဒါဟာငါပဲသေလွန်ပြီးနောက်ငါဟာထာဝရရှိနေမယ်၊အပြောင်းအလဲမရှိဘူး၊                တည်မြဲနေမယ်”” ဆိုတဲ့ အယူအဆ မဟုတ်ခဲ့ရင်၊  အဲ့ဒီ အယူအဆဟာ လုံးဝဥဿုံ မိုက်မဲရာ             မကျဘူးလား။ ရဟန်းများက မှန်ကန်ကြောင်း လျှောက်ထားကြပါသည်။
          (မဇ္ဈိမနိကာယ် ၁-၁၄၈)။ ဤအယူအဆကို အခြားဂိုဏ်း တစ်ဂိုဏ်းက
          လက်ခံထားပါသည်။ သို့သော် အရိယာသူတော်စင် ဂိုဏ်းဝင်များအနေဖြင့်မူ။ ကမ္ဘာ၊
          ခန္ဓာကိုယ်၊ ဝေဒနာ၊ အာရုံခံစားမှု၊ ဖြစ်ပေါ်မှုနဲ့၊ အသိစိတ်ဆိုတာ မှန်သမျှတွေဟာ
          မတည်မြဲဘူး၊ ဒုက္ခတွေ၊ ပြောင်းလဲခြင်း သဘောရှိတယ်၊ ဒါကြောင့် ငါပိုင်တာမရှိဘူး၊
          ငါဆိုတာလဲ မရှိဘူး၊ ငါဆိုတာလဲ ငါမဟုတ်ဘူး။
                   ကျွန်ုပ်တင်ပြခဲ့တာတွေနဲ့ပတ်သက်လို့ အများကြီးရေးခဲ့ကြပါတယ်။ သို့ပေမယ့်၊
အပိုဒ်(၁) မှာပဲ အဓိပ္ပါယ်အမျိုးမျိုး ခွဲထွက်သွားပုံတွေ ဆက်နွယ်ပုံတွေကို ဖေါ်ပြထားပါတယ်၊
တင်ပြထားတဲ့ ကောက်နှုတ်ချက်တွေကို သူတို့ချည်းသက်သက် ခွဲပြီးနားလည်လို့မရဘူး၊
ဝိနည်းတော်တွေ နိကာယ်တွေပါ၊ အခြားအချက်အလက်တွေနဲ့ တွဲကြည့်ဖို့ လိုပါတယ်၊
ချဲ့ထွင် သုံးသပ်ဖို့လိုပါတယ်၊ ပါဠိကျမ်းဂန်တွေမှာ ပါရှိတဲ့ ဗြဟ္မာဆိုတဲ့ အယူအဆကို
မျက်စိလျှမ်းကြပြီး၊ ဗြဟ္မဏစရိယာဆိုတာကို အကြိမ်ကြိမ် အဖန်ဖန် တွေ့ကြရပေမယ့်
(ဗြဟ္မာ၏ ကျင့်စဉ်) ဖြူစင်သောအကျင့်ရှိသူမှာ အတ္တဆိုတာပါနေတယ်။ ဤအချက်နှစ်
ရပ်လုံးဟာ ဥပနိသျှကျမ်းတွေထဲမှာလည်း အလွန့်ကို အရေးပါတယ်။ ပါဠိကျမ်းဂန်တွေနဲ့
ချိန်ထိုးမကြည့်ဘဲနဲ့တော်တော်အရေးကြီးလှပါတယ်။
                   ဒီအယူအဆတွေကိုတင်ပြရတာအပြစ်တင်ခံရဖို့ အန္တရာယ်ရှိကြောင်း ကျွန်ုပ်
သိပါတယ်၊ ဥပနိသျှကျမ်းတွေထဲက၊ ဗြဟ္မဏနဲ့ အတ္တမာန်(    ) တို့နဲ့ အဓိပ္ပါယ်ချင်း
မတူပါဘူးလို့ ပြောခဲ့ရင်တောင် အန္တရာယ်ရှိတုန်းပါပဲ၊ သို့သော် ဒီဝေါဟာရတွေဟာ ပါဠိ
ကျမ်းဂန်တွေမှာ မကြာခဏတွေ့နေရပြီး အရေးပါတဲ့ အပုဒ်တွေလည်း ဖြစ်နေတော့ သူတို့ရဲ့
ဖေါ်ပြချက်တွေကို ဥပေက္ခာ မပြုထိုက်ပါဘူး။
     ဉာဏပုဏ္ဍိက။  အဘိဓမ္မာတရားတော်၊ မဟာဗောဓိဂျာနယ်။
                     တွဲ ၅၉ အမှတ် ၂၊ နိုဝင်ဘာလ ၁၉၅၁။
                     တွဲ အမှတ် ၂၂၊ စာ ၆၆-၆၉ ။    သြဂုတ် ၁၉၇၀။
                                           အလယ်အလတ်လမ်းစဉ်။
++++++++++++

အနုမြူနှင့် အနတ္တ
                  
၁၉၅၉ခု၊ ဇန်န၀ါရီလ၊ မန္တလေးမြို့၊ မြန်မာနိုင်ငံ၊ ဗုဒ္ဓဘာသာအသင်းမှ အင်္ဂလိပ်
ဘာသာဖြင့် ထုတ်ဝေသော ဗုဒ္ဓရောင်ခြည် လစဉ်မဂ္ဂဇင်းတွင် ဥပသကာ ၀ူရှူးခေါ်
သိပ္ပပညာရှင်ကြီး လူယန်းရှင်း၏ ““အနုမြူနှင့် အနတ္တ”” ခေါ်ဆောင်းပါးသည် အထူးပင်
မှတ်သားဖွယ်ကောင်းသောကြောင့် အောက်တွင်တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံ မြန်မာ
ဘာသာသို့ ပြန်ဆိုကာ တင်ပြလိုက်ပါသည်။
                   ““ယခုခေတ်တွင် သိပ္ပပညာသည် ကမ္ဘာ့ယဉ်ကျေးမှုကို ရှေ့တန်းမှ ဦးဆောင်ဖန်တီးပေးနေ၏ဟု ဆိုသည်ကို လူတိုင်းလက်ခံရပါမည်၊ မကြာသေးသော နှစ်အနည်းငယ်
အတွင်းမှစ၍ နျူကလီယား အနုမြူဓါတ်စွမ်းအင်ဖေါက်လွှတ်နိုင်ခြင်းသည် လူသားတို့
အတွက် အနုမြူခေတ်ခေါ် ခေတ်သစ်တစ်ခေတ် ထူထောင်လိုက်ခြင်းပင် ဖြစ်ပါသည်။
သို့သော် ၀မ်းနည်းစရာဖြစ်ရသည့် အချက်သည်ကား ယင်းအနုမြူ ခေတ်သစ်ကြီး ရောက်
လာသည့်အကြောင်း အနုမြူဗုံးဆိုသည့် လူသတ်လက်နှက်ဆိုးကြီးကို ဖေါက်ခွဲ၍ ကြေညာ
လိုက်ခြင်းပင် ဖြစ်ပါသည်။ လူသားတို့ကလည်း ““ငါတို့သည်ကား လူ့ယဉ်ကျေးမှုအားလုံး
ပြုတ်ပြုတ်ပြုန်းမည့် အနုမြူခေတ်ကြီးသို့ ရောက်လာပြီတကား””ဟု တွေးတောပူပန်လာတော့၏။
““လူတွေတော့ အမှားလမ်း လိုက်ကုန်ကြပြီ။ ဤသေမင်းအနုမြူကို စွန့်လွှတ်ပြီး၊ ရှေးခေတ်ဟောင်း
ဘိုးဘွားဘီဘင်များကဲ့သို့ ရိုးသား၍ အေးချမ်းသာယာသော ဘ၀ကိုရလျှင် ကောင်းမှာပဲ””
ဟူ၍လည်း ညည်းတွားလာကြ၏။ ရာဇ၀င်သမိုင်းဆိုသည်မှာ နောက်ကြောင်းပြန်သည်
မရှိ၊ ရှေ့သို့သာ တက်ရိုးရှိ၏။ အမေရိကန် သိပ္ပဆရာကြီး မစ္စတာအာသားအိပ်ခ်ျ
ကွန်ပတိန်သည်  ၎င်း၏ ““ကမ္ဘာတစ်ခုသာ””( One World or None) ဆိုသည့် စာစောင်တွင်
ရေးသားထားသည့်အတိုင်း မည်သည့် လူ့အဖွဲ့အစည်းမှ အနုမြူခေတ်ကို မတားဆီးနိုင်။
မပိတ်ပင်နိုင်ပါ။ ထို့ကြောင့် လူသားတို့အတွက် အကောင်းဆုံးသောနည်းမှာ ၎င်းတို့
ရပ်တည်နေရသည့် အခြေအနေမှာ အလွန်ဆိုးရွားသည်ကို သတိကောင်းစွာရှိပြီး၊ ထိုအဆိုး
အတွင်းမှ အကောင်းဆုံးကို ထုတ်ယူနိုင်ဖို့ရန် ၎င်းတို့၏ အတွေးအခေါ် အနေအထိုင်
အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်ပေးရမည်ဖြစ်ပါသည်။ အမှန်အားဖြင့်
ဆိုရသော် အနုမြူဗုံးအား အပြစ်ဆိုဖွယ်ရာမရှိ လူကိုသာ အပြစ်ဆိုစရာရှိ၏။ နောက်
တစ်နည်းအားဖြင့် အနုမြူ၏အတွင်းသဘာဝမှ ဖေါ်ထုတ်ပေးသော အမှန်တရားသည်
သိပ္ပပညာ လောကပေါ်တွင်သာမက၊ ဘာသာရေးဆိုင်ရာ အတတ်ပညာအပါအ၀င်
အခြားသော စိတ္တဗေဒ ဒဿနိကဗေဒ အစရှိသည့် ဗေဒပညာရပ်များအပေါ်တွင်လည်း
ကြီးမားသော သြဇာတိက္ကမ အာဏာတန်ခိုး သက်ရောက်ပါသည်။ ယခု ပြောလိုသည့်
အချက်သည်ကား ကမ္ဘာ့သိပ္ပပညာရှင်ကြီးများ ယနေ့ အသစ်အဆန်း တွေ့ရှိထားသည်
ဆိုသည့်အကြောင်းအရာအဖြစ်အပျက်များ၊ အတွေးအခေါ်အယူအဆများ၊ အတွေ့
အကြုံများသည် လွန်ခဲ့သည့် နှစ်ပေါင်း (၂၅၀၀) ကျော်က သကျမုနိဗုဒ္ဓ ဘုရားရှင်
ထုတ်ဖေါ် ဟောကြားတော်မူခဲ့သည့် ယထာဘူတ အမှန်တရား၏ အခြေခံ သဘောထား
ဒေသနာအချို့တို့နှင့် တူညီနေသည်ကို နှိုင်းယှဉ်ပြရန်ပင် ဖြစ်ပါသည်။
                   ၁၈၀၈ ခုနှစ်တွင်၊ ဂျွန်ဒါလတန်ဆိုသူသည် အက်တမ်ခေါ် အနုမြူဓါတ်
အကြောင်းကို စတင်ထုတ်ဖေါ်ခဲ့ပါသည်။ သူ၏အဆိုအရ ဓါတ်သဘာဝတစ်ခုတွင်
သီးခြားမမြင်နိုင်၊ မခွဲစိတ်နိုင်သည့် အက်တမ်ခေါ် အနုမြူများပါရှိသည်ဟု သိရပါသည်။
အနုမြူဓါတ်များတွင် ဘိလယက်ဘော၌ရှိသော ပစ္စည်းပစ္စယများကဲ့သို့သော
အထည်ကိုယ် ပစ္စည်းများရှိသည်ဟု သူထင်မြင်ယူဆပါသည်။ အဆိုပါ ရာစုနှစ်
နောက်ပိုင်းတွင် နာမည်ကျော် သိပ္ပပညာရှင်ကြီးများဖြစ်သော မိုက်ကယ်ဖရဒေး၊
ဂျိမ်းမက်ဆွဲ၊ လောဒ်တဲလ်ပင် အစရှိသည်တို့သည် လျှပ်စစ်သိပ္ပပညာ တိုးတက်
ထွန်းကားလာစေရန် စတင်ဆောင်ရွက်ကြလေသည်။ အက်တမ်ခေါ်အနုမြူဓါတ်သည်
တစ်စိတ်တဒေသအားဖြင့် လျှပ်စစ်ဓါတ်သဘာဝပင်ဖြစ်သည် ဆိုသည်ကိုလည်း
၎င်းတို့ထုတ်ဖေါ်ပြောဆိုကြပါသည်။ ၁၉၁၃- ခုနှစ်တွင် နယ်သာလင်နိုင်ငံ ကိုပင်
တစ်ဝှမ်းတွင် နေကိုပတ်လည်ဝိုင်းကာ ရွေ့လျားနေသော ဂြိုဟ်နက္ခတ်များကဲ့သို့
နျူကလီးယားခေါ် သေးငယ်၍ လေးလံသော အနုမြုအလယ်ဗဟိုရ်ချက်မ၀တ်ဆံ၏
ဘေးပတ်လည်တွင်လည်း အလက်ထရွန်ခေါ် ပရမာအနုမြူဓါတ်မများရွေ့လျားသွားလာ
နေကြောင်း ထုတ်ဖေါ်တင်ပြပါသည်။ ယင်းအလက်ထရွန်ခေါ် ပရမာအနုမြူဓါတ်မများ၏ ဘေးပတ်ပတ်လည်တွင်လည်း သံလိုက်ဓါတ်အားလှိုင်းများရှိပါသည်။ အဆိုအားဖြင့်
ယင်းသံလိုက်လှိုင်းများ တန်ခိုးအားနိသင်သည်အတိုင်းမသိ ကျယ်ပျံ့ပါသည်။
ဖရဒေးဆိုသူ သိပ္ပပညာရှင်ကြီးက အက်တမ်ခေါ်အနုမြူဓါတ်သည်ကား မိမိ၏
အမြီးရှည်ဖြင့် ခတ်မိရာဟူသမျှကို ဖမ်းယူလေ့ရှိသောကိုယ်သေးအမြီးရှည် ဓူဝံကြယ်ငါးနှင့်တူ၏
ဟု အဆိုရှိပါသည်။ ဆိုလိုသည်မှာဤရုပ်လောက စကြာဝဠာအတွင်းရှိ သမ်္ပယုတ်တရား အားလုံးတို့သည်(၀ါ) သတ္တလောက၊သင်္ခါရလောက၊ သြကာသလောကဟု ဗုဒ္ဓအဘိဓမ္မာအရ ခေါ်ဝေါ်သမုတ် ထားသည့်အနုမြူအပါအ၀င် ရုပ်အစုအဝေး နာမ်အစုအဝေး အားလုံးတို့သည်
တစ်ခုနှင့် တစ်ခုအညမညသတ္တိဖြင့် ကျေးဇူးပြုနေကြပါသည်။ တစ်ခုနှင့်တစ်ခုခွဲခွာ၍မရကြပါ။
                   ဤယေဘူယျ သဘောထား ယူဆချက်သည် ဒဿနိကဗေဒနှင့် ပတ်သက်၍
အလွန်လေးနက်သည့် အဓိပ္ပါယ်သက်ရောက်ပါသည်။ အရာဝတ္ထုဟူသမျှသည်
တစ်ခုချင်းထည်းထည်း တည်ရှိသည်မဟုတ်၊ တစ်ခုချင်းထည်းထည်း တည်ရှိသည်ဟု ထင်
ရခြင်းမှာ စိတ်လှည့်စားခြင်း ကြောင့်သာဖြစ်ပါသည်။ ဤစကြာဝဠာလောကကြီးသည်
ကျိုးကြောင်းဆက်ကာ မရပ်မနား တရစပ် လှုပ်ရှားနေသည့် ဖြစ်ပျက်အစဉ်ကြီးတရပ်သာ
ဖြစ်ပါသည်။ ဤယူဆချက်သဘောတရားသည် ဗုဒ္ဓ၏(သဗ္ဗေသင်္ခါရာ အနိစ္စ) နှင့် ဝေါဟာရ
အရသာကွဲလွဲ၍ တရားကိုယ် အရသာ ကွဲလွဲမှုမရှိပါ။ အတူတူပင်ဖြစ်၏။ အနုမြူ
ဓါတ်ကို ဖေါက်ခွဲ၍ မလွှတ်မချင်း လူသားတို့သည် (၉၄)ပါးသော ဓါတ်သဘာဝ
တို့ရှိကြောင်းကို အနည်းငယ်မျှ ယုံကြည်ကြ၏။ ယင်း(၉၄) ပါးသော ဓါတ်တို့
တွင်ပါရှိသည့် အက်တမ်ခေါ် အနုမြူဓါတ် ရောင်ခြည်မှုန့်တို့သည် ဖေါက်ခွဲဖျက်စီး၍
မရဟု အဆိုရှိကြ၏။ သို့ပါသော်လည်း ၁၉၀၅- ခုနှစ်သို့ရောက်လာသောအခါ
အယ်ဘာတ်အိန်စတိန်းဆိုသူ သိပ္ပပညာရှင်ကြီးက ရုပ်ဒြပ်ထု စွမ်းအင်တို့ ပြောင်းလွဲ၍
ရသည်ဆိုကာ ညီမျှခြင်း လက္ခဏာနှင့် ဆက်၍ ပြထားသည့်ကိန်းသောတစ်ခုကို
တင်ပြလိုက်ပါသည်။
E  =              mC2
E  =             စွမ်းအင်
         C  =            အလင်း၏စွမ်းအင် 
m  =         ဒြပ်ထု
                   ဤညီမျှခြင်းများအရ၊ ရုပ်ဒြပ်ထုကလေးတစ်ခုကို စွမ်းအင်အဖြစ်သို့ ပြောင်းလွဲလိုက် လျှင်အလွန်အားကြီးမားသော စွမ်းအင်ဖြစ်သွားသည်ဟု သိရပါသည်။ နယူးမက်ဆီကို၊ ဟီရိုရှီးမား၊ နာဂစကီးနှင့် ပစ္စဖိတ်အတွင်းရှိ ဘီကီနီအတိုးစသည်တို့တွင် ဖေါက်ခွဲလိုက်
သော အနုမြူဗုံးများအရ၊ ယင်းညီမျှခြင်း ကိန်းသောနည်းသည်မှန်သည်ဟု သိရပါသည်။
ထို့ကြောင့် ရုပ်ဝတ္ထု(သို့မဟုတ်) အက်တမ်ခေါ် ရုပ်သဘာဝအနုမြူဓါတ်သည် အလွန်
ကြီးမားသောအားနှင့် ပြည့်စုံသည့် စွမ်းအင်ဖြစ်သည်ဟု သိရပါသည်။
                   အနုမြူဗုံးတစ်လုံးကို ဖေါက်ခွဲရာ၌ အောက်ပါအတိုင်း အကျိုးအာနိသင်ဖြစ်ပေါ်
နိုင်ပါသည်။
=       U -235 + Neutron  =         X: Y: N (neutron)
U       =  ယူရိနီယံ
I        =   အိုင်အိုဒင်း
Y       =   ၀ိုင်ထရီယံ
N       =   နံပါတ်
                                                           
                   ဤနည်းအားဖြင့်၊ ယူရိနီယံအက်တမ်ခေါ်အနုမြူဓါတ်သည် အိုင်အိုဒင်း
အက်တမ် (သို့မဟုတ်) ၀ိုင်ထရီယံအက်တမ် အနုမြူဓါတ်သို့ ပေါက်ကွဲ၍ ပြောင်းလဲသွား
နိုင်ပါသည်။
                   အစကနဦး၌ မဖေါက်ခွဲမဖေါက်နိုင်ဟုဆိုသော အက်တမ်ခေါ် အနုမြူဓါတ်သည်
နောက်ဆုံး၌ ဖေါက်ခွဲစိတ်ဖြာနိုင်သည်မှာ ထင်ရှားလာ၏။ သို့သော်လည်း သာမန်
ဓါတုဗေဒနည်းကို ကျင့်သုံးရာတွင် အက်တမ်ခေါ် အနုမြူဓါတ်နှင့်ပတ်သက်၍
ထုံးတမ်းစဉ်လာအတိုင်း လိုက်နာရပါမည်။ ဥပမာအားဖြင့် ပြရလျှင် အက်တမ်
အနုမြူဓါတ်အားသည် အမှန်အားဖြင့် (၀ါ) ပရမတ္ထအားဖြင့် အက်တမ်ခေါ် အနုမြူဓါတ်
အားမဟုတ်၊ အက်တမ်လို့ခေါ်သည်မှာ သိလွယ်စေရန် ပညတ်အားဖြင့် ခေါ်ဝေါ်သမုတ်
ခြင်းသာဖြစ်ပါသည်။ ဤနေရာတွင် သိပ္ပပညာနှင့် ဗုဒ္ဓအဘိဓမ္မာတို့ အထူးအံ့သြလောက
အောင် တူနေသည့်အချက်ကား ၀ဇီယာသုတ္တန်ဒေသနာကို ဖတ်ကြည့်လျှင် အောက်ပါအတိုင်း
တွေ့ရှိမည် ဖြစ်ပါသည်။
                   ““တထာဂတ (ဘုရားရှင်) သည်စကြာဝဠာများဟု  မိန့်ဆိုတော်မူရာ၌ အမှန်
တကယ်စကြာဝဠာများဟု ပရမတ်အားဖြင့် မရည်ရွယ်။ သိလွယ်စေရန် သမုတိသစ္စာ
ဝေါဟာရအားဖြင့် မိန့်တော်မူခြင်းဖြစ်၏””။
                                                         
နာမ်ပိုင်းဆိုင်ရာအစွမ်းသတ္တိ
                  
ယခုတင်ပြလိုသည်မှာ သိပ္ပပညာရှင်များ အနည်းငယ်သာ အာရုံပြုသော
နာမ်ပိုင်းဆိုင်ရာ စိတ်၏ အစွမ်းသတ္တိများအကြောင်း ဖြစ်ပါသည်။ ယင်းစိတ်၏
ဆောင်ရွက်ချက်များသည် (၀ါ) စိတ်လှုပ်ရှားမှုများသည် ရုပ်သဘာဝတွေထက်ပို၍
ခက်ခဲနက်နဲ သိမ်မွေ့သော်လည်း သက်ရှိသတ္တ၀ါတိုင်းတွင် အသုံးပြုရန်ဝတ္ထုပစ္စည်း
ကိရိယာများ လုံလုံလောက်လောက်ရှိပါသည်။ မိမိကိုယ်ကိုမိမိ ကြည့်ရှုဆင်ခြင်၍
လိုသလိုလုပ်ကိုင်တတ်ဖို့သာ လိုပါသည်။ နာမ်ပိုင်း (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ
ဣနြေ္ဒခေါ် အစွမ်းသတ္တိများနှင့် ပတ်သတ်၍ သိစိတ်ဝိဉာဏ်အတွင်းနှင့် အပြင်ဟူ၍
နှစ်မျိုးနှစ်စား သတ်မှတ်နိုင်ပါသည်။ စိတ္တဗေဒပညာရှင် အမျိုးမျိုးတို့သည် ဒုတိယအမျိုး
အစားဖြစ်သည့် စွမ်းအားသတ္တိများကို အမည်အမျိုးမျိုး၊ အဓိပ္ပါယ်အမျိုးမျိုးပေးကြ
ပါသည်။ အချို့က ဘ၀င်စိတ်ဟု ခေါ်ကြပါသည်။ အချို့က မသိစိတ်ဟု ခေါ်ကြပါသည်။
ဘ၀င်စိတ် (သို့မဟုတ်) မသိစိတ်သည် ကျွန်ုပ်တို့ သညာမှတ်သားမှုနှင့် သိစိတ်တို့မှအပ
ဖြစ်သည်ဟု အဆိုပြုချက်ကိုတော့ သူတို့အားလုံးလိုလို သဘောတူ လက်ခံကြပါသည်။
ယင်းဘ၀င်စိတ်ခေါ် မသိစိတ်ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်နည်းအားဖြင့်
အမည်နာမအမျိုးမျိုးပေးထားပါသည်။ ဥပမာ (၁) ရှေးရိုးစဉ်လာအားဖြင့် လက်ခံလာ
ခဲ့သည့် ဆန္ဒဇော(တဏှာ) (၂) ကနဦးအစသဘာဝ (၃) ဇောအဟုန် (၄) အရှိန်အဟုန်
(၅) တွန်းအား (၆) ပင်ကိုယ်ဉာဏ် အစရှိသည်တို့ဖြစ်ပါသည်။ အမှန်အားဖြင့် ဤစိတ္တ
ဗေဒဘာသာရပ်တွင် သိပ္ပပညာသည် သူငယ်တန်းလောက်သာ ရှိပါသေးသည်။
                   ဤအနုမြူခေတ် လူအများစုတို့သည် ယင်းဘ၀င်စိတ်ခေါ် မသိစိတ်အကြောင်း
နှင့် ပတ်သတ်၍ ဇဝေဇ၀ါလောက်သာ သိကြသော်လည်း ဗုဒ္ဓကျမ်းဂန်များတွင် ထပ်
တလဲလဲ ရှင်းလင်းဖေါ်ပြထားသည်ကို တွေ့ရကြောင်း။ ယင်းကျမ်းဂန်များတွင် စိတ်
အကြောင်းကို စာဖွဲ့၍ ဝေဖန်သုံးသပ်ထားသည်သာမက ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ
ကာယဉာဏ လေ့ကျင့်ရေးနည်းများကိုလည်း ပြထားပါသည်။ ယင်းတို့ကို စနစ်တကျ
လေ့လာဆည်းပူး လေ့ကျင့်ခြင်းဖြင့် မိမိတို့အတွင်းသဏ္ဍာန်ရှိ တဏှာ လေဘဇောများကို
ချုပ်တည်းဖြတ်တောက်၍ အမှန်တရားကို အမှန်အတိုင်း သိမြင်သည့် ယထာဘူတ
ဉာဏ် အလင်းရောင်ရလျှင် သက္ကာယဒိဋ္ဌိခေါ် ငါစွဲအတ္တပျောက်၍၊ အနတ္တရောက်လာမည်
ဖြစ်ပါကြောင်း။
                                 
ဓမ္မလက္ခဏဂိုဏ်း အဘိဓမ္မာ
                  
ဤနေရာတွင် ဗုဒ္ဓအဘိဓမ္မာနှင့် စိတ်လေ့ကျင့်ရေးအကြောင်းကို အကျယ်တ၀င့်
တင်ပြ၍မဖြစ်ပါ။ ““စိတ်သာလျှင်ရှိ၏ (၀ါ) သညာသာလျှင်ရှိ၏။”” ဟုဆိုသော
ဓမ္မလက္ခဏဂိုဏ်း၏ အဘိဓမ္မာကိုတော့ အကျဉ်းအားဖြင့် တင်ပြလိုပါသည်။ ယင်းဂိုဏ်း
၏ အဘိဓမ္မာအရ၊ ဤစကြာဝဠာကြီးကို ဣနြေ္ဒအားဖြင့် (သို့မဟုတ်) စိတ်ဝိဉာဏ်အားဖြင့်
ရှစ်ပိုင်း ပိုင်းထားပါသည်။ ပဌမငါးပိုင်းမှာ၊ စက္ခုဝိညာဉ်ခေါ် မြင်သိစိတ် သောတ
ဝိဉာဉ်ကြားသိစိတ်၊ ဃာန၀ိဉာဉ် နံသိစိတ်၊ ဇိဝှာဝိညာဉ် လျက်သိစိတ်၊ ကာယ၀ိဉာဉ်
ထိသိစိတ် စသည်တို့ဖြစ်ပါသည်။ နံပါတ်ခြောက်ဖြစ်သည့် မနောဝိဉာဉ်စိတ်သည်ကား
နာမ် (သို့မဟုတ်) စိတ်ဝိညာဉ်ပိုင်းဆိုင်ရာအားလုံးနှင့် သက်ဆိုင်သောကြောင့် အလှုပ်
အရှားရဆုံး ဖြစ်ပါသည်။ နံပါတ်ခုနစ်သည်ကား အတ္တခေါ် ငါစွဲပင်ဖြစ်ပါသည်။
နံပါတ်ရှစ်သည် အားလုံးထက်ပို၍ အရေးအကြီးဆုံးဖြစ်ပါသည်။ ၎င်းကို အာလယ၀ိညာဏ်ဟု
ခေါ်ပါသည်။ အတိတ်က ကံအမှုတွေ အတွေ့အကြုံတွေ၏ စွမ်းအင်နှင့် အလေ့အထ
အကျင့်စရိုက်အားလုံးသည် အဆိုပါအာလယအတွင်းတွင် ကိန်းအောင်းသည်ဟု
ဆိုပါသည်။ လူတစ်ယောက်သည် သတိနှင့်နိုးကြားနေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်
ဖြစ်စေ၊ သေနေသည်ဖြစ်စေ၊ ၎င်း၏ နံပါတ်ခုနစ်နှင့် ရှစ်တို့သည် စိတ်ဝိဉာဏ်ခေါ်
နာမ်ပိုင်းဆိုင်ရာလုပ်ငန်းတွင် ဗဟိုမဏ္ဍိုင်အဖြစ် အမြဲမပြတ် တရစပ်လည်ပတ်
ဆောင်ရွက်နေရပါသည်။ အထက်ကဖေါ်ပြထားသည့် (၁) မှ (၆) ကို အိဒြေ်္ဒခေါ် စိတ်ဝိညာဏ်
အစွမ်းသတ္တိများအားလုံး ရပ်ဆိုင်းသွားသောအခါ နံပါတ်(၇) ဖြစ်သည့် အတ္တစွဲခေါ်ငါစွဲသည်
အလွန်အားကောင်းလာပါသည်။ အက်တမ်ခေါ် အနုမြူဓါတ်၏ နျူးကလီယား စွမ်းအင်
နှင့် အလားတူပါသည်။ ယင်းကဲ့သို့ အလွန်အားကောင်းနေသော အတ္တငါစွဲဥပါဒါန်သည်
အသွင်အမျိုးမျိုးဖြင့် (၀ါ) ဘ၀နိကန္တိ ဘ၀ကိုတပ်မက်သည့် အစွဲဘ၀တဏှာ၊ မာန၊
ဒိဋ္ဌိအစရှိသည့် ပပဉ္စဓမ္မပုံစံအသွင်အမျိုးမျိုးတို့ကို ဖြစ်ပေါ်စေပါသည်။ အမှန်အားဖြင့်
ဆိုရသော် ယင်းအတ္တစွဲဥပါဒါန်သက္ကာယဒိဋ္ဌိဟူသော အနုသယကိလေသာကြောင့်
ယထာဘူတကျသော စိတ်စေတသိက်တို့သည် အယောနိသော မနသိကာရ မဖြောင့်မှန်
သော ဆင်ခြင်တုံတရားတွေ ဖြစ်ပေါ်ကာ ပရမတ္ထအားဖြင့် ထင်ရှားမရှိသည့် ငါ
သူတစ်ပါး ယောက်ျား မိန်းမသတ္တ၀ါ အရာဝတ္ထု အစရှိသည့်  အတ္တ၀ါဒုပါဒါန်
အစွဲအလမ်းဖြင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသည့် အနိစ္စ မမြဲသောတရား၊ အနတ္တ
အစိုးမရ၊ အကောင်အထည်၊ သတ္တ၀ါ ငါသူမဟုတ်သော တရားတို့ကို မှောင်ချထား၏။
ဝိညာဏ်ခေါ် သိစိတ်၏ လှုပ်ရှားမှုအားလုံးလိုလိုပင် အတ္တငါစွဲ သက္ကာယဒိဋ္ဌိကြောင့်
ဖြစ်ပေါ်ရ၍၊ သရုပ်အားဖြင့် ပြောရလျှင်၊ ဘ၀င်စိတ္တပ္ပါဒ်ခေါ် မသိစိတ်သည်
နျူကလီးယားအနုမြူ ဗဟိုချက်မနှင့် အလားတူပါသည်။ အတ္တငါစွဲဥပါဒါန်သည်ကား
အားပေးစက်နှင့် တူပါသည်။ အခြားသော စိတ္တုပ္ပါဒ်တို့သည် နျူးကလီးယား အနုမြူ
အီလက်ထရွန်ခေါ် ပရမာအနုမြူ လျှပ်စစ်ဓါတ်မကဲ့သို့ ယင်းဘ၀င်စိတ်ခေါ်
မသိစိတ်၏ ဘေးပတ်ပတ်လည် လမ်းကြောင်းတွင် သွားလာလှုပ်ရှား
နေကြပါသည်။ အတ်တမ်ခေါ် အနုမြူလမ်းကြောင်းတစ်လျောက် လှုပ်ရှားနေသော
အီလက်ထရွန် ပရမာအနုမြူ လျှပ်စစ်ဓါတ်မများသည် ဓါတုဗေဒပစ္စည်းပစ္စယ
များကို စီရင်ပေးသကဲ့သို့ စေတနာ၊ ဇော၊ အသိညာဏ် အစရှိသည့် နာမ်ပိုင်းဆိုင်ရာ
စိတ္တုပ္ပါဒ်များသည်လည်း၊ သတ္တ၀ါ၏ ခန္ဓာအာယတနဓါတ်နှင့်တကွ ၎င်း၏ အကျင့်
စာရိတ္တ စသည်တို့ကိုပါ စီရင်ပေးပါသည်။ လူပုဂိ္ဂုလ်တစ်ဦး၏ အသိဉာဏ်နှင့် ပတ်သတ်
၍၊ ထိုလူ၏ ဆင်ခြင်တုံတရား အသိအလိမ္မာ၊ ဉာဏ်ပညာ အစရှိသည်တို့နှင့် ၎င်း၏
ကိုယ်တွေ့ သင်ခန်းစာများကို အသုံးပြုကာ၊ အလက်ထရွန်အနုမြူ လျှပ်စစ်ဓါတ်မသည်
လျှပ်စစ်ဓါတ်လိုင်းများကို လွှတ်ပေးသကဲ့သို့ လူသည်အတွေးအခေါ် အကြံအစည်၊
စိတ်ကူးများကို တစ်ဦးမှတစ်ဦးသို့ ပို့ဆောင်ဖလှယ်ခြင်း၊ ဆက်သွယ်နှီးနှောခြင်း၊ စသည်
တို့ကို ပြုပါသည်။ လူအသိဉာဏ်၏ ထူးခြားချက်မှာ ၎င်းကိုအတ္တငါစွဲဥပါဒါန်က
မလွှမ်းမိုးနိုင်ပါ။ အသိဉာဏ်ကို အတ္တသည် မလွှမ်းမိုးနိုင်သည်သာမက၊ ဆင်ခြင်တုံ
တရားနှင့် စနစ်တကျ သုံးသပ်ဝေဖန်ခြင်းအားဖြင့် အသိဉာဏ်သည် အတ္တ၏
ဆန့်ကျင်ဘက် န-အတ္တခေါ် အနတ္တဆိုသည့် အမှန်တရားကို အမှန်အတိုင်း အလိုလို
ထိုးဖေါက်၍ သိမြင်နိုင်ပါသည်။
                   ဤသည်မှာ အတ္တငါစွဲ ဥပါဒါန်သမုဒယတဏှာ၊ (၀ါ) တစ်နည်းအားဖြင့်
သရုပ်ဆောင်ရလျှင် စိတ်ဝိဉာဏ် အက်တမ်ခေါ် အနုမြူစွမ်းအင်မက ပြင်းထန်သော
ဝိဉာဏဓါတ်၏ ငါစွဲကို ပယ်သတ်ရန် နူးညံ့သိမ်မွေ့သည့် နည်းပင်ဖြစ်ပါသည်။ နောက်ဆုံး
ပေါ် သိပ္ပပညာ၏ အစွမ်းအာနိသင်ကို ဝေဖန်ရင်း ၀ီလျှံဂျိမ်းဆိုသူသိပ္ပနှင့် ဒဿနိကဗေဒ
ပညာရှင်ကြီးတစ်ဦးက သိစိတ်တစ်ခုသည် အမှန်အားဖြင့် ဆောင်ရွက်မှု (၀ါ) ပြုလုပ်မှုကံ
(၀ါ) မနောကံတစ်ခုတည်းဟု ပြောပြဘူးပါသည်။ ကမ္ဘာကျော်အတွေးအခေါ် ပညာရှင်
ကြီးတစ်ဦးဖြစ်သူ အင်္ဂလိပ်လူမျိုး ဘာထရန်ရာဆယ်က ““မနဆိုသည့်သိစိတ်သည် တစ်ခု
တည်း သောသဘာဝမဟုတ်၊ သဘာဝစုသာဖြစ်၏”” ဟု ဟောကိန်းထုတ်ပါသည်။
အိန်စတိန်းသည် နျူကလီယားအနုမြူစွမ်းအင်ကို ထုတ်လွှတ်ဖို့ရန် ကြိုတင်မြင်
ထား၏။ သို့သော် နောင်နှစ်ပေါင်း (၄၀) ကျော်ကြာမှသာ အနုမြူဗုံးသည် အမှန်တကယ်
ကမ္ဘာပေါ်တွင် ပေါ်ထွက်လာတော့၏။ သကျမုနိဘုရားရှင်နှင့် ၎င်း၏တပည့်သား
ရဟန္တာ အရှင်များကဲ့သို့ ပုဂိ္ဂုလ်ထူးများ ကမ္ဘာပေါ်တွင် ပေါ်ထွက်လာပါ၏။ ၎င်းတို့၏
ရည်မှန်းချက်မှာ သိပ္ပပညာရှင်တို့၏ ရည်မှန်းချက်များနှင့် ကွာခြားပါသည်။ ၎င်းတို့
ရည်မှန်းသည့် မဂ်ဉာဏ်အလင်းရောင်၊ ဖိုလ်ဉာဏ်အလင်းရောင်၊ သဗ္ဗညုတဉာဏ်
အလင်းရောင်စသည်တို့ကို အသီးသီးရရှိပြီး အတ္တ၀ါဒုပါဒါန်တည်းဟူသော အ၀ိဇ္ဇာ
အမှောင်ထုကြီးကို ဖြိုခွင်းလိုက်ကြ၏။ သို့သော်လည်း သန်းပေါင်းများစွာသော အခြား
သတ္တ၀ါတို့နှင့် နှိုင်းစာလျှင် ယင်းပုဂိ္ဂုလ်ထူး ပုဂိ္ဂုလ်မြတ်တို့၏ အရေအတွက်မှာ
ပကတိအရောင် ၀င်းဝင်းပြောင်နေသော ယူရီနီယံ၊ ရေဒီယံ၊ အက်တိနီယံ၊ သော်ရီယံအစရှိ
သည့် ဓါတ်ထူးဓါတ်စွမ်းများကဲ့သို့ အရေအတွက်အားဖြင့် အလွန်နည်းပါးလှ၏။
ထို့ပြင် ဗုဒ္ဓဟောကြားတော်မူသော တရားများတွင် မဇ္ဈိမအလယ်အလတ်လမ်းဆိုသည်
မှာလည်း အလွန်စိတ်ဝင်စားစရာပင် ဖြစ်ပါသည်။ ယင်းမဇ္ဈိမအလယ်လမ်းဆိုသည်မှာ
ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးလုပ်ငန်းများတွင် တစ်ဖက်စောင်းမသွားစေရန်
ဖြစ်ပါသည်။ ဤမဇ္ဈိမလမ်းစဉ်ဖြင့် ဉာဏ်အလင်းရောင်ကို မုချရနိုင်ပါသည်။ အက်တမ်
ခေါ် အနုမြူ၏ သဘာဝကိုထိုးထွင်း၍ ရှာဖွေရာ အလွန်ဆန်းကြယ်သော အီလက်ထရွန်
ခေါ် ပရမာဓါတ်မများသည် နျူကလီယားခေါ် အနုမြူဓါတ်ဝတ်ဆံ၏ အလယ်ဗဟို
ပတ်လည်တွင် ရွေ့လျားနေသည်ကို တွေ့ရ၏။ ပရိုတွန်၊ အီလက်ထရွန် အယ်ဖာမြူမှုန်
အစရှိသည့် ပရမာအနုမြူမှုန်များနှင့် ဂါမာရောင်ခြည်အစရှိသည့် လျှပ်စစ်သံလိုက်ဓါတ်
မြူမှုန်ကလေးများသည်လည်း အဆိုပါအလယ်ဗဟိုလမ်းတစ်လျှောက် ဖြတ်သွားစဉ်
၎င်းတို့၏ စွမ်းအင်ပျောက်ကာ အမြန်နှုန်းလည်း ကျဆင်းသွားပါသည်။ နောက်ဆုံး၌
လျှပ်စစ်ဓါတ်အားမရှိသော နျူထရွန်ဓါတ်ရောင်ခြည်မှုန်နှင့် တွေ့ဆုံကာ လမ်းကြောင်းအတိုင်း
လိုက်သွားရာ နျူကလီးယားဝတ်ဆံ ဗဟိုချက်မနှင့် ဦးတိုက်ထိတော့၏။
                   ဗုဒ္ဓ၀ါဒနှင့် အနုမြူသိပ္ပတို့သည် သဘာဝချင်းလုံးလုံးမတူကြငြားသော်လည်း
၎င်းတို့အသီးသီးဆောင်ရွက်နေသော လုပ်ငန်းမှာ အတူတူပင်ဖြစ်၏။ ၎င်းတို့မှာ အလွန်
တန်ခိုး အာနိသင်ကြီးမားပြင်းထန်သော ဓါတ်အား (စွမ်းအင်)ကြီးကို ဖေါက်ခွဲ ချေမှုန်း
ရန်ဖြစ်၏။ အနုမြူလျှပ်စစ်ရုပ်ဓါတ်အားကို ဖေါက်ခွဲ၍မရနိုင်ဟု ယူဆထားသော
အက်တမ်ခေါ် အနုမြူလျှပ်စစ်ရုပ်ဓါတ်အားကို ဖေါက်ခွဲနိုင်၏။ ဗုဒ္ဓ၏ အနတ္တကား
အလွန်အင်အားသတ္တိကြီးမားသည့် သက္ကာယဒိဋ္ဌိတည်းဟူသော အတ္တ(၀ါ)
အတ္တ၀ါဒုပါဒါန် အစွဲအလမ်းကြီးကို ဖေါက်ခွဲပြုဖျက်နိုင်၏။ အတ္တ၀ါဒုပါဒါန်နာမ်ဓါတ်
ကြီးကို ဖေါက်ခွဲသည့် လောကီသိပ္ပဓါတ်အား (စွမ်းအင်) ကဲ့သို့ လူသာမန်တို့အတွက်
မထင်ရှားမပေါ်လွင်လှသော်လည်း ဗုဒ္ဓ၏ မြင့်မားကြီးကျယ်တောက်ပလှသောဉာဏ်
ပညာအလင်းရောင်နှင့် အတိုင်းမရှိ မဟာဂရုဏာတော်တို့သည် အနုမြူဓါတ်အား
(စွမ်းအင်) ကို မွေးထုတ်ပေးသည့် သူရိယနေမင်၏ အလင်းရောင်နှင့် အပူရှိန်ဓါတ်အား
(စွမ်းအင်)တို့ထက် ကြီးကျယ်ထက်မြက်သည့် အာနိသင်ရှိပါသည်။
                   ဗုဒ္ဓဓမ္မ၏ အခြေခံအုတ်မြစ်ဖြစ်သည့် တိလက္ခဏာကြီးသုံးပါးအနက် နှစ်ပါး
ဖြစ်သော အနိစ္စနှင့် အနတ္တအကြောင်းကို အကျဉ်းအားဖြင့် တင်ပြခဲ့ပါပြီ။ ကျန်ရှိသည့်
ဒုက္ခလက္ခဏာ ဆိုသည်မှာ ဥပါဒါနက္ခာ (အတ္တစွဲကို ဝေါဟာရတစ်မျိုးအားဖြင့်ခေါ်ခြင်း)
ကြောင့် ဖြစ်ပေါ်သောဒုက္ခအကျိုးတရားပင် ဖြစ်ပါသည်။ ဤလက္ခဏာကြီးသုံးပါးသည်
ဗုဒ္ဓ၏ မှတ်ကျောက်ဖြစ်သောကြောင့် အလွန်အရေးကြီးပါသည်။ မည်သည့် အတွေး
အခေါ်၊ မည်သည့် ဒဿနိကဗေဒ မည်သည့် အဘိဓမ္မာဖြစ်စေ၊ ယင်းတိလက္ခဏာ
ကြီး (၃) ပါးနှင့် မကိုက်ညီပါက၊ အံဝင်ခွင်ကျမဖြစ်ပါက ဗုဒ္ဓ၀ါဒဟု မဆိုနိုင်ပါ။ ဗုဒ္ဓ၀ါဒ
မဟုတ်ဟုသာ ဆိုရပါမည်။ ဤနည်းအားဖြင့် ဗုဒ္ဓဓမ္မသည် ယထာဘူတကျကျ အမှန်အစစ်ဖြစ်
ကြောင်းကို အလွယ်တကူ သိနိုင်သည်မှာ အလွန်ထင်ရှားပါလှသည်။
                   ဤအနုမြူနှင့် အနတ္တဓမ္မခေါ် ဆောင်းပါးကို ပိုမိုသဘောပေါက်စေရန်
အနုမြူမှုန်အကြောင်း သတင်းစာမဂ္ဂဇ္ဇင်းများမှ လေ့လာမှတ်သားထားသည်များကို
မှတ်မိသလောက် အောက်တွင်တင်ပြထားပါသည်။
++++++++++++++

No comments:

Post a Comment