စိတ္တဗေဒပါရဂူဒေါက်တာစတီဗင်ဆင်၏ လူဝင်စားသုတေသနဟောပြောပွဲ
ဝိညာဏ စိတ္တဗေဒအကြောင်း၊ ကံတရားနှင့် ဇာတိပဋိသန္ဓေစသည်တို့ကို
ရှေးရှုလျက် ၁၉၇၅ ခုနိုဝင်ဘာလ ၁၇ ရက်ညနေပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးလမ်း
အမှတ် ၂၆ ရှိ မစ္စက်ဟန်ဆင်၏နေအိမ်တွင် ကျင်းပသော အမေရိကန်ပြည်ထောင်စု
ဗာဂျီးယားတက်္ကသိုလ်မှ စိတ္တဗေရပါရဂူ ဒေါက်တာစတီဗင်ဆင်ဆိုသူ၏ ဘ၀ကူးခေါ်
လူဝင်းစားပြဿနာနှင့်ပတ်သတ်၍ သိပ္ပံနည်းအရသုတေသနပြုခြင်းအကြောင်း ဟောပြော
ပွဲလေးတစ်ရပ်ကို တက်ရောက်နားထောင်ခွင့်ရသည်မှာ များစွာအကျိုးကြီးလှပါသည်၊
ကြီးဖြစ်သူ ရန်ကုန်မြို့ ရေကျော်ရပ် မြောင်းကြီးလမ်း အမှတ် ၆၅ နေ ဦးဝင်းမောင်အား
များစွာကျေးဇူးတင်ရပါသည်။ လူဝင်စား သုတေသနကိစ္စနှင့်ပတ်သတ်၍ စိတ္တဗေဒပါရဂူ
ဒေါက်တာစတီဗင်သည်၊ ကမ္ဘာတွင်ကျော်ကြားနေပါသည်။ ၎င်းပုဂိ္ဂုလ်ကြီးသည်
အတော်အချိန်ကုန် လူပင်ပန်းခံကာ အိန္ဒိယ၊ သီဟိုဠ်၊ အင်္ဂလန်၊ အမေရိကန်၊ အာလစကား၊
ဇမ်ဇီဘား၊ လီဘနွံ စသည့် ကမ္ဘာအရပ်ရပ်သို့လှည့်လည်၍ ဤကိစ္စကိုစုံစမ်းစစ်ဆေးခဲ့ရာ
ယခုအခါ လူဝင်စားပေါင်း ၁၃၀၀ တို့ကို မေးမြန်းစစ်ဆေးပြီးပြီဆိုပါကြောင်း။
၁၃၀၀-တို့အနက် ၂၀၀ လောက်မှာက မြန်မာပြည်ကိုယ်စားလှယ်ကြီး ဦးဝင်းမောင်၏
အကူအညီဖြင့် ဖြစ်ပါကြောင်း ။ ၁၉၆၆ခုနှစ်တွင် ဒေါက်တာစတီဗင်သည် လူဝင်စား
ဆိုသူ ၂၀ ခေါ် ၎င်း၏ သုတေသနပြန်တမ်းစာစောင်တစ်ခုတွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။
၁၉၇၅ ခုနှစ်တွင် ၎င်းစာစောင်ကို တစ်ဖန်ထပ်မံ ပုံနှိပ်ထုတ်ဝေခဲ့ပြန်ပါသည်။
ကမ္ဘာအရပ်ရပ်ရှိ လူဝင်စားဆိုသူ ကာယကံရှင်များ၊ ၎င်းတို့၏ မိဘဆွေမျိုး
သားချင်းများ၊ အခြား သက်ဆိုင်ရာ ပုဂိ္ဂုလ်များကို ဒေါက်တာစတီဗင်ဆင် ကိုယ်တိုင်
ကိုယ်ကျ သွားရောက်တွေ့ဆုံမေးမြန်းခြင်း၊ ၎င်းတို့၏ ကိုယ်အမူအရာ နှုတ်အမူအရာ၊
ပုံပန်း သဏ္ဍာန် အလေ့အထ စရိုက်တို့ကို စနစ်တကျ အကဲခတ် စစ်ဆေးမေးမြန်း
စုံစမ်းခဲ့သည့်သာမက၊ ၎င်း၏ ကိုယ်စားလှယ်ကြီးများထံမှ ပုံနှိပ်ထုတ်ဝေသော သုတေသန
ပြန်တမ်းစာစောင် ဖြစ်ကြောင်း သိရပါသည်။
ဒေါက်တာ စတီဗင်ဆင်၏ ဤပထမအကြိမ်ဖြစ်သည့်၊ လူဝင်စား ၂၀ တို့၏
ကိုယ်ရေးကိုယ်တာ အတ္ထုပ္ပတ္တိတို့ကို ဖတ်ကြည့်လျှင် ၎င်းတို့ အားလုံးလိုလိုပင် မြန်မာပြည်
အပါအ၀င် ကမ္ဘာအရပ်ရပ်ရှိ အခြားသော လူဝင်စားဆိုသူတို့နှင့် တစ်ပုံစံတည်းလိုလိုပင်
ဖြစ်သည်ဟုထင်ရပါမည်။ ဥပမာ လူဝင်စားဆိုသူကလေးတစ်ယောက် အစဦးစွာစကား
ပြောတတ်လာသည်နှင့် ၎င်း၏ မိဘဆွေမျိုးသားချင်းများအား ၎င်း၏ ဘ၀ဟောင်းက
မိဘဆွေမျိုးများ နေရာဌာနများနှင့် အခြားဝတ္ထုပစ္စည်းများကို အမည်နာမနှင့်တကွ
ပြန်လည်ပြောပြတတ်ပါသည်။ ၎င်း၏ ဘ၀ဟောင်းက မိဘဆွေမျိုးများနှင့် အခြားအဖြစ်
အပျက်များကို ပြန်လည်အောက်မေ့နိုင်ပြီး ယခုလက်ရှိ ဘ၀သစ် မိဘဆွေမျိုးများကိုပင်
ဘ၀ဟောင်းကနေထိုင်ခဲ့သည့် အရပ်ဒေသ မိဘဆွေမျိုးများထံ ပို့ပေးဖို့ တောင်းဆိုလေ့ရှိ
တတ်ပါသည်။ ဤကဲ့သို့ လူဝင်စားကလေးက မိမိ၏ ဘ၀ဟောင်းအကြောင်းကို
မကြာခဏပြောဆိုလာသောအခါ မိဘဆွေမျိုးတို့က ၎င်းကလေးပြောပြချက်တို့ကို
ဟုတ်သည် မဟုတ်သည်၊ မှန်သည် မမှန်သည် ချင့်ချိန်စဉ်းစား စုံစမ်းစစ်ဆေးပြီး
ဘ၀သစ် ဘ၀ဟောင်းဆိုင်ရာ မိဘဆွေမျိုးတို့ တစ်ဦးနှင့်တစ်ဦး သွားလာ ဆက်သွယ်
လျက် လူဝင်စားဆိုသူကလေးအား ၎င်းမှတ်မိသည်ဆိုသော ဘ၀ဟောင်းက လူနေရာ
ဌာန အဆောက်အအုံ၊ ပစ္စည်းဥစ္စာ စသည်တို့အကြောင်းကို မေးမြန်းကြည့်ရာ
မြင်မြင်ချင်း၊ ကြားကြားချင်း၊ တွေ့တွေ့ချင်းဆိုသလိုပင် သတိရလာကာ အမည်နာမနှင့်
တကွ ပြန်လည်ဖြေဆိုနိုင်ပါသည်။ တစ်ခါတစ်ရံ ထိုလူဝင်စားဆိုသူကလေး၏ ကိုယ်
အမူအရာ၊ နှုတ်အမူအရာ၊ အပြောအဆို အနေအထိုင် အသွားအလာ အပြုအမူစသည်
တို့သည်၊ ၎င်းမှတ်မိသည်ဆိုသော ဘ၀ဟောင်းမှ ကိုယ်အမူအရာ၊ နှုတ်အမူအရာ
စသည်တို့နှင့် ထက်ကြပ်တူသည်ကို တွေ့ရပါသည်။ အချို့ကလေးများသည် ဘ၀ဟောင်းမှ
ဝမ်းတွင်းပါအမှတ်အသား တစ်ခုဖြစ်စေ၊ နှစ်ခုဖြစ်စေ၊ အမာရွတ်သို့မဟုတ် အခြား
အင်္ဂါချွတ်ယွင်းချက်တစ်ခုခုဖြစ်စေ၊ အမိဝမ်းအတည်းက ပါလာကြပါသည်။
အိန္ဒိယပြည်မှ လူဝင်စားကလေးတစ်ဦးနှင့် ပတ်သက်၍ ထူးခြားချက်တစ်ခုမှာ
၎င်းသည် ယခုလက်ရှိဘ၀၌ အသက်သုံးနှစ်ခွဲလောက်ရှိမှ အတိတ်ဘ၀ ၎င်း၏ခန္ဓာကိုယ်
ပျက်စီးသေဆုံးသွားပါသည်။ အဖြစ်အပျက်အတိုချုပ်မှာ ၁၉၅၄ ခုနှစ် မေလနှင့် ဇွန်လစပ်
ကြားနေ့တစ်နေ့၌ အိန္ဒိယပြည် ရပ်စပူမြို့ အနီးနေ ဂျက်စဘားဆိုသူ အသက်သုံးနှစ်ခွဲ
အရွယ်ရှိ ကုလားလေးတစ်ယောက်သည် ကျောက်ကပ်ရောဂါနှင့် သေဆုံးသွားရာ
၎င်း၏ ဖခင်ဖြစ်သူသည် ရပ်ရွာရှိ ညီဖြစ်သူနှင့် ရွာသားများကို ခေါ်ယူလာကာ
ကလေး၏အလောင်းကို သုသာန်တို့ပို့ရန် လုပ်ကိုင်နေစဉ် အချိန်ကုန်၍ညဥ့်ပိုင်း
ရောက်သွားသဖြင့် မနက်ဖြန်နံနက်မှ ကလေး၏အလောင်းကို သုသာန်သို့ ပို့တော့အံ့ဟု
အချိန်ရွှေ့လိုက်ရလေ၏။ ထိုခဏ၌ပင် ကလေး၏အလောင်းလှုပ်ရှားလာသည်ကို
ဖခင်ဖြစ်သူမြင်ရလေ၏။ သည်လိုနှင့် တဖြည်းဖြည်း နာရီပိုင်းအတွင်းမှာပင် ကလေး
သည် အသက်ပြန်ရှင်လာပြီးနောက် ရက်များမကြာမီအတွင်း အကောင်းပဂတိ
ပြန်ဖြစ်ကာ စကားများကောင်းမွန်စွာ ပြောဆိုလာ၏။ သို့သော် အမူအရာ တစ်မျိုးပြောင်း
လာသည်ကို တွေ့ရပါသည်။ သူသည် အခြားရွာတစ်ရွာမှ မည်သူမည်ဝါတို့၏သားဖြစ်
ကြောင်း ဘ၀ဟောင်းက မည်ကဲ့သိုပ မွေးဖွားကြီးပြင်းလာပြီး မည်ကဲ့သို့ သေသွား
ကြောင်း စသည်တို့ကို ခရေစေ့တွင်းကျ ပြောပြလေရာ ၎င်းပြောပြချက်အားလုံးလိုလိုပင်
၁၉၄၅ ခုနှစ် မေလအတွင်း အခြားရွာတစ်ရွာ၌ သေဆုံးသွားသော ဆိုဘာရမ်ခေါ်
အသက် ၂၂ နှစ် အရွယ်ရှိ လူငယ်တစ်ဦး၏ အတ္ထုပ္ပတ္တိနှင့် တစ်ထပ်တည်းလိုလို
တူနေသည်ကို တွေ့ရပါသည်။
နောက်တစ်ခုက၊ ၁၉၅၁ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ အိန္ဒိယပြည်
ချာပ္ပါတီခရိုင်၊ ဥတ္တမရာဆက်မြို့တော်၊ ကောပူရ်မြို့အနီး ဆတ္တာသည်တစ်ဦး၏ သားငယ်၊
အသက်ခြောက်နှစ်အရွယ်ရှိ မူနာဆိုသူ ကလေးငယ်အား ဓါးဒဏ်ရာနှင့် သေနေသည်
တွေ့ရကြောင်း၊ နောက်ခြောက်လလောက်အကြာ ၁၉၅၁ ခုနှစ် ဇူလိုင်လတွင် ရွာနီးချုပ်စပ်
တစ်ခု၌ အဆိုပါ သေဆုံးသွားသည့် မူနာခေါ် ကလေးဝင်စားသည်ဆိုသော ကလေးတစ်ဦး
ဖွားမြင်ပါသည်၊ ၎င်းကို ရဖီရှန်ကားဟု အမည်ပေးထားကြပါသည်၊ ၎င်းကလေးသည်
သုံးနှစ်အရွယ်သို့ ရောက်သောအခါ အတိတ်ဘ၀၌ မူနာအဖြစ်ရှိနေစဉ် အခြားလူများက
သတ်၍ သေရကြောင်း။ လူသတ်သမား၏ အမည်နာမများ၊ သတ်သည့်နေရာဌာန
စသည့်အကြောင်းအရာ အားလုံးကို ပြန်လည်ပြောပြသည်သာမက မူနာဘ၀က ကစားခဲ့
သည့် ကလေးကစားစရာ အရုပ်ကလေးများကို အဆိုပါ အတိတ်ဘ၀က နေခဲ့သောအိမ်
တွင်တွေ့ရာ ကောင်းစွာမှတ်မိသဖြင့် သူ့အားပေးရန်တောင်းဆိုနေသေးကြောင်း၊ သူ၏
လည်ပင်းတွင်လည်း အတိတ်ဘ၀မူနာအဖြစ် လူသတ်သမား၏လက်ချက်ကြောင့်
ရရှိသော ဓါးဒဏ်ရာကဲ့သို့ အမာရွတ်တစ်ခု အမိဝမ်းထဲမှ ပါလာကြောင်း၊ ၎င်းအမာရွတ်
သည် အတိတ်ဘ၀၌ ညလူသတ်သမား၏ လက်ချက်ကြောင့်ဖြစ်သော ဓါးဒဏ်ရာဟု
၎င်းလူဝင်စားလေးဆိုက ပြန်ပြောပြကြောင်း၊ ထိုအမာရွတ်သည် ကလေး၏လည်ပင်းမှ
တစ်နှစ်ထက်တစ်နှစ် တဖြည်းဖြည်းရွေ့လာရာ ယခုအခါ မေးစေ့အောက်ပိုင်းသို့
ရောက်လာပြီး အနည်းငယ်ပါးသွားသည်ကို တွေ့ရကြောင်း။
ပြောဆိုခဲ့သည့်အတိုင်း အဆိုပါဘ၀ကူးခေါ် လူဝင်စားကိစ္စများကို ဒေါက်တာ
စတီဗင်ဆင်သည် ကိုယ်တိုင်သေသေချာချာ စုံစမ်းစစ်ဆေးလေ့လာသုံးသပ်၍ မှန်ပြီဟု
ကျေနပ်လောက်မှ တင်ပြခြင်းဖြစ်ပါသည်။ သို့သော် ဤဘ၀ကူးဘ၀ပြောင်း
လူဝင်စားဆိုသည် တို့ကို၊ အချို့က မယုံနိုင်ကြပါ၊ လက်မခံနိုင်ကြပါ။ မည်သို့ပင်ဖြစ်စေ
ဒေါက်တာ စတီဗင်ဆင်၏ စာစောင်နောက်ပိုင်းတွင် ဖေါ်ပြထားသည့် တွေးတော
စဉ်းစားစရာအချက်များကိုတော့ ယုံသူရော မယုံသူပါ အထူးတလည် စဉ်းစားကြည့်
ဖို့ကောင်းပါသည်။
ဤကိစ္စများတွင် လူဝင်စားဟု အဆိုပြုချက်မှာ မှန်ပါသလား၊ သို့မဟုတ်
အခြားဘာများလဲ ဆိုသည်ကို အမှန်အတိုင်းသိရှိဖို့ရန် စုံစမ်းစစ်ဆေး သုတေသန
ပြုလုပ်ရာတွင် အောက်ပါ စည်းကမ်း (၃) ချက်တို့အတိုင်း လိုက်နာကျင့်သုံးသည်ဟု
ဆိုပါသည်။
(၁) မှတ်မိသည်ဆိုသောအတိတ်ကအဖြစ်အပျက်တို့ကိုသက်သေအထောက်အထား
ခိုင်လုံစွာဖြင့်ဖေါ်ထုတ်ရန်။
(၂) ဘ၀ဟောင်း၏ နေရာထိုင်ခင်းများ လူပုဂ္ဂိုလ်များ အခြားဝတ္ထုပစ္စည်းများ မှတ်မိခြင်းကို
မှန်သည် မမှန်သည်ကို စစ်ဆေး ကြည့်ရန်။
(၃) လူဝင်စားဆိုသူ ကလေး၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ အကျင့်စရိုက်
ဝါသနာဘာဂီ စသည်တို့သည် မှတ်မိသည်ဆိုသော ၎င်း၏ဘ၀ဟောင်းက
ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ အကျင့်စာရိတ္တ ၀ါသနာဘာဂီ စသည်တို့နှင့်
ယေဘုယျအားဖြင့် ကူညီခြင်းရှိသည် မရှိသည်ကို စုံစမ်းစစ်ဆေးရန်။
ဒေါက်တာစတီဗင်ဆင် ကိုယ်တိုင်က ဤကိစ္စများသည် လုပ်ကြံဇာတ်တွေ
မဟုတ်ဘူး ဆိုသည်ကို အလေးအနက်ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊
ကာယကံရှင် လူဝင်စား ဆိုသူကရော ၎င်း၏ မိဘဆွေမျိုးတို့ပါ၊ ဤကဲ့သို့လုပ်ကြံ
ဇာတ်ခင်းဖို့ရန် မလွယ်ပါ၊ အခွင့်အလမ်းလုံးဝမရှိပါ။ ဘ၀ဟောင်း၏ သတင်းစုံကို
ရဖို့ရန်လည်း အလွန်မလွယ်သည့် ကိစ္စဖြစ်ပါသည်။ လူဝင်စား၏ ဘ၀ဟောင်း
အတ္ထုပ္ပတ္တိအကြောင်း ဆိုသည်မှာ အများအားဖြင့် သက်ဆိုင်ရာ မိသားစုအတွင်းသာ
ပေါက်ကြားတတ်ပါသည်။ အများဆိုင် သတင်းမျိုးကဲ့သို့ မိသားစုအသိုင်းအ၀ိုင်း
အပြင်သို့ထွက်ဖို့ ခဲယဉ်းလှ၏။ လူဝင်စားနှင့် လက်ရှိမိဘဆွေမျိုးများအနေဖြင့် လိမ်လည်
လှည့်ဖြားပြီး လူဝင်စား ဇာတ်ခင်းသည်ဟု စွပ်စွဲရမှာကလည်း ဤကဲ့သို့ လိမ်လည်
လှည့်ဖြားခြင်း ငွေကြေးလည်းရနိုင်မည်မဟုတ်၊ အခြားအကျိုးကျေးဇူးလည်း
ရှိမည်မဟုတ်၊ ၎င်းတို့၏ ဂုဏ်သတင်းလည်း ထူးကဲကျော်ကြားလာမည် မဟုတ်
ကြောင်း စသည်တို့ကို စဉ်းစားတတ်သူတိုင်း သိမည်ဖြစ်ပါသည်။ နောက်တစ်မျိုး
စဉ်းစားစရာအချက်က ဒီလူဝင်စားဆိုသူ ကလေးသည် အရင့်အရင် သိဖူး၊ ကြားဖူး၊
မှတ်ဖူး၊ တွေ့ဖူးတာတွေကို မေ့နေပြီးမှ နောက်ပိုင်းကာလ အတော်ကြာသောအခါ
ရုတ်တရက်လိုလို စိတ်မှာပေါ်လာတာတွေကို အတိတ်ဘ၀က အဖြစ်အပျက်တွေ
ဟု ထင်မှတ်ကာ ပြန်လည်ပြောပြနေခြင်းဟု ဆိုစရာရှိပါသည်။ ဒါကို အင်္ဂလိပ်လို
ကရိုင်တွံမနီယှား လို့ခေါ်ပါသည်။ ဒီလိုတွေးတော ယူဆချက်မျိုးသည် မဖြစ်နိုင်ပါ။
ဒေါက်တာစတီဗင်ဆင် ကိုယ်တိုင် အသေအချာ စနစ်တကျ စုံစမ်းစစ်ဆေးသည့် ကိစ္စ
တွေထဲမှာ သည်လိုတွေးတော ယူဆနိုင်သော အကြောင်းအရာတွေ လုံလောက်စွာမရှိပါ။
နောက်တစ်မျိုးက သိပ္ပံပညာ၏ နောက်ဆုံးတွေ့ရှိထားသော အီးလက်စ်ပီခေါ်
ပရ၀ိညာဉ်၊ တစ်နည်း ၀ီထိစိတ်ခေါ် သိစိတ်တွေချုပ်ကာ ဘ၀င်စိတ်ခေါ် အသိစိတ်တွေ
ပေါ်စဉ် ကာမအာရုံ ဒွါရပေါက်တို့မှအပ တသီးတခြား အလိုလို ပေါ်လာသည့်ဝိညာဏ
ဓါတ် အသိထူးတစ်မျိုးပင်ဖြစ်ပါသည်။ အချို့ထူးကဲသော ပုဂိ္ဂုလ်(၀ါ) ပါရမီခံ ရင့်သန်သူ
အချို့တို့တွင်သာ ဤကဲ့သို့ အသိထူးအမြင်ထူး အကြားထူး စသည်ပေါ်တတ်၍
မျက်စိ၊ နား၊ နှာခေါင်း၊ ကိုယ် စသည်တို့ဖြင့် မမြင်ဘူး၊ မကြားဘူး၊ မသိဘူးသော
လူအရာဝတ္ထု စသည်တို့၏အကြောင်းကို အမြင်ရဘဲ၊ အကြားရဘဲ၊ မနံရဘဲ၊ မထိရဘဲ၊
လိုသလို သိရှိ ပြောပြနိုင်ပါသည်။ ဘယ်အခါကာလ၊ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ အနီး၌ဖြစ်စေ၊
အဝေး၌ဖြစ်စေ အချိန်ကာလမရွေး နေရာဒေသမရွေး သိနိုင် မြင်နိုင် ပြန်ပြောနိုင်ပါသည်။
ဥရောပတိုက်နှင့် အမေရိကန်နိုင်ငံတို့တွင် ဤကိစ္စနှင့်ပတ်သက်၍ သုတေသနပြုရန်
လွန်ခဲ့သည့်နှစ်ပေါင်း အတော်ကြာလောက်က ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးများ၊ အတွေး
အခေါ်ရှင်ကြီးများ၊ စိတ္တဗေဒပါရဂူကြီးများ စသည်တို့ ဦးဆောင်ဖွဲ့စည်းထားသော စိတ္တဗေဒ
သုတေသနအဖွဲ့ကြီးများသည် ယခုအခါ ပရ၀ိညာဉ် (အီးအက်စ်ပီ) ကြီးများအံ့သြဖွယ်
သတ္တိတန်ခိုး အာနိသင်အကြောင်းတို့ကို အထောက်အထားသက်သေ လုံလောက်စွာဖြင့်
ကောင်းကောင်းသိထားပြီး ဆိုပါကြောင်း၊ ဥပမာ- တယ်လီပါသီခေါ် စေတောပရိယ
အဘိညာဉ်ကဲ့သို့ အလိုလိုအခြားသူများစိတ်အကြံအစည်များ အရာဝတ္ထုများအကြောင်း
ကို ထိုးထွင်းသိသောအသိထူး အစ်မျိုးကလဲယားဗောယင့်ခေါ် ဒိဗ္ဗစက္ခုနတ်မျက်စိကဲ့သို့
ဘယ်အရာဝတ္ထုအကြောင်းကိုမဆို သိနိုင်မြင်နိုင်ခြင်း ပရိကောကနီးရှင်း အနာဂတံသေ၊
နောက်အနာဂတ်ဖြစ်မည့် အကြောင်းအရာများကို ကြိုတင်သိခြင်း ပိုလတာဂျစ်ခေါ်
ပုဏ္ဏက တိုက်ခြင်းများ ယနေ့အထိ တိုးတက်နေသော သိပ္ပံပညာက လက်မြှောက်ရ
မလောက် ၎င်းတို့၏သဘာဝအစစ်မှန်ကို အသိရသေးသော အခြားအလားတူ
ထူးဆန်းအံ့သြဖွယ်ရာ ပါရာဆိုက်ကိုလော်ဂျီ ပရစိတ္တဗေဒတွင် အကျွမ်းဝင်သည့် အသိထူး
အမြင်ထူး အကြားထူးတို့၏ သဘာဝယုတ္တိကို ထောက်ခံသည့် သက်သေခံအတော်
များများ ရရှိထားပြီဟု ဆိုပါကြောင်း။
ပိုစက်ရှင်းခေါ် အစွဲလိပ်ပြာ၊ အပမှီ၊ စုန်းပူး၊ သရဲစီးခြင်း၊ ဖုတ်ဝင်၊ ဓါတ်စီးဟု
အမျိုးမျိုးခေါ်ဆိုကြသည်။ နတ်တစ္ဆေ၊ သရဲ စသည့် တမလွန်ဘုံသားတို့က တစ်ခါတစ်ရံ
လူသားတို့နှင့် ဆက်သွယ်သည့် အဖြစ်ဆန်းပင်ဖြစ်ပါသည်။ စိတ္တဗေဒ သုတေသနအဖွဲ့တို့
သည် ဤကိစ္စများနှင့် ပတ်သက်သော သုတေသနစာတမ်းများ အစီရင်ခံစာများ အတော်
စုစောင်း ပြုစုရရှိပြီး ဖြစ်သည်ဟု သိရပါသည်။ အချို့မှာ ဒေါက်တာစတီဗင်ဆင်
စုံစမ်းစစ်ဆေးခဲ့သော ကိစ္စများနှင့် အလွန်တူနေသည်ဟု ဆိုပါသည်။
ဒေါက်တာစတီဗင်ဆင်၏ လူဝင်စား နှစ်ဆယ်ကိစ္စတွင် အစွဲလိပ်ပြာ၊ အပမှီ၊
နတ်ဝင်သယ် အစရှိသည်ဆိုသော ပြဿနာမပေါ်ပါ။ အစွဲလိပ်ပြာ နတ်ဝင်သူဆိုသည်
တို့သည် အကြားအမြင်ရကြသည် ဆိုစေကာမူ သူတို့သည် လူကြီးပိုင်းမှ ယောက်ျား
မိန်းမများသာ ဖြစ်ကြပါသည်၊ လူဝင်စားဆိုသူကဲ့သို့ ကလေးငယ်လေးတွေမဟုတ်
ကြပါ။ လူဝင်စားရိုးရိုးကဲ့သို့ အတိတ်ဘ၀က လူသေပြီး တစ်ဖန် လက်ရှိဘ၀တွင်
လူပြန်ဖြစ်သူများ မဟုတ်ကြပါ။ အတိတ်ဘ၀က လူသေပြီး တစ်ဖန်လူပြန်ဖြစ်သူ
ကလေးငယ်အချို့တို့ကဲ့သို့ မည်သူမျှ ခန္ဓာကိုယ်တွင် အမိဝမ်းမှပါလာသော အမှတ်အသား
အမာရွတ် စသည်တို့အရှိကြပါ။ ဒေါက်တာစတီဗင်ဆင်၏ ယခုအပတ်တင်ပြသော
လူဝင်စားဆိုသူ ကလေးနှစ်ဆယ်သည် အတိတ်ကလူသေ၍ တစ်ဖန်လူပြန်ဖြစ်ခြင်း၊
လောကီအသိထူး အမြင်ထူး၊ နတ်ဝင်အစွဲလိပ်ပြာ ၊ အမြင်အကြား စသည့် တွေးတော
စဉ်းစားစရာ အာရုံနိမိတ်တွေနှင့် လုံးဝ မဆိုင်မိပါ၊ အဖြေရှာ၍ မရနိုင်ပါ။ ဒေါက်တာ
စတီဗင်ဆင် ကိုယ်တိုင်က ၎င်းစုံစမ်းစစ်ဆေး၍ရသလောက် အချက်အလက်တို့ကိုသာ
အထောက်အထား လုံလောက်စွာဖြင့် တင်ပြခြင်းဖြစ်ပါသည်၊ ဘယ်ဟာမှားသည်
ဘယ်ဟာမှန်သည် အဖြေအတိအကျ ပေးမထားသေးပါ။ သို့သော် ၎င်း၏ ပြန်တမ်း
စာစောင်ထုတ်ပြန်ပြီးသည့် နောက်ပိုင်းတွင် ဘ၀ကူးလူဝင်စား ဖြစ်မည်ဆိုသည့် အဆိုပြု
ချက်ကို ထောက်ခံသည့် သက်သေခံများ ပိုမိုများပြားလာသည်ဟု ဆိုပါသည်။
ဤဘ၀ကူး လူဝင်စားဆိုသည်ကို ထောက်ခံသည့်ဘက်က ပိုမိုအားကောင်းလာ
သည်ကို၊ လူဝင်စားဆိုကာ မိမိတို့၏ ဘ၀ဟောင်းများကို မှတ်မိကြသော ကလေးငယ်များ
၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာများကို သုံးသပ်အကဲခတ်ကြည့်ခြင်းဖြင့် ၎င်းတို့၏
ထူးခြား ကျွမ်းကျင်မှု နားလည်မှုများ၊ အမိဝမ်းတွင်းပါ အမှတ်အသားများ အမာရွတ်များ
စသည့် အင်္ဂါချွတ်ယွင်းချက်များကို သေသေချာချာ လေ့လာသုံးသပ် ကြည့်ခြင်းအားဖြင့်
သိရပါသည်။
ဤနေရာတွင်ဘ၀ပြောင်းဘ၀ကူးခေါ် လူဝင်စားဆိုသည့်
ဝေါဟာရစကားလုံး၏ အနက်အဓိပ္ပါယ်တို့ကို ရှင်းလင်းစွာသိရှိဖို့ လိုပါသည်။ ဇာတိ
ပဋိသန္ဓေ ဘ၀သစ်ဆိုသည့် ဗုဒ္ဓဘာသာဝေါဟာရ စကားလုံးနှင့် အတူတူပဲလား၊ ဆင်တူ
ယိုးမှားလား ဒေါက်တာစတီဗင်ဆင်က ၎င်း၏ အထက်ဖေါ်ပြပါ စာစောင်စာမျက်နှာတွင်
၃၀၇ အခန်း ၇ အထွေထွေသုံးသပ်ချက်များတွင် ဆိုထားသည်မှာ-
ထိုဘ၀သစ် လူဝင်စားဆိုသည့် သဘောမှာ၊ ပုဂိ္ဂုလ်၊ သတ္တ၀ါတစ်ဦး သေဆုံး
သွားရာ ၎င်း၏ရုပ်ကလာပ်ဟောင်း ပျက်စီးသွားပြီးနောက် ခန္ဓာကိုယ်ရုပ်ကလာပ်သစ်တွင်
ကြီးပြင်းလာခြင်းမျိုးပင် ဖြစ်ပါသည်၊ ရုပ်ကလာပ်သစ်တွင် ကြီးပြင်းလာသည်က ဘာတွေ
နည်းဟု ဆိုလျှင် ပုဂ္ဂလိဝိသေသ တရားခေါ်သည့် စိတ်နေသဘော ၀ါသနာဘာဂီအလျောက်၊
စွမ်းဆောင်နိုင်မှုနှင့် သမ်္ပယုတ် တရား သာမညပုဂ္ဂလဟု သမုတ်သည့် အလေ့အထနှင့်
ကျွမ်းကျင်မှုများကို ဆိုလိုပါ သည်။ ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းကတော့ ဘ၀သစ် လူဝင်စားဆိုသည်မှာ
အဆိုပါဝိသေသပုဂ္ဂလိက ခေါ်သည့် စိတ်နေသဘောထား ၀ါသနာဘာဂီတို့ပဲဖြစ်စေ၊ သို့မဟုတ်
သာမည ပုဂ္ဂလိကလို့ခေါ်သည့် အလေ့အထနှင့် ကျွမ်းကျင်မှု စသည်တို့ပဲဖြစ်စေ၊
တစ်ဘုံတစ်ဘ၀တစ်ဌာနမှသည် တခြားတစ်ဘုံတစ်ဘ၀ တစ်ဌာနသို့ ကွင်းဆက်ပမာ
ဆက်ကာဆက်ကာ တရစပ် အစဉ်အဆက် မပြတ်ဖြစ်ကာ ပျက်ခါရှိနေခြင်းဖြစ်ပါသည်။
ယခု သည်နေရာအထက်ပိုင်းတွင် မကြာခဏ ပြောလာခဲ့သည့် ပုဂ္ဂိုလ်
သတ္တ၀ါ သို့မဟုတ် သာမညပုဂ္ဂလ အနက်သရုပ်ဖေါ်ထားသည့် ပါဠိစကားလုံးသည်
အလွန်ပညာသားပါ၍ နက်ရှိုင်းသော စကားလုံးဖြစ်သောကြောင့် ဤခက်ခဲနက်နဲသော
ဘ၀ကူး ဘ၀ပြောင်း လူဝင်စား ပြဿနာနှင့် ပတ်သက်၍ ၎င်း၏အနက်သဘောထားကို
ထပ်မံရှင်းလင်းဖို့ လိုမည်ထင်ပါသည်။ စတီဗင်ဆင်၏ ရေးသားထားသည့် မြန်မာပြန်အဓိပ္ပါယ်
အတိုချုပ်မှာ-
ဤလူဝင်စားဆိုသူတို့၏ ပြဿနာနှင့် ပတ်သက်၍ လေ့လာသုံးသပ်ရာတွင်
ဟိန္ဒူ ဘာသာရော ဗုဒ္ဓဘာသာဝင်တို့ပါ သက်ဝင်ယုံကြည်ကြသော အရေးကြီးသည့်
ဗုဒ္ဓအယူအဆ အချို့ကို အကျဉ်းအားဖြင့် တင်ပြလိုပါသည်။
(၁) ဤလောကလို့ဆိုသည့်လူ့ဘုံကြီးသည်ဆင်းရဲဒုက္ခအပေါင်းနှင့်ပြည့်နေပါကြောင်း။
(၂) ဤဆင်းရဲဒုက္ခအပေါင်းတို့သည်၊ ဤလူ့ဘုံလောကကြီးတွင်ရှိသော ကာမဂုဏ်
အာရုံလို့ဆိုသည့် ကာမချမ်းသာတို့ကို ခင်မင်တွယ်တာ တပ်မက်စွဲလမ်းသော
ကြောင့် ဖြစ်ကြောင်း။
(၃) ဤခင်မင်တွယ်တာ တပ်မက်စွဲလမ်းမှုတို့ကြောင့် သတ္တ၀ါတွေသည် ဆင်းရဲ
ဒုက္ခအတိပြီးနေသည့် လူ့ဘုံလောကကြီးတွင် တစ်ဘ၀ပြီးတစ်ဘ၀ အဖန်ဖန်
ပြန်လည်ဖြစ်နေရကြောင်း။
(၄) ဤလူ့ဘုံလောကတွင် ရှိနေသော ကာမဂုဏ်အာရုံ ကာမချမ်းသာမှုတို့အား
တပ်မက်စွဲလမ်းသည့် တဏှာကိုပယ်သတ်လျှင် လူ့ဘောင်လောကဆိုသည့်
ဆင်းရဲအပေါင်းမှ ကျွတ်လွတ်မည်ဖြစ်ကြောင်း။
(၅) ဤလွတ်မြောက်ရေးပန်းတိုင်သို့ ရောက်ဖို့ရန် ကိုယ်ကျင့်တရား စာရိတ္တ
စသည့်ကောင်းခြင်း၊ ကမ္မဋ္ဌာန်းဘ၀နာ ပွားများအားထုတ်ခြင်း စသော
နည်းလမ်းများ ကျင့်နည်းကျင့်စဉ်များ ရှိပါသည်။ ထိုနည်းလမ်းအတိုင်း
အားထုတ်ပါလျှင် အဆိုပါ ကာမဘုံလူ့လောကတွင် ဘ၀ဖြစ်ခြင်း၏
အကြောင်းတရားဖြစ်သည့် ကာမချမ်းသာကို ခင်မင်တွယ်တာ စွဲလမ်းသည့်
တဏှာကုန်ရာ နိဗ္ဗာန်ဟုဆိုသည့် ဒုက္ခအပေါင်းတို့ ချုပ်ငြိမ်းရာသို့ ရောက်ရှိ
ရရှိနိုင်ပါကြောင်း။
နောက် ဟိန္ဒူဘာသာဝင်တို့၏ ယုံကြည်ချက်တစ်ခုမှာ လူတို့သည် ခန္ဓာကိုယ်ရုပ်
ကလာပ် ပျက်စီးသေဆုံးသွားသော်လည်း အားလုံးပျောက်မသွားဘဲ အတ္တဟု ခေါ်သည့်
မဟာဘူတ ဓါတ်တစ်မျိုး ကျန်ရှိနေသေးကြောင်း၊ ၎င်းအယူသည် အနောက်တိုင်း
အယူအဆဖြစ်သည့် ဆိုးလ်အသက်လိပ်ပြာဆိုသည်နှင့် အလားတူပါသည်။ ဟိန္ဒူဝါဒအရ၊
လူသည် သေဆုံးသွားပြီးနောက် အတ္တသည်ဘ၀သစ်တွင် ခန္ဓာကိုယ်အသစ်နှင့် ဆက်သွယ်
ကာ အတိတ်ဘ၀က ပုဂိ္ဂုလ်သတ္တ၀ါအနေဖြင့် ဆက်လက်ကြီးပြင်းလာခြင်းဖြစ်ပါသည်။
၎င်းအယူအဆသည် အနတ္တမမြဲသည့် သဘောတရားမျိုးမဟုတ်ဘဲ အတ္တမြဲသည်
ဆက်လက်တည်ရှိသည့် သဘောတရားဟု ဆိုရပါမည်။ ဗုဒ္ဓဘာသာဝင်တို့တွင် အထူး
သဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့က၊ ၎င်းသဘောတရားကို လက်မခံကြပါ။ မြဲသည့်
သဘော အတ္တ၊ ဆက်လက် အမြဲတည်သည့်သဘောတရား၊ အသက်လိပ်ပြာ စသည်
တို့ကို လက်မခံကြပါ။ ထေရ၀ါဒ ဗုဒ္ဓ၀ါဒီတို့ သက်ဝင်ယုံကြည် လက်ခံသည့်ဝါဒကား
ခင်မင်တွယ်တာ စွဲလမ်းသည့် ကိလေသာ တဏှာဆိုသည်ရှိသည်။ ဤတွယ်တာစွဲလမ်းမှု
ကြောင့် ပြုလုပ်ဆောင်ရွက်မှု ကံဆိုသည်မှာလည်း ရှိသည်။ ပြုလုပ်ဆောင်ရွက်မှုကံ
ကြောင့် ဖြစ်ပေါ်လာသော အကျိုးဝိပါတ်တို့ ဆိုသည်မှာလည်းရှိသည်။ ဤသဘော
တရားတွေ အားလုံးသည်လည်း အမြဲတည်တံ့သည့် အသက်လိပ်ပြာတို့ကဲ့သို့ မဟုတ်။
အမြဲတည်တံ့သည်လည်းမဟုတ်၊ အဆက်မပြတ် ဖြစ်ကာပျက်ကာသာ ရှိကြပါသည်။
ဥပမာ လူတစ်ယောက်သည် သေသွားလျှင် သူမသေမီက ပြုလုပ်ဆောင်ရွက်သည့်
ကံအမှုများသည် (၀ါ) ကာယကံ ၀စီကံ မနောကံဆိုသည် အကျိုးဝိပါက်များကို ဖြစ်
စေပါသည်။ ဤအကျိုးဝိပါက်အချို့သည် လူ့လောကတွင် ပုဂိ္ဂုလ်သတ္တ၀ါအဖြစ်
ပေါ်လာပါသည်။ အတိတ်ဘ၀က ထိုပုဂိ္ဂုလ်သည် လူ့ဘောင်လူ့ဘ၀ကို ငြီးငွေ့ပြီး
သေသွားလျှင် လူ့ဘောင်လူ့ဘ၀တွင် ဇာတိပဋိသန္ဓေအကျိုးမပေးဘဲ အခြားလူ့ဘ၀ထက်
သာသည့် ဘ၀တစ်ခုခုတွင် ပဋိသန္ဓေ အကျိုးပေးပါသည်။ ဤကဲ့သို့ အတိတ်ဘဝ
ဟောင်းမှ နောက်ဘ၀သစ်သို့ ဗုဒ္ဓဘာသာဝင်တို့၏ အယူဝါဒအရ ဖယောင်းတိုင်တစ်ခုမှ
မီးတောက်ကို အခြားဖယောင်းတိုင်တစ်ခုသို့ မီးကူးယူသကဲ့သို့ ခပ်ဆင်ဆင်တူပါသည်။
ဗုဒ္ဓဘာသာတို့က ဘ၀ကူးဘ၀ပြောင်း ဆိုသည့် ဝေါဟာရစကားလုံးအစား ဘ၀သစ်ဇာတိ
ပဋိသန္ဓေဆိုသည်ကို ပိုမိုလိုလားကြပါသည်။ ဗုဒ္ဓဘာသာဝင်ဂိုဏ်း အမျိုးမျိုးအစားစား
ရှိသည့်အလျောက် ပုဂိ္ဂုလ်သတ္တ၀ါတို့သည် သေပြီးနောက် ဘာဖြစ်မည်နည်းဆိုသည်နှင့်
ပတ်သက်၍ အယူအဆ အမျိုးမျိုးအစားစားရှိကြပါသည်။ သို့သော် သူတို့အားလုံးနှင့်
တကွ ဟိန္ဒူဘာသာဝင်တို့ပါမကျန် တစ်သဘောတည်းဖြစ်သည့် အယူအဆမှာ ပုဂိ္ဂုလ်
သတ္တ၀ါတစ်ဦး၏ အမူအရာ၊ စာရိတ္တ၊ အကျင့်အကြံစသည်တို့သည် အနာဂတ်ဖြစ်မည့်
ပုဂိ္ဂုလ်သတ္တ၀ါ၏ အမူအရာ၊ စာရိတ္တ၊ အကျင့်အကြံ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊
အခြားခြားသော ဘ၀ပြဿနာအမျိုးမျိုး စသည်တို့ကို ဖန်တီးပေးသည့် အာနိသင်
အကြောင်းရင်းတရားတို့ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပျဉ်းမနားနယ်ပိုင်ဝန်ထောက် ဦးခင်ညွှန့်၏သမီး ၀င်းဝင်းညွှန့်နှင့်
လူဝင်စားပြဿနာ ဖရန်ဆစ်စတိုရီ၏ သုတေသနဆောင်းပါး
အထက်နားတွင်ဖေါ်ပြခဲ့သည့် (ယခုအခါ ကွယ်လွန်ပြီးသော) ဖရန်ဆစ်စတိုရီ ဆိုသူ
ဆောင်းပါးရှင်ကိုယ်တိုင် ၁၉၅၀ ခုနှစ်ပိုင်းလောက်က မြန်မာပြည်အရပ်ရပ်တွင် အမေရိကန်
နိုင်ငံ ဗာဂျီနီယားတက်္ကသိုလ် စိတ္တဗေဒသုတေသန အဖွဲ့ကြီး၏ အထောက်အပံ့ အကူအညီ
ဖြင့် သိပ္ပံနည်းအရ စုံစမ်းစစ်ဆေးခဲ့သည့် ဘ၀ဟောင်းများကို မှတ်မိသည်ဆိုသော
လူဝင်စားကိစ္စ အနည်းငယ်တို့အကြောင်းကို သီဟိုဠ်ကျွန်း ဂျာမန်ဘုန်းတော်ကြီး
အရှင် ဉာဏရဏ္ဏိတ တည်းဖြတ်ပုံနှိပ်ထုတ်ဝေသော (ဘ၀သစ်ပဋိသန္ဓေ) ခေါ် စာစောင်မှ
ကောက်နှုတ်၍ အကျဉ်းချုံး မြန်မာပြန်ကာ အောက်တွင်တင်ပြလိုက်ပါသည်။
၁၉၅၇ ခုနှစ်တွင် ဖွားမြင်သောကလေးမလေး ၀င်းဝင်းညွှန့်၏ဖခင် ဦးခင်ညွှန့်ဆိုသူ
သည် ၁၉၄၈ ခုနှစ်ပိုင်းလောက်တွင် အထက်မြန်မာပြည် ပျဉ်းမနားမြို့နယ်၌ နယ်ပိုင်ဝန်
ထောက်အဖြစ် အမှုထမ်းနေစဉ် တစ်ည၌ ရန်ကုန်မြို့နေ မိခင်ဖြစ်သူ အသက် ၆၇
နှစ်ရှိသော ဒေါ်ဦးရွှေ အတော်နေမကောင်းဖြစ်ပြီး ၎င်းကို တမ်းတနေကြောင်း အိပ်မက်
မြင်မက်ပါသည်။ ထို့နောက် ဦးခင်ညွှန့်သည် သံတောင်သို့ ပြောင်းရွှေ့နေထိုင်စဉ်
ဇနီးဒေါ်မူမူ၌ ကိုယ်ဝန်ရလာပါသည်။ တစ်ည၌ ဦးခင်ညွှန့်သည် ၎င်း၏ မိခင်ကြီး
ရန်ကုန်၌ သေဆုံးသည်ဟု အိပ်မက်မြင်မက်ပါသည်။ ဇနီးဖြစ်သူ ဒေါ်မူမူသည်လည်း
အလားတူ အိပ်မက်တစ်ခုတွင် ဦးခင်ညွှန့်၏ မိခင်ကြီးက ၎င်းတို့နှင့် အတူလာနေမည်
ဆိုပြီး မိမိနှင့်ဦးခင်ညွှန့်တို့ အိပ်နေစဉ် ကြားသို့ဝင်ပြီး အိပ်သည်ဟု အိပ်မက်မြင်မက်ပါသည်။
အဆိုပါ အိပ်မက်မြင်မက်ပြီးနောက် မကြာမီ ဒေါ်မူမူသည် မိမိ၌ ကိုယ်ဝန်ရှိကြောင်း
သိရှိရပါသည်။
နောက်နေ့ လစေ့၍ မျက်နှာမြင်ရာ သားကလေးတစ်ယောက်ဖွားမြင်ပါ
သည်။ ၎င်းသားကလေးကို မောင်မောင်လေးဟု အမည်ပေးထားပါသည်။ ကလေးဖွားပြီး
၍ သုံးလလောက်ကြာသောအခါ ဦးခင်ညွှန့် တစ်ဖန်အိပ်မက်မက်ပြန်သည်။ ၎င်းအိပ်မက်
တွင် မွေးစသားကလေး သေသွားသည်ဟု မြင်မက်ပါသည်။ ၎င်းအိပ်မက် မြင်မက်ပြီး
နောက် များအကြာမီ ဦးခင်ညွှန့် ရန်ကုန်သို့ ပြန်ရောက်လာရာ၊ မိခင်ကြီး ဒေါ်ဦးရွှေ
သေဆုံးနေကြောင်းကို သိရပါသည်။ မသေမီ ၎င်း၏သား ဦးခင်ညွှန့်ကို တမ်းတ၍
ငိုသေးကြောင်း ၁၉၅၃ ခုနှစ်တွင် ဦးခင်ညွှန့်သားကလေး အသက်ငါးနှစ်ရှိလာပြီ
ဖြစ်သော်လည်း အတော်မမာမကျန်းဖြစ်နေကြောင်း၊ ကလေးကို ကမ္ဘားကျန်းမာရေးအဖွဲ့
ဆရာဝန်ကြီးထံ ပို့ဆောင်ကာ သွေးကိုယူ၍ အမေရိကန်နိုင်ငံသို့ပို့၍ စစ်ဆေးကြည့်ရာ
ထိုစဉ်အခါက ကုစား၍မရနိုင်သေးသော သွေးကင်ဆာ ကလေးတွင် စွဲကပ်နေသည်ဟု
သိရ၏။ ထိုအတောအတွင်း ဦးခင်ညွှန့်နှင့်ဇနီးပါ အိပ်မက်အသီးသီး မြင်မက်ကြရာတွင်
ဦးခင်ညွှန့်၏ မိခင်ကြီးသည် သူတို့လင်မယား၏ အခန်းအောက်ထပ်သို့ လှေကားဖြင့်
ဆင်းသွားသည်ကို ထင်ထင်ရှားရှား တွေ့ရသည်ဟု ဆိုကြောင်း၊ ထိုအခါ ဦးခင်ညွှန့်က
သူ၏ဇနီးအား ဟေ့ကြည့်စမ်းကြည့်စမ်း အမေဟာ တို့တောင်စကားလှည့်မပြောဘူးဟု
ဟစ်၍ ပြောလိုက်သည်ဆို၏။ နောက်နှစ်လအကြာတွင် မောင်မောင်လေးသေဆုံးသွား
ပါသည်။ သေဆုံးခါနီးတွင် ၎င်း၏မိခင်ဖခင်တို့ကို မကယ်နိုင်တော့ဘူးလား သေဘေးမှ
မကယ်နိုင်တော့ဘူးလားဟု ထပ်တလဲလဲ သနားစဖွယ်ပြောဆို၍ နောက်ဆုံးမသေမီ
နာရီဝက်လောက်၌ မိခင်ဖခင်တို့ကို မော့ကြည့်ကာ ကျွန်တော်ပြန်လာခဲ့မည်ဟု ငိုလျက်
မှာကြားသွားပြီး သေဆုံးသွားပါသည်။
နောက်သုံးနှစ်မျှ ကြာသောအခါ ဦးခင်ညွှန့်၏ဇနီးဒေါ်မူမူ ကိုယ်ဝန်တစ်ဖန်
ရှိလာပြန်၏၊ သေဆုံးသွားသော သားကလေး မောင်မောင်လေးပြန်ရောက်လာသည်ဟု
လည်း အိပ်မက်မြင်မက်၏။ သို့နှင့် ၁၉၅၇ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ဒေါ်မူမူ
သမီးကလေးတစ်ယောက် ဖွားမြင်ရာ ၀င်းဝင်းညွှန့်ဟု အမည်ပေးလေသည်။ ကလေးမ
လေး၏ ဘယ်ဘက်ခြေမျက်စိနားတွင် မောင်မောင်လေးမသေမီ သုံးရက်က ဆရာဝန်
သွေးသွင်းပေးရာတွင် တိတ်ခွေကော်ကျိုး စည်းပေးထားသည့် နေရာဖြစ်နေကြောင်း
တွေ့ရ၏။
ဦးခင်ညွှန့် ဒေါ်မူမူတို့၏ ကားမောင်းသူ ဒရိုင်ဘာသည် သေဆုံးသွားသော
မောင်မောင်လေးကို အလွန်ချစ်ခင်သူဖြစ်၏။ မွေးကာစ ကလေးမလေး ၀င်းဝင်းညွှန့်ကို
အဆိုပါ ကားမောင်းသူအား ပြရာ၊ ၎င်းကလေးမလေး၏ တင်ပါးကိုလှန်ကြည့်၏။
ထိုသို့ကြည့်၍ အမာရွတ်အမဲကွက်လေး တစ်ခုကိုတွေ့ရာ၊ ၎င်းက ၀မ်းသာအားရ
စွာဖြင့် ဒီမှာကျွန်တော် မောင်မောင်လေး၏ အလောင်းကိုမမြုပ်မီ မီးသွေးဖြင့် ခြစ်ထား
သော အမှတ်ဟု မွေးကာစကလေးမလေး၏တင်ပါးကို လက်ညှိုးထိုးပြရင်း ဦးခင်ညွှန့်တို့အား
ပြောပြသည်ဟုဆို၏။
ကလေးမလေး ၀င်းဝင်းညွှန့် တစ်စတစ်စကြီးပြင်းလာ၍ စကားအတော်အတန်
ပြောတတ်လာသောအခါ၊ သူမသည်ကား အတိတ်ဘ၀က မောင်မောင်လေး ဖြစ်ခဲ့သည်
သာမက ဦးခင်ညွှန့်၏ မိခင်ဒေါ်ဦးရွှေလည်း ဖြစ်ခဲ့သေးသည်ဟု ပြောပြသည်ဆို၏။
ထိုသို့ ပြောပြရာတွင်၊ ကလေးမလေးဝင်းဝင်းညွှန့်သည် ၎င်း၏ လက်ရှိအခြေအနေအရ
ဘယ်နည်းနှင့်မျှ မသိနိုင်၊ မမြင်နိုင်၊ မကြားနိုင်သော ဒေါ်ဦးရွှေ၊ မောင်မောင်လေးတို့
အသက်ရှင်စဉ်ကရှိသော လူအမည်များ အရာဝတ္ထုတို့၏ အမည်များ အခြားအဖြစ်အပျက်
များ စသည်တို့ကိုပါ ထုတ်ဖေါ်ပြောဆိုသဖြင့် သူမသည် ဘ၀ဟောင်း၌ ဒေါ်ဦးရွှေလည်း
ဖြစ်ခဲ့သည်၊ မောင်မောင်လေးလည်း ဖြစ်ခဲ့သည်ဆိုသည်ကို ဦးခင်ညွှန့်နှင့်ဒေါ်မူမူတို့
နှစ်ဦးစလုံးက ယုံကြည်ကြပါသည်။ တစ်ခါတစ်ရံ ကလေးမလေးသည် သတိလစ်ပြီး
၎င်း၏ လက်ရှိဘ၀ ဖခင်ဖြစ်သူဦးခင်ညွှန့်အား သားသားဟု ခေါ်လေ့ရှိ၏။
ဤအကြောင်းများကို ဦးခင်ညွှန့်နှင့်ဒေါ်မူမူတို့က ၎င်းတို့၏ ရန်ကုန်မြို့
ကင်းဘဲလမ်းရှိ နေအိမ်တွင် မစ္စတာဖရန်ဆစ်စတိုရီအား အင်္ဂလိပ်ဘာသာဖြင့် ပြောပြနေစဉ်
ကလေးမလေး ၀င်းဝင်းညွှန့်လည်း အနားတွင် ကစားနေရာ ဒေါ်ဦးရွှေ၏ အမည်ကို
ကြားတိုင်းကြားတိုင်း ဒေါ်ဦးရွှေဟာ ကျွန်မဟု ၎င်းက ဟစ်အော်၍ ပြောဆိုသည်ဆို၏။
ဤကိစ္စနှင့် ပတ်သက်၍ သုတေသန ပြုလုပ်သော ကွယ်လွန်သူ ဖရန်ဆစ်စတိုရီ၏
မှတ်ချက်အချို့၏ အကျဉ်းချုပ်မှာ-
အတိတ်ဘ၀ဟောင်းများကို မှတ်မိသည်ဆိုသော ကလေးသူငယ်များသည်
အများအားဖြင့် အသက်အရွယ်နှင့်မလိုက်အောင် အသိဉာဏ်ထက်မြက်သူများ ဖြစ်
ကြသည့်အလျောက် ကလေးမကလေး ၀င်းဝင်းညွှန့်သည် မကြာခဏ ရွှင်လန်း
ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဒေါ်ဦးရွှေဆိုတာ တခြားမဟုတ်ပါဘူး၊ ကျွန်မပါဘဲဟု ဒေါ်ဦးရွှေ
၏ အမည်ကို ကြားတိုင်းကြားတိုင်းထုတ်ဖေါ်ပြောဆိုကာ နေတော့၏။
ဤကဲ့သို့မိမိတို့၏ ဘ၀ဟောင်းများကို မှတ်မိသည်ဆိုသော လူဝင်စားကိစ္စများကို
ယေဘုယျအားဖြင့် ဝေဖန်သုံးသပ်ကြည့်ရာ၊ ၎င်းတို့သည် အများအားဖြင့် အတိတ်ဘ၀က
နေရာအရပ်ဒေသ၊ အပေါင်းအသင်း ဆွေမျိုးသားချင်း အသိုက်အ၀န်းအတွင်းတွင်
လည်းကောင်း အထူးသဖြင့် သက်ဆိုင်ရာ မိသားစုအတွင်း၌ ၎င်း၏ဘ၀သစ် ဇာတိ
ပဋိသန္ဓေ ဖြစ်လေ့ရှိသည်ဟု သိရပါသည်။ ဤသို့ဖြစ်လေ့ရှိသည်မှာ စိတ်အစွဲမလမ်း
ဥပါဒါန်ကြောင့်ဟု ဆိုရပါသည်။
ဗုဒ္ဓ၀ါဒအရ ပုဂိ္ဂုလ်သတ္တ၀ါဟု သမုတ်သည့် ခန္ဓာအစဉ်သည် အတွေးအခေါ်
စိတ်ကူးစိတ်ကမ်း နာမ်တရားသက်သက်ဖြစ်သောကြောင့် အခက်အခဲပြဿနာမပေါ်ပါ။
ဝေါဟာရ အရမှာလည်း တည်မြဲသောသဘော လုံးဝကင်းလျက် ကျိုးကြောင်းနိယာမ
ဥပါဒ်ဌီဘင် ဖြစ်ပျက်အစဉ် ဘ၀ရေစီးကြောင်းသာဖြစ်ပါသည်။ သေပြီးသည့် နောက်ပိုင်း၌
ယင်းပုဂိ္ဂုလ် သတ္တ၀ါဆိုသည့် ခန္ဓာအစုအဝေးသည် အားလုံး ဆိတ်သုဉ်းပျောက်ပျက်
သွားပါသည်။ ဘာမျှ မကျန်တော့ပါ၊ ကျန်သည်မှာ ကံဆိုသည့် ပြုခဲ့သောအမှု၏
အဟုန်အရှိန် တန်ခိုး(၀ါ) ဓါတ်အားသာ ဖြစ်ပါသည်။ ယင်းကျန်သည့် ကံအဟုန်ဓါတ်
အားသည် ဘ၀သစ်၌ ပုဂိ္ဂုလ်သစ် သတ္တ၀ါလို့ သမုတ်သည့် ခန္ဓာနာမ်ရုပ်သစ်ကို
ဖန်တီးပေးပါသည်။
နောက်ဆုံး၌ မှန်ကန်သောအနက်အဓိပ္ပါယ်ကို မည်သို့ပင် ရသည်ဆိုဦးတော့
ယခုကဲ့သို့ ထူးထွေဆန်းပြားသော အဖြစ်အပျက်သဘာဝ အတွေ့အကြုံများ တင်းကြမ်း
အတိရှိနေသည့် ပြဿနာရပ်မျိုးကို (၀ါ) လူဝင်စားကိစ္စကို ဇာတိပဋိသန္ဓေဒေသနာ(၀ါ)
ဗုဒ္ဓ၏ဒေသနာကို မကိုးကားဘဲ ရှင်းလင်းသောအဖြေကို ရှာဖို့ရန် ခက်ခဲမည်ဖြစ်ကြောင်း။
သိပ္ပံပညာ၏ နောက်ဆုံးတွေ့ရှိထားသော အီအက်စ်ပီပရ၀ိညာဉ် အဘိညာဏ် စိတ်
အမျိုးမျိုး(၀ါ) တယ်လီပါသီ ကလဲယားဗောယင့် ဆိုက်ကိုမတ္တရီပရီကော်နီရှင်း အစရှိ
သည်တို့ကိ လိုသည်ထက် ပိုပြီးအားထားမည့်အစား ဤကိစ္စတွင် ၀င်းဝင်းညွှန့် ဆိုသည့်
ကလေးမကလေးသည် ၎င်းပြေဆိုချက်အတိုင်း အတိတ်အတိတ်က ကမ္မ၀ိပါက၊
ကံ၊ ကံ၏အကျိုး၊ ဗုဒ္ဓ၏ ဇာတိပဋိသန္ဓေဒေသနာတော်အရ ဒေါ်ဦးရွှေလည်း ဖြစ်ခဲ့၊
မောင်မောင်လေးလည်း ဖြစ်ခဲ့ဆိုသည်ကို လက်ခံယုံကြည်ခြင်းက ပို၍ သက်သာ
လွယ်ကူမည် ဖြစ်ပါကြောင်း။
ဘ၀ဟောင်းကို မှတ်မိသည်ဆိုသော ရန်ကုန်မြို့နေ ကရင်လူငယ် စံထွန်း။ရန်ဆစ်စတိုရီ၏သုတေသနဆောင်းပါး။
နောက်တစ်ခုက အက်စ်တီ(စံထွန်း) ဆိုသူ ကရင်လူငယ်တစ်ဦးသည် ၁၉၄၉
ခုနှစ် ပိုင်းလောက်တွင် ကွယ်လွန်သူ သုတေသီဆောင်းပါးရှင် ဖရန်ဆစ်စတိုရီ၏
ရန်ကုန်မြို့နေ မိတ်ဆွေတစ်ယောက်၏ လက်အောက်တွင် အလုပ်လုပ်ကိုင်နေပါသည်။
၎င်းလူငယ်၏ လက်ခြေတို့သည်ကား အလွန်ထူးဆန်းသော အမာရွတ်များကြောင့်
ပုံပျက်ပန်းပျက် ဖြစ်နေ၏။ ၎င်း၏ ညာလက်ဖ၀ါးပြင် အလယ်ဗဟို၌ သာမန်
လက္ခဏာမျဉ်းကြောင်းများထက် များစွာနက်ရှိုင်းသော အမာရွတ်ကြောင်းကြီးတစ်ခုရှိရာ၊
၎င်းအမာရွတ်ကြောင်း၏ အထက်ပိုင်း လက်ဖ၀ါးပြင်သည် အောက်ပိုင်းလောက် သန်မာ
ကြီးထွားခြင်းမရှိပါ။ လက်မောင်းအောက်ပိုင်း တစ်လျှောက်တွင်လည်း အမာရွတ်နှင့်
အခြားအမှတ်အသားများ ရှိကြ၏။ သို့သော် လက်ဖ၀ါးပြင်ရှိ အမာရွတ်လောက်
မကြီးမား မထင်ရှားပါ။ ဘယ်ဘက်မှာလည်း အလားတူ အမာရွတ်ကြီးရှိ၏။
သို့သော် ညာဘက်လက် အမာရွတ်လောက် မကြီးပါ။ ခြေနှစ်ဘက်စလုံးနှင့် ခြေသလုံးများ
ပေါ်တွင်လည်း အမာရွတ် အသီးသီးရှိ၏။ သို့သော် မထင်ရှားလှပါ လက်ဝဲဘက်
ခြေထောက ခြေချောင်း နှစ်ချောင်းသည်လည်း ပူးကပ်နေ၏။ ရန်ကုန်မြို့ရှိ နာမည်ကျော်
ဆရာဝန်ကြီးတစ်ဦးက ၎င်းသူငယ်၏ အမာရွတ်အမှတ်အသားများ (၀ါ) ရုပ်ပျက်
ဆင်းပျက် ဖြစ်သည့်အင်္ဂါရပ် အားလုံးတို့ကို စစ်ဆေးကြည့်ရှုပြီး၊ ၎င်းတို့သည်
အမိဝမ်းတွင်းမှပါလာသော်လည်း အမိဝမ်းတွင်း၌ရှိစဉ် ထိမိခိုက်မိသော ဒဏ်ရာဒဏ်ချက်
များလည်းမဟုတ်၊ ကိုယ်ဝန်ဆောင် ရောဂါဝေဒနာတစ်ခုခုကြောင့်ဖြစ်သော အင်္ဂါ
ချွတ်ယွင်းချက်များလည်းမဟုတ်ကြောင်း ဆေးလက်မှတ်တွင် မှတ်ချက်ချထားပါသည်။
သူငယ်ကလေးကို စစ်ဆေးမေးမြန်းကြည့်ရာ ၎င်းအမာရွတ်များသည် မွေး
ကတည်းက ပါလာကြောင်း၊ ငယ်စဉ်ကလေးဘ၀က ၎င်းတို့သည် အလွန်ထင်ရှား
ပေါ်လွင်ကြောင်း၊ သူ၏ ပူးတွဲသော ခြေချောင်းကလေးများသည် အစက သုံးချောင်း
ဖြစ်ကြောင်း၊ သူ၏ဖခင်က ခြေချောင်းတစ်ချောင်းကို အိမ်သုံးဓါးဖြင့် ခပ်ကြမ်း
ကြမ်း ခွဲပေးလိုက်ကြောင်း၊ သူသည်ငယ်စဉ် ကလေးအဖြစ် အခါတစ်ပါး၌ သူ၏
အမေနှင့် ခြင်ထောင်အတွင်း၌ လဲလျောင်းနေကြစဉ် အမေအားပြောပြဖူးသည်မှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
အတိတ်ဘ၀ကို မှတ်မိကြောင်း၊ ၎င်းအတိတ်ဘ၀၌ ဖခင်ဖြစ်သူ သေဆုံးသွားရာ
အိမ်သုံးလုံးကျန်ခဲ့ကြောင်း၊ ငွေသားများထည့်ထားသည့် စဥ့်အိုးကြီးသုံးလုံးနှင့် အခြား
ရွှေငွေကျောက် မျက်ရတနာများလည်း ကျန်ရှိခဲ့ကြောင်း၊ ဖခင်သေဆုံးပြီးနောက်
အိမ်တစ်လုံးတွင် မိမိတစ်ဦးတည်း သားမယားမရှိ၊ အခြားအဖေါ်အပေါင်းလည်း
မရှိဘဲနေထိုင်ခဲ့၏။ ညဥ့်တစ်ညဥ့်တွင် ဓါးပြများ အိမ်အတွင်း ဖေါက်ထွင်းဝင်ရောက်လာ
ပြီး ရွှေငွေပစ္စည်းများကို တောင်းရာ ထုတ်မပေးသောကြောင့်၊ ဓါးပြတို့က ၎င်းကိုဝါယာ
ကြိုးဖြင့် ခြေလက်တို့ကိုတုတ်နှောင်ပြီး အိမ်၏ဒေါင့်တစ်ဒေါင့်တွင် ရိုက်နှက်ကာ ပစ်ထား
ခဲ့ပြီး ရွှေငွေပစ္စည်းများကိုယူလျက် ထွက်သွားကြ၏။
ခြေလက်တို့ကို ၀ါယာကြိုးဖြင့် တုတ်နှောင် အရိုက်အနှက်ခံရပြီး အိမ်ထဲတွင်
သုံးရက်ပတ်လုံး သတိရတစ်ချက် မရတစ်ချက် ဖြစ်နေစဉ် အတော်ကလေးထင်ရှားစွာ
သတိပြုမိသည်မှာကတော့ ၀ါယာကြိုးဖြင့် တုတ်နှောင်ထားသည့် ဒဏ်ရာကြောင့်
သူ၏လက်မှ သွေးများ တစ်စက်တစ်စက် ခြေချောင်းများပေါ်သို့ ကျဆင်းသဖြင့် ခြေချောင်း
သုံးချောင်းကို သွေးခဲများ ဖုံးလွှမ်းနေခြင်းဖြစ်၏။ တတိယနေ့ ညဥ့်ဘက်၌ သတိရ
သည်မှာ အိမ်ခန်း၏ ဒေါင့်တစ်နေရာတွင် လဲကျနေသော ၎င်း၏ ခန္ဓာကိုယ်
ရုပ်ကလာပ်ကို တွေ့မြင်ရခြင်းဖြစ်၏။ တွေ့စဉ် အံ့အားသင့်သော်ငြားလည်း နောက်ပိုင်း၌
ထိုလဲကျနေသော လူ့ခန္ဓာကိုယ်မှာ မိမိ၏ ခန္ဓာကိုယ်ပင်ဖြစ်ကြောင်း အသေအချာသိရှိလာ
သည်သာမက မိမိ၏ အသက်ဝိညာဉ်သည်ပင် မထင်ရှားသော ပုံသဏ္ဍာန်အသွင်
နိမိတ်တစ်မျိုး၌ သက်ရောက်နေကြောင်း ရိပ်စားမိလာ၏။ အခြားအမှတ်ရမှု သတိတို့ကား
ဇဝေဇ၀ါ ဖြစ်နေ၏။ ဘ၀ဟောင်းတစ်ခုသို့ ရောက်သွားသည်ဟူ၍လည်း အောက်မေ့၏။
ဘယ်လောက်ကြာကြာရောက်သွားသည်ကိုတော့ အခန့်မှန်းတတ်ပါ၊ ရက်ပိုင်းလောက်
ကြာလျှင်ကြာမည်၊ လပိုင်း၊ နှစ်ပိုင်းလောက် ကြာချင် ကြာမည်၊ သို့မဟုတ်နှစ် ရာပေါင်း
များစွာ ကြာလျှင်လည်းကြာမည်။ ထိုအခါ မိမိခန္ဓာကိုယ် ဘယ်လိုဖြစ်သွားသည်
ကိုတော့မမှတ်မိပါ၊ မှတ်မိတာက မသေမီ အခိုက်အတန့်အဖြစ်အပျက်နှင့် (၀ါ)
ဓါးပြတိုက်သည့်အကြောင်းနှင့် ဓါးပြများ တိုက်ယူသွားသော ရွှေငွေပစ္စည်းများကို
ပြန်ရဖို့ စိတ်စောနေခြင်းသာ ဖြစ်ပါသည်။ သည့်နောက်ပိုင်းတွင် တစ်ဖန် သတိရသည်
မှာကတော့၊ အမျိုးသမီးကြီးတစ်ဦးသို့ အာရုံစိုက်မိသွားခြင်း ဖြစ်ပါသည်။ ၎င်းအမျိုးသမီး
ကြီး သွားလေရာသို့ တကောက်ကောက်လိုက်ရင်းလိုက်ရင်း မည်သို့မည်ပုံ ဆိုက်ရောက်
လာသည်ကိုတော့ အတိအကျအမှတ်မိတော့ပါ။ ထိုအမျိုးသမီးကြီး၏ သားအဖြစ် တစ်ဖန်
မွေးဖွားလာရသည်ကိုတော့ သတိရရှိပါသည်။
ဤသည်တို့မှာ ကရင်လူငယ်ကလေးက ၎င်း၏ မိခင်ဖြစ်သူအား စကား
မပီကလာပီကလာပြောတတ်သည့် ကလေးအရွယ်တွင် မိမိ၏ ခြေလက်များ၌
ထူးထူးဆန်းဆန်းအမာရွတ်များ ရှိခြင်းအကြောင်းနှင့် ပတ်သက်၍ မှတ်မိသလောက်
ပြန်လည်ပြောပြသော ဘ၀ဟောင်းအကြောင်းကို အတိုချုံး၍ ဖေါ်ပြခြင်းဖြစ်ပါသည်။
ကွယ်လွန်သူ ဆောင်းပါးရှင်၏ ဝေဖန်ချက်အချို့မှာ အောက်ပါအတိုင်းလိုလို
ပင် ဖြစ်ပါသည်။
ယခုကိစ္စတွင် တဏှာဥပါဒါန်အစွဲသည် အကြောင်းအရင်းဖြစ်သည်မှာ ပထမ
စိတ်ဝင် စားစရာကောင်းသည့် ထူးခြားချက်ဖြစ်ပါသည်။ အတိတ်ဘ၀က လူအဖြစ်၌
ဓါးပြတို့၏ လက်ချက်ဖြင့် သေဆုံးသွားပြီးနောက် ပြိတ္တာဘ၀တွင် လူ့ဘ၀တုံးကာ
ဓါးပြတိုက်ယူသွားသော ရွှေငွေပစ္စည်းဟောင်းများ နေရာထိုင်ခင်းအဆောက်အဦး
ဟောင်းကို စွဲစွဲလမ်းလမ်းဖြစ်နေသည်မှာ လူသားအမျိုးသမီးတစ်ဦးနှင့် ပက်ပင်းပါ
တွေ့ရှိသွားသည်အထိပင် ဖြစ်ပါသည်။ ပြိတ္တာများသည် မိမိတို့ လူ့ဘောင်ဘ၀ဟောင်းက
ပိုင်ဆိုင်ခဲ့သော ပစ္စည်းဥစ္စာများ၊ နေထိုင်ခဲ့သောဌာနေများ စသည်တို့ကို စွဲလမ်းကြ
သဖြင့် မကြာခဏ အဆိုပါပစ္စည်းများရှိရာနေရာများသို့ သွားရောက်ကျက်စားလေ့
ရှိကြသည်ဟု သိရပါသည်။
နောက်တစ်ချက်မှာ ဓါးပြများက ၎င်းကို ၀ါယာကြိုးဖြင့် လက်ခြေတို့ကို
တုတ်ထားပြီး ရိုက်နှက်ထားသော ဒဏ်ရာဒဏ်ချက်တို့ကြောင့် အတော်ပြင်းထန်သော
ဝေဒနာ ခံစားနေရပါသည်။ ထိုဝေဒနာကြောင့် ၎င်း၏စိတ်သည်လည်း ပြင်းထန်စွာ
တုန်လှုပ်ချောက်ချားနေပါသည်။ ထိုပြင်းထန်စွာ တုန်လှုပ်ချောက်ချားနေသော
စိတ်သည်ပင် ၎င်း၏ မရဏာသန္န နောက်ဆုံးဇောစိတ်ဟု ဆိုရပါသည်။ ၎င်းနောက်ဆုံး
ဇောစိတ်သည်ပင် အဘိဓမ္မာအရ ဘ၀သစ်အကျိုးကို ပေးပါသည်။
အားလုံးကိုခြုံကြည့်လိုက်လျှင် ဤကိစ္စသည်ကား ဘ၀တစ်ခုနှင့်တစ်ခု ကျိုး
ကြောင်း ပစ္စည်းပစ္စယသတ္တိဖြင့် တိုက်ရိုက်ဆက်သွယ်ရာတွင် စိတ်ဓါတ်၏ တန်ဖိုးသတ္တိ၊
စိတ်၏ အာနိသင် အရှိန်အဟုန်သည် ခန္ဓာကိုယ်နှင့် ရုပ်ဝတ္ထုအပေါ်တွင် မည်မျှ
အကျိုးသက်ရောက်နိုင်သည်ကို ပြသဖို့ သက်သေခံအထောက်အထားတစ်ခုဖြစ်သည်ဟု
ဆိုရပါမည်။
ဘ၀သစ်လူဝင်စားဆိုသည့် ပြဿနာရပ်များကို သုတေသန ပြုလုပ်ရာတွင်
နည်းလမ်း အမြောက်အမြားရှိကြသည့်အနက် အနည်းငယ်လောက်သောနည်းလမ်းများ
ကိုသာ ယခု တင်ပြနိုင်ပါသည်။ ခေတ်အဆက်ဆက်၌ လူအများတို့ မမှိတ်မသုန်
ယုံကြည်လက်ခံလာခဲ့သော ဘ၀အစဉ်အဆက် သို့မဟုတ် ဘ၀၏ဖြစ်စဉ်ဆိုသည့်
သဘောတရားသည်ကား အသိဉာဏ်ယှဉ်သော ယုံကြည်ချက်ရှိသူများ၏ အခြေပြု
လုပ်ငန်းများအတွက်ရော စာရိတ္တ ထိန်သိမ်းရေးအတွက်ပါ အခြေခံပဓါနကျသော
တရားဖြစ်ပါသည်။မနုဿလူသားတို့၏ နာဂတ်ကောင်းစားရေး တိုးတက်ဖွံ့ဖြိုးရေး
သည် ဘ၀သစ် (၀ါ) ဘ၀သစ် ဘ၀ဟောင်းဆိုသည့် ဗုဒ္ဓ၏ ဇာတိပဋိသန္ဓေ သဘော
တရားကို လက်ခံအသိအမှတ်ပြုခြင်း၊ ၎င်းတရားကို အခြေခံသည့် ကိုယ်ကျင့်တရား
(၀ါ) စာရိတ္တမြှင့်တင်ရေးတရားကို လုံးဝနားလည်သဘောပေါက်ခြင်း စသည်တို့
အပေါ်တွင် တည်လျှက်ရှိသည်ဟု ဆိုရပါမည်။ လူသားတို့အတွက် မိမိတို့၏ မြတ်လှစွာ
သော သစ္စာအမှန်တရားကို အကြွင်းမရှိ ပြန်လည်သုံးသပ်၍ ဤလူ့ကျင့်ဝတ်သီလ
သမာဓိတရားတို့ကို အားသစ်လောင်းပေးရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း။
ဤကဲ့သို့မျှ အဆောင်ရွက် မလုပ်ကိုင်နိုင်လျှင် သ၀ိညာဏသတ္တ၀ါတို့၏
လောက အတွင်းဝယ် လူသားတို့အား ယခုလက်ရှိအခြေအနေ အဆင့်အတန်းသို့
အရောက်ပို့ဆောင်ရာတွင် အားကိုးခဲ့သော ကျွန်ုပ်တို့၏ အရည်အသွေးအားလုံး
ပျက်ပြားပျောက်ဆုံးရမည့်ဘေးကြီးနှင့် ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ဘ၀သစ် ဇာတိ
ပဋိသန္ဓေ သဘောတရားဆိုသည်ကို လက်ခံအတည်ပြုသော လောကပါလ ကမ္ဘာစောင့်
ကိုယ်ကျင့်တရားများကို အပြည့်အ၀ ပြန်လည်ကျင့်သုံးကြမည်လည်း ဖြစ်ပါသည်။
ထိုင်း(ယိုးဒယား) နိုင်ငံဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်ဖရာ ရာစာသုတာဂျန်၏
ဖြစ်ရပ်သည် အထက်ပါလူဝင်စားများနှင့်တူပါသည်။ ဖရန်ဆစ်စတိုရီဆောင်းပါး။
ထိုင်း(ယိုးဒယား) နိုင်ငံ ချန်ဝမ်ဆုရင်အရပ်ရှိ ဖရာသီဒီ ဘုန်းကြီးကျောင်း
တိုက်တွင် သီတင်းသုံးနေတော်မူသော ထိုင်းအမျိုးသား ဗုဒ္ဓဘာသာဝင် ဘုန်းတော်
ကြီး အရှင်ဖရာ ရာစာသုတာဂျန်၏ ဖြစ်ရပ်သည် အထက်နားတွင် ဖေါ်ပြထားသည့်
ဘ၀ဟောင်းများကို မှတ်မိသည်ဆိုသသော လူဝင်စားများနှင့် ခပ်ဆင်ဆင်တူပါသည်။
အဆိုပါ ထိုင်းအမျိုးသားဘုန်းတော်ကြီး ထိုင်း(ယိုးဒယား) နိုင်ငံ
ဆူရင်တိုင်း၊ စီတီးခရိုင်၊ နဘူးဝါးရွာတွင် ၁၉၀၈ ခုနှစ် အောက်တိုဘာလ ၁၂
ရက်နေ့တွင် ဖွားမြင်၏။ သူစကားကောင်းစွာပြောတတ်သည့် အရွယ်သို့ မရောက်
တရောက်တွင် ၎င်း၏ဘ၀ဟောင်းကို မှတ်မိသည်ဆိုပါ၏။ ထိုအတိတ်ဘ၀၌ သူသည်
ဦးလင်းအမည်ရှိ လယ်သမားကြီးတစ်ဦးဖြစ်၍ မွေးပေါက်ဖေါ် နှမလေးယောက်နှင့်
ညီနှစ်ယောက် ရှိခဲ့ပါသည်။
၁၉၈၀ ခုနှစ် အောက်တိုဘာလ ၁၄ ရက် အသက် ၄၅ နှစ်အရွယ် နေ့တွင်
လယ်သမားကြီးဦးလင်းသည် အဖျားရောဂါတစ်မျိုးဖြင့် သေဆုံးသွားရာ၊ ပါစိုးမီးခေါ်
သမီးသုံးဦးကျန်ခဲ့ပါသည်။ ၎င်းတို့၏ အသက်မှာ ၇၄ နှစ်၊ ၆၇ နှစ် နှင့် ၆၅ နှစ်
အသီးသီးဖြစ်ကြ၏။
ဘုန်းတော်ကြီး ဖရာရာစာသုတာဂျနီ၏ ပြောပြချက်အရ ဦးလင်းသေဆုံး
သွားပြီးနောက် ညီမငယ်ရီယန်၏ သားငယ်အဖြစ် တစ်ဖန် ဘ၀သစ်တွင် မွေးဖွားလာပါ
သည်။ အဆိုပါ ဘ၀သစ် ပဋိသန္ဓေသည် သာမန်အစဉ်အလာအတိုင်း မဟုတ်ပါ။
ဦးလင်း၏ နာမ်ခန္ဓာဝိညာဉ်သည် ဦးလင်းမသေမီ တစ်ရက်က ဦးလင်း၏ ညီမ
မွေးထုတ်ထားသော သားငယ်၏ ရုပ်နာမ်အတွင်းသို့ ရောက်သွားခြင်းဖြင့်
အတိတ်က နှမတော်စပ်သူသည် ယခုပစ္စုပ္ပန်၌အမိဖြစ်၏။ ပြောပြချက်အရ အတိတ်ဘဝ
ဦးလင်းအဖြစ်သေဆုံးသည့်နောက် ဖရာရာဇာသုတာဂျန်အဖြစ် ပစ္စုပ္ပန်ဘ၀သစ်၌ မွေးဖွား
မလာမီ တို့တောင်းလှသည့် ကာလအတွင်း ဖြစ်ပေါ်လာသော အခြင်းအရာတို့သည်ကား
အလွန်သိသာထင်ရှားလှပါသည်။ ဦးလင်းသေဆုံးပြီးနောက် သူ၏ အသေကောင်
ရုပ်ကလာပ်ကို အိမ်ရှေ့ဝရန်တာရှိ ဖျာပေါ်တွင် ချထားသည်ကို တွေ့မြင်ရသည်ဆို၏။
သူ့အလောင်းကို မီးသင်္ဂြိုလ်သည်ကိုလည်း သူတွေ့ရ၏ မီးသင်္ဂြိုလ်အပြီး ထုံးစံအတိုင်း
အရိုးတို့ကို အိမ်သို့ပြန်ယူဆောင်လာသည်ကို တွေ့ရ၏။ ဈာပန၌ ဘုန်းတော်ကြီးများ
ရွတ်ဖတ်သရဇ္ဇာယ်ကြသည်ကိုလည်း တွေ့ရသည်ဆို၏။
သူ၏ စိတ်နေစိတ်ထားအကြောင်းကို ပြောပြရာ၌ သူသည် ထိုအခါ အရပ် ရှစ်ရပ်
မျက်နှာစလုံးကို မြင်သည်ဟုမှတ်ထင်၏။ ဈာပနအခမ်းအနားကျင်းပနေစဉ် သူစဉ်းစား
မိသည်မှာကတော့ သူ၏ညီမတစ်ယောက်သည်၊ သူမသေမီတစ်ရက်၌ သားယောက်ျား
လေးတစ်ဦး မျက်နှာမြင်ခြင်းဖြစ်၏။ ဤသို့စဉ်းစားမိသည်နှင့် တစ်ပြိုင်နက် သူသည်
မွေးစအရွယ်နှင့်အတူ လဲလျောင်းနေသော ညီမ၏ နံဘေးသို့ ရောက်နေသည်ကို
သိရတော့၏။ ထိုအခါ ဦးလင်း၌ မိခင်နှင့်ကလေး နှစ်ဦးစလုံးကို ချစ်ခင်သည့်စိတ်
ဖြစ်လာ၏၊ ကလေးကို ကိုင်တွယ်ကြည့်လိုသည့် ဆန္ဒလည်း ပြင်းပြလာ၏၊ သို့သော်
အနှောင့်အယှက်မဖြစ်စေလိုပါ။ ထိုခဏ၌ ကလေးအမေဖြစ်သူသည် ဦးလင်း၏ နာမ်ခန္ဓာ
(၀ါ) နာမကာယ၀ိညာဏ်ကိုသိမြင်ဟန် လက်္ဓာရှိ၏။ ဦးလင်းသည် သေဆုံးသွားပြီးဖြစ်
သောကြောင့် ကိုယ့်နေရာကိုယ်သွားဖို့ကောင်း၏ဟု သူမကပြောဆိုသည်ကို ကြားရ၏။
ထိုအခါ ဦးလင်းသည် ထွက်သွား၏။ နောက်အပြင်ဘက်မှနေ၍ စောင့်ကြည့်ကာ သူ၏ညီမ
အိပ်ပျော်သည်ဟု သိလျှင် သူဝင်လာပြန်၏။ ညီမဖြစ်သူ နိုး၍ သူ့အားမြင်လျှင် ထွက်သွား
ရန်ပြောပြန်၏၊ သူဒုတိယအကြိမ်ထွက်သွားပြန်၏။ ဦးလင်း၏စိတ်ကို ဆွဲဆောင်သည့်
အာရုံဓါတ်သည်ကား ပြင်းထန်လှ၏၊ နောက်ဆုံးအနေဖြင့်လည်း ဦးလင်းသည် တစ်ခါတည်း
အပြီးအပိုင်ထွက်ရန် ဆုံးဖြတ်ချက်ချ၍ လှည့်ပတ်လိုက်သည်နှင့်တပြိုင်နက် ချာချာ
လည်သလိုဖြစ်သွားပြီး သူ၏သိစိတ်သည် ပျောက်သွားတော့၏။ လုံးလုံး ဘာမျှမသိ
တော့ချေ၊ နောက်ပုခက်ငယ်တစ်လုံးတွင် ကလေးငယ်လေးတစ်ဦးအနေဖြင့် လဲလျောင်း
နေသည်ဟု သတိရှိမိ၏။ သူ့ကိုသူဦးလင်းဘဲဟု အောက်မေ့နေသေး၍ အတိတ်ဘဝ
အကြောင်းများကို စဉ်းစားသေး၏။ ဘ၀သစ်၏ အခြေအနေအရ၊ စကားမပြောနိုင်
မရပ်နိုင်၊ မလျှောက်နိုင်သောကြောင့် သူအလွန်စိတ်ဆင်းရဲ၏။ ထိုသောအခါ ဦးလင်းသည်
ဘယ်သူ့ကိုမှ မမှတ်မိ၊ ဘာကိုမှ မစဉ်းစားတတ်ဖြစ်၏၊ သူ၏ ကိုယ်နေကိုယ်ထားကို
ပြောင်း၍ ၀မ်းလျှားမှောက်နေလျှင် ဘ၀ဟောင်း၌ သိရှိခဲ့သည့် လူတွေအားလုံးကို
သတိရလာ၏။ တွေ့ချင်မြင်ချင်လာ၏။ ပထမဦးဆုံးသူ၏ သားချင်းဆွေမျိုးများ၏
အမည်များကို၊ ပုံပန်းသဏ္ဍာန်များနှင့် အမူအကျင့် လက္ခဏာများ၊ နောက်မိတ်ဆွေ
သူငယ်ချင်းများ၊ နောက်အိမ်နီးချင်းများ စသည်တို့ကို တစတစ သတိရလာပြီး
အားလုံးကို တွေ့ချင်မြင်ချင်လာ၏။
ဦးလင်းဝင်စားသည်ဆိုသော ဖရာရာဇသုကာဂျန်သည် စကားပြောတတ်သည့်
အရွယ်သို့ ရောက်လျှင်ရောက်ချင်းဆိုသလို၊ ၎င်း၏ ဘ၀ဟောင်းအကြောင်းကို စတင်
ပြောသည်ဆို၏။ မည်သူကမှ စေ့ဆော်မပေးရဘဲ အတိတ်ဘ၀က ဆွေမျိုးသားချင်းများ
၏ အမည်များ၊ ညီအစ်ကို မောင်နှမများ မိခင်ဟောင်းမချမ်းမနှင့် ဖခင်ဟောင်းဝသာဝ
(ယခုအခါ အဘိုးအဘွားများဖြစ်သူများ) အကြောင်းတို့ကို ကောင်းမွန်မှန်ကန်စွာ
ပြောပြနိုင်ပါသည်။ အသက် ၁၆နှစ် အရွယ်သို့ ရောက်သောအခါ ဖရာရာဇသုကာဂျန်
သည်၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသို့သွား၍ ရှင်သာမဏေအဖြစ်
သင်္ကန်းဝတ်နေလေသည်။ အတိတ်ဘ၀၌ ဦးလင်းအဖြစ်ရှိနေစဉ်အလည်း ၁၇ နှစ်သား
အရွယ်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ရှင်သာမဏေအဖြစ် သင်္ကန်းစည်းနေရာ
အသက် ၂၅ နှစ်အရွယ်သို့ရောက်မှ လူထွက်လိုက်သည်။
ဤသည်တို့မှာ ကွယ်လွန်သူ ဆောင်းပါးရှင် ဖရန်စစ်စတိုရီ ရေးသားခဲ့သည့်
မှတ်တမ်းကို အကျဉ်းအားဖြင့် ဖေါ်ပြခြင်းဖြစ်ပါသည်။ ယခုကိစ္စနှင့် ပတ်သက်၍
၎င်း၏ ဝေဖန်ချက်အချို့ကို အောက်တွင် အကျဉ်းရုံး၍ မြန်မာပြန်တင်ပြလိုက်ပါသည်။
လူဝင်စား ဘ၀သစ်ပြဿနာတို့အနက်၊ အတော်များများသည် လူ့ဘ၀တစ်ခုနှင့်
တစ်ခုအကြား စပ်ကူးမတ်ကူးကာလ၌ သိစိတ်သက်သက်(၀ါ) ရုပ်ဝတ္ထုအတည်ဒြပ်
ကင်းလျက် နာမ်ဓါတ်ဝိညာဏ်သာရှိသော ဘ၀လည်းရှိတတ်သည်ကို ဖေါ်ပြပါသည်။
အချို့တို့တွင် အိမ်မက်မြင်မက်သည်ထက် ထင်ရှားပြတ်သားသောအကြောင်းအရာ အဖြစ်
အပျက် အစဉ်ကြီးများကို ဇာတ်ကွက်ဇာတ်လမ်းပမာ ကွက်ကွက်ကွင်းကွင်း အကျယ်
တ၀င့် ဖေါ်ထုတ်ထားသည်ကို တွေ့ရပါသည်။ ယင်းအဖြစ်အပျက် အကြောင်းအရာ
များသည် ၀ိညာဏဓါတ် စိတ်ပိုင်းဆိုင်ရာအတွေ့အကြုံများသာ စင်စစ်ဖြစ်သည်ဆိုလျှင်
ခန္ဓာကိုယ်အတည်ဒြပ် လုံးဝကင်းသော နာမ်သဘာဝသိစိတ်ဝ်ညာဉ်လောက(၀ါ)
အရူပလောက ဆိုသည်မှာ ရှိသည်ဟူ၍လည်းကောင်း၊ သို့မဟုတ် မဟာပထ၀ီမြေပေါ်ရှိ
ယေဘုယျ ရုပ်ဝတ္ထုအထည်ကိုယ်ဒြပ်တို့နှင့် လားလားမှမတူဘဲ အလွန်နူးညံ့သိမ်မွေ့သည့်
ရုပ်သဘာဝတစ်မျိုးကို အမှီပြုသော နာမ်သဘာဝ သိစိတ်ဝိညာဉ်ဆိုသည်မှာ တကယ်ရှိ
သည်ဟူ၍လည်းကောင်း စသည့် အဆိုပြုချက်တို့ကို လက်ခံအတည်ပြုရန်သာရှိပါ၏။
အမှန်အားဖြင့် ရုပ်ဓါတ်ရုပ်သဘာဝဟူသည့် ဓါတ်အားတစ်မျိုးပင်ဖြစ်သောကြောင့် သာမန်
အားဖြင့်လူတို့၏ အာရုံခံအင်္ဂါ၊ အာရုံခံဒွါရတို့ အလှမ်းအမှီသော လောကများသို့
လည်း အကျိုးသက်ရောက်နိုင်မည်သာဖြစ်ပါသည်။
ဗုဒ္ဓဒအရ သိစိတ်ဆိုသည်မှာ ရှေ့ရေပျောက်ရာ နောက်ရေရောက်ကာ အမြဲမပြတ်
တရစပ် စီးဆင်းနေသော ရေအလျဉ်ကဲ့သို့ ဥပါဒ်ဌီဘင်သဘော ဖြစ်ပျက်အစဉ်ကွင်း
ဆက်ပမာ ဖြစ်နေသည့်အတိုင်း(၀ါ) ဥပါဒ်ဌီဘင်ဖြစ်ပျက်ခဏတိုင်းခဏတိုင်းကို ဘ၀သစ်
ဘ၀သစ်လို့ခေါ်ပါသည်။ ကြာသည်ဖြစ်စေ မကြာသည်ဖြစ်စေ အဘယ်နေရာ အဘယ်
ဌာန အဘယ်ဘုံဘ၀ မှာပဲဖြစ်ဖြစ်၊ ဘ၀သစ်ဟု ခေါ်ရပါမည်။ တစ်နည်းအားဖြင့်
အတိုချုံးပြောရလျှင် သတ္တ၀ါသည် သေသည်နောက်၊ ၎င်း၏ ၀ိညာဉ်သည် ၎င်း၏
ခန္ဓာကိုယ်မှ ထွက်ခွါသွားသည်ဟု အနောက်တိုင်းက ဟောကိန်းထုတ်သော်ငြားလည်း၊
ဗုဒ္ဓ၀ါဒီတို့ကမူ၊ ၀ိညာဉ်သစ်သည် ဘ၀သစ်အနေဖြင့် သတ္တ၀ါသေသည်နှင့် ရောက်လာ
သည်ဟု ဆိုပါသည်။ ဗုဒ္ဓကျမ်းဂန်အရ ဘ၀ဆိုသည်မှာ တစ်ခဏမှတစ်ခဏသို့
ဆက်ကာဆက်ကာ မွေးလိုက်သေလိုက် မွေးလိုက်သေလိုက် ဖြစ်ပျက်နေသည့်
ကွင်းဆက်အစဉ်ကြီးကို ခေါ်ပါသည်။ အထက်တွင်လည်း ပြောဆိုခဲ့ပါပြီ။
ဖရာရာဇသုကာဂျန်သည်၊ ၎င်း၏ အတိတ်ဘ၀တွင် ဦးလင်းအဖြစ် သေဆုံး
မသွားမီ လက်ရှိဘ၀တွင် မွေးဖွားလာသည့်အကြောင်းမှာ ဦးလင်း၏ စိတ်ဓါတ်လှိုင်း
သည် အထက်တွင်ပြောခဲ့သည့်အတိုင်း အလွန်ပြင်းထန်သောကြောင့် ၎င်းင်မသေမီတစ်ရက်
စောပြီး မွေးဖွားသည့် ကလေးကလေးတစ်ဦး၏ ခန္ဓာကိုယ်တွင်း ကိန်းဝပ်လျက် နေသော
အခြားပုဂိ္ဂုလ် သတ္တ၀ါ၏ကံ အဟုန်ကြောင့် ဖြစ်သော နာမကာယနာမ်ခန္ဓာအစဉ်(၀ါ)
ဝိညာဉ်ကို အပြီးဖြတ်တောက်လိုက်ပြီး အားအလွန်ကောင်းသော ၎င်း၏၀ိညာဉ်က
အစားဝင်လိုက်ခြင်းပင် ဖြစ်ပါသည်။
ဆောင်းပါးရှင် ဖရန်စစ်စတိုရီက ဆက်လက်ရေးသားသည်မှာ-
ယခုကိစ္စကို ထိုင်းလင်း(ယိုးဒယား) နိုင်ငံရှိ ဗုဒ္ဓဘာသာရေးဆိုင်ရာ နိုင်ငံတော်
ထိပ်တန်းအာဏာပိုင်များနှင့် ဆွေးနွေးခဲ့ပါသေး၏။ ဗုဒ္ဓကျမ်းဂန်များအရ စုတိစိတ်
ကျသေဆုံးသွားသူ တစ်ဦး၏ ကံအဟုန်သည်၊ ပဋိသန္ဓေစိတ်ခဏ၌ မိဘတို့ထံမှ မျိုးရိုး
အစဉ်အဆက် ဗီဇမျိုးစေ့နှင့် ဆက်မိကာ သန္ဓေသားကို အမိဝမ်းတွင်တည်ပေးပါသည်။
သို့သော် ယခု ဇရာရာဇသုကာဂျန်နှင့် အခြားအလားတူကိစ္စများကို သုတေသန ပြုလုပ်
စစ်ဆေးကြည့်ရာတွင် သိရှိရသည်မှာ သေဆုံးသွားသူတစ်ဦး၏ ရုပ်ဝတ္ထု အထည်ကိုယ်
ထင်ရှားမရှိ၊ နာမကာယ၊ နာမ် ခန္ဓာခေါ် ၀ိညာဉ်သည်၊ အခြားသော သေဆုံးသူတစ်ဦး၏
ကံအဟုန်ကြောင့်ဖြစ်သော နာမကာယ နာမ်ခန္ဓာခေါ်ဝိညာဉ်အား၊ ၎င်းကိန်းနေရာ
ခန္ဓာကိုယ်မှ အပြီးထုတ်ပယ်လိုက်ပြီး ၎င်း၏နေရာတွင် အစားဝင်လိုက်ခြင်းသဘော
သက်ရောက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာတွင် ဦးလင်းနှင့် ၎င်း၏ညီမတို့
၏ ကိစ္စတွင်ဖြစ်ပေါ်ခဲ့သော တက်ကြွပြင်းထန်သည့် စိတ်ဓါတ်တစ်မျိုးနှင့် အခြားပတ်ဝန်းကျင်
အလားတူအကြောင်းများကို ထည့်သွင်းစဉ်းစားရပါမည်။
ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီး အစရှိသည့် ထိုင်း(ယိုးဒယား) အာဏာပိုင်များ
ကလည်း၊ ဤသဘောတရားကို လက်ခံယုံကြည်ကြပါသည်။ ၎င်းတို့က ဤသဘောထား
ခံယူချက်သည် ဗုဒ္ဓကျမ်းဂန်များနှင့် မဆန့်ကျင်ဟု အမိန့်ရှိကြပါသည်။
ဖရာရာဇသုကာဂျန်နှင့် များစွာအလားတူသော ပုဂိ္ဂုလ်တစ်ဦး အင်္ဂလန်နိုင်ငံတွင်
ပေါ်ပေါက်ခဲ့ပါသေးသည်။ လူဝင်စား လုံးလုံးတော့မဟုတ်ပါ။ သို့သော် စိတ်ဝင်စားစရာ
အလွန်ကောင်းလှပါသည်။ ကိစ္စက အလွန်ကြာညောင်းသွားပြီ ဖြစ်သောကြောင့်
အထောက်အထားသက်သေခံ လုံလုံလောက်လောက် မရနိုင်တော့ပါ။ ကာယကံရှင်
မစ္စတာမာတင် ဆိုသူသည်၊ မိမိ၏ ကိုယ်တွေ့ဖြစ်ရပ်များကို ကိုယ်တိုင်ရေးသားပြီး
လန်ဒန်မြို့ရှိ ဆန်းဒေးအိပ်ပရက်စ် သတင်းစာတိုက်ကြီးသို့ ပေးပို့လိုက်ရာ၊ ၁၉၅၃
ခုနှစ် မေလ ၂၆ ရက်နေ့ထုတ် ယင်းသတင်းစာကြီးတွင် ဖတ်ရှုရပါသည်။ အဆိုပါ
ဆောင်းပါးသတင်းတွင် အကျဉ်းအားဖြင့် ဖေါ်ပြထားသည်မှာကတော့ မာတင်ဆိုသူသည်
ငယ်ရွယ်စဉ်က သူ၏နေအိမ်မှ မိုင်ပေါင်းများစွာ ကွာဝေးသော မြို့တစ်မြို့တွင်
အလုပ်လုပ်ကိုင်ရပါသည်။ တစ်နေ့သ၌ အုဌ်နံရံတံတိုင်းကြီးတစ်ခု ပြိုကျသဖြင့်
၎င်း၏ ဦးခေါင်းကို ထိခိုက်မိသွားရာ မေ့မြောသွားတော့၏။ သေမှာကိုပင် စိုးရိမ်ရသော
ကြောင့် သူ့ကိုဆေးရုံသို့ပို့လိုက်ကြ၏၊ မိဘများရှိရာသို့ သံကြိုးဖြင့်အကြောင်းကြား
ရာ သံကြိုးကို ထိုနေ့နေ့လယ်စာ စားချိန်တွင် မိဘများရရှိကြ၏။ မိခင်ဖခင်တို့သည်
မီရာရထားဖြင့် လိုက်သွားပြီး သူ့အားဆေးရုံတွင် သတိမရသေးဘဲဖြစ်နေစဉ်တွေ့ကြ
ရ၏။ သို့နှင့် နာရီအနည်းငယ်ကြာသွားသောအခါ မာတင်သည် သတိ ပြန်ရလာ၏၊
စကားပြောနိုင်လာသည်နှင့် တစ်ပြိုင်နက် သူ့မိဘများအား အောက်ပါအတိုင်း ပြောပြ၏။
သတိမရပဲဖြစ်နေစဉ် မိခင်နှင့်ဖခင်တို့ အဘယ်ကဲ့သို့ဖြစ်နေသည်ကို
အားလုံးသိ၏။ သူ၏ခန္ဓာကိုယ်သည် ဆေးရုံ၌လဲနေစဉ် သူ၏ သိစိတ်သည်(၀ိညာဉ်) သည်
အိမ်သို့ပြန်ရောက်နေကြောင်း၊ သူ၏မိခင် သံကြိုးစာကို ဖွင့်ဖတ်နေသည်ကိုလည်းမြင်ရ
ကြောင်း၊ မိခင် ဖခင်များစီးသွားသည့် ရထားပေါ်တွင် သူသည်အနား၌ ရှိကြောင်း၊
၎င်းတို့နှစ်ဦးရထားပေါ်တွင် ပြောပြသောစကားများကိုပင် ပြောပြသေး၏။ ဖခင်ဖြစ်သူ
သည် ရထားနောက်ကျမည်စိုးရိမ်သဖြင့်၊ သူ၏ လက်ပတ်နာရီကို အကြာခဏကြည့်
ကြည့်နေသည်ကိုလည်း သူမြင်ရ၏။ ဤကဲ့သို့ ရုပ်ခန္ဓာကိုယ်အထည်ဒြပ် လုံးဝကင်း
လွတ်နေစဉ် အိမ်နီးပါးချင်းဖြစ်သူ မစ္စက်ဝီလဆင်ဆိုသူသည် ကလေးမျက်နှာ မြင်နေ
၏။ ထိုအိမ်သို့ ရောက်သွားရာ၊ မွေးစကလေး၏ ခန္ဓာကိုယ်ထဲသို့ ၀င်သွားလို
သောဆန္ဒပြင်းထန်လာ၏။ ဤကဲ့သို့ ဆန္ဒပြင်းထန်သည့်အတိုင်း ၎င်းကလေး၏
ဝမ်းထဲသို့ဝင်ရန် ဖြစ်နိုင်သည်ကိုလည်း သူသိ၏။ သို့သော် သူ့အတွက် သောကမီးလောင်
နေသော မိဘတို့ကို ညှာတာသောအားဖြင့် ၎င်း၏ပြင်းပြသောဆန္ဒကို အတင်းတွန်းလှန်
ဖျောက်ဖျက်လိုက်ရ၏။ နောက်ပိုင်းတွင် စုံစမ်းကြည့်ရာ မစ္စက်ဝီလဆင်သည် မိန်းကလေး
တစ်ဦးကို ဖွားမြင်ကြောင်း သိရသည်ဟု ဆို၏။ မာတင်သည်လည်း နောက်များမကြာမီ
လုံးလုံးကျန်းမာလာ၏၊ အဆိုပါဖြစ်ရပ်တို့ကို သူ့တစ်သက်တွင် မေ့တော့မည်မဟုတ်ဟု
ဆို၏။ အထက်ပါ ဆောင်းပါး သတင်းကို မာတင်သည် အောက်ပါအတိုင်း အဆုံးသတ်
ထား၏။
အကယ်၍သာ ကျွန်ုပ်သည် ထိုအခါက စိတ်ဆန္ဒအတိုင်း မွေးစကလေး၏ခန္ဓာ
ကိုယ်ထဲသို့ ၀င်သွားမိပါက ယနေ့ဆိုလျှင် ကျွန်ုပ်ကား မာတင်မဟုတ်တော့ဘဲ
မစ်စ်ဝီလဆင် ဖြစ်နေမည်မှာ သေချာ၏။
ဘ၀ဟောင်းမှတ်မိသည်ဆိုသောမြန်မာအမျိုးသမီး
အလားတူစွာ ဘ၀ဟောင်းကို မှတ်မိသည်ဆိုသော မြန်မာအမျိုးသမီးကြီးတစ်ဦး
ကွယ်လွန်သူ ဆောင်းပါးရှင် မစ္စတာဖရန်စစ်စတိုရီအား ပြောပြသည်တို့ကို အကျဉ်းအား
ဖြင့် ဖေါ်ပြလိုပါသေးသည်။
အဆိုပါ မြန်မာအမျိုးသမီးကြီးသည် မြန်မာနိုင်ငံတွင် အစိုးရအရာရှိကြီး
တစ်ဦး၏ဇနီးဖြစ်ပါသည်။ အတိတ်ဘ၀တွင် သူမ၏ လင်ယောက်ျားသည် ကစားသမား
တစ်ဦးဖြစ်သည့်အလျောက် သူမသည် အမြဲဆိုသလို ပိုက်ဆံငွေကြေး ကျပ်တည်း
ပါသည်။ သူမ၏သားကို ဗုဒ္ဓသာသနာဘောင်အတွင်း ရှင်သာမဏေအဖြစ် သွတ်သွင်းရန်
ငွေများကို ကာလအတော်ကြာ စုဆောင်းခဲ့ကြောင်း၊ စုဆောင်းရရှိသော ငွေများကို
လင်ယောက်ျားမသိစေရန် လုံခြုံသောနေရာတစ်ခုတွင် ၀ှက်ထားပြီး သားကိုရှင်ပြုရမည့်
ရက်ကိုသာ နေ့စဉ်နှင့်အမျှဆိုသလို မျှော်မှန်းတမ်းတနေခဲ့ကြောင်း၊ ထိုအတောအတွင်း
သူမသည် ရုတ်တရက်အဖျားဝင်ပြီး သေဆုံးသွားရာ ချက်ချင်း(ျစငျငအ) ခေါ် ရုပ်ဝတ္ထုအထည်
ဒြပ်မရှိ၊ နာမ်ဓါတ် ၀ိညာဏ်သာရှိသော နတ်စိမ်းတစ်မျိုး ဖြစ်သွား၏။ ထိုနတ်စိမ်း
အဖြစ်ဖြင့် သူမ၏ လူ့ဘ၀ အလောင်းကောင်ကို ဆွေမျိုးသားခြင်းများက ၀ိုင်းဖွဲ့ကာ
ငိုကြွေးမြည်တမ်းနေကြသည်ကို တွေ့ရ၏။ အဘယ့်ကြောင့် သူတို့ငိုကြွေးနေသည်ကိုပင်
အံ့သြမိနေသေး၏။ သူမသည်ကား ထိုအခါ၌ ပျော်ပျော်ရွှင်ရွှင်ပင်ဖြစ်နေ၏။ လူ့ဘ၀၌
သူမသည် ငါးပါးသီလစသည်တို့ကို ကောင်းစွာစောင့်ထိန်းခဲ့၏။ အခြားလူအများအများအား
ဖြင့် စောင့်ထိန်းသော ကြက်တူရွေးသီလမျိုးမဟုတ်၊ စိတ်စေတနာ ဖြူစင်ထက်သန်စွာ
ဖြင့်သာ စောင့်ထိန်းခဲ့၍ သေဆုံးသည့်နောက်၊ ဘ၀တစ်ပါး၌ ဘာကိုမျှ ကြောက်စရာ
မရှိကြောင်းကို ကောင်းစွာသိရှိ၏။ မသေမီ လပိုင်းကာလလောက်မှစ၍ သူမ၏ ခန္ဓာကိုယ်
သည် ဟိုကနာသည်ကနာ၊ ဟိုကကိုက် သည်ကကိုက် ဆိုသလို စတင်ဒုက္ခပေးလာသည်
ကို တွေ့ရ၏၊ ဤကဲ့သို့ ဒုက္ခပေးနေသော ခန္ဓာကိုယ်သည် ယခု နတ်စိမ်းဘ၀တွင် မရှိတော့၍၊
အလွန်လွတ်လပ်စွာ သွားလာနေထိုင်သောကြောင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိ၏။
သူမအနေဖြင့် ဘာကိုမျှ စိုးရိမ်ကြောင့်ကြစရာမရှိဘဲ သွားလိုရာသွား၊ လာလိုရာလာ၊
လုပ်လိုရာလုပ်ဆိုသလို လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်နိုင်ကြောင်း။ မကျေနပ်
စရာတစ်ခုတော့ရှိ၏။ ၎င်းကား သူမ ၀ှက်ထားသောငွေများကို ဖေါ်ထုတ်ယူပြီး
သားကလေးကို ရှင်သာမဏေအဖြစ် သွတ်သွင်းရန် ဆွေမျိုးသားချင်းများကို
ပြောလိုသဖြင့် ၎င်းတို့ကို ခေါ်သော်လည်း၊ ၎င်းတို့က မိမိကို မမြင်ရ၊ မကြားရဖြစ်နေ၏။
ဆွေမျိုးသားချင်းတို့ကား သူမ၏အလောင်းကိုသာ ဂရုစိုက်နေကြ၏။ သူတို့အားလုံး
အလွန်မိုက်မဲကြသည်ဟု သူမထင်မြင်၏။ သူမမူကား သူမ၏အလောင်းကို ယခုအခါ
ဂရုလုံးလုံးမစိုက်တော့ချေ။ ဆွေမျိုးသားချင်းများသည် အလှူအတန်းတွေ အမျိုးမျိုးတို့ဖြင့်
ကျွေးမွေးဧည့်ခံနေကြသည်နှင့်အမျှ သူမသည် စဉ်းစားမိသည်မှာ လင်ယောက်ျားဖြစ်သူရော၊
ဆွေမျိုးသားချင်းများပါ သူမအသက်ရှင်စဉ်က သူမအတွက် ယခုလောက် တစ်ခါမျှ
အကုန်အကျ မခံခံဘူးကြပါ။
ယခုအခါ (နတ်စိမ်းဘ၀) သူမဘာမှ မတတ်နိုင်တော့ပါ။ သို့နှင့် အသုဘချချိန်
ရောက်လာရာ သူမသည် အသုဘအိမ်မှ ထွက်ခွါပြီး အသုဘပို့ချရာ လူတွေ နောက်က
လိုက်သွား၏။ ထိုအခါ မိမိ၏ အသုဘလောင်း ပို့ချရာသို့ အခြားလူများကဲ့သို့
မိမိသည်လည်း လိုက်ပါပို့ဆောင်ရသည်မှာ စိတ်ဝင်စားစရာတစ်မျိုးပင် ဖြစ်တော့၏။
သူမကဲ့သို့ သာမန်လူတန်းစားအနေဖြင့် ဤအသုဘအခမ်းအနားသည်ကား ကြီးကျယ်
လှပေ၏၊ အမှန်အားဖြင့် ဤသို့သော အသုဘအခမ်းအနားမျိုးသည် သေဆုံးသွားသူ၏
အကျိုးထက် ကျန်ရစ်သူမိသားစု၏ ဂုဏ်ပကာသနကို ပို၍ ကျေးဇူးပြုပေလိမ့်မည်။
မကြာမီ အသုဘယာဉ်သည် သံလွင်မြစ်ကမ်းသို့ ရောက်ရှိလာရာ၊ အားလုံး
သော အသုဘပို့သူတို့သည် အသုဘအလောင်းနှင့်တကွ လှေများပေါ်သို့ မြစ်ကိုကူးရန်
တက်ကြကုန်၏။ ၀ိညာဉ်သာရှိသော နတ်စိမ်းများသည် စီးဆင်းနေသော မြစ်ရေ၊
ချောင်းရေများကို ကူးမသွားနိုင်ဟု ကြားဖူးသောကြောင့်၊ သူမသည် မြစ်ကို ကူးလိုက်
မသွားဘဲ ချန်ရစ်နေခဲ့၏။ အခြားလူများ လှေများဖြင့်ကူးသွားပြီး အသုဘကို တန်းစီ
ပို့ဆောင်သွားသည်ကို မျက်စိတဆုံး ကြည့်နေခဲ့၏။ ထိုအခါ ဘာကိုမျှ ဆက်လက်
လုပ်ကိုင်ရမည်ကို ဝေခွဲမရနိုင်သောကြောင့် အနည်းငယ်ဝမ်းနည်းမိ၏။ သို့နှင့် မည်မျှ
အချိန်ကြာသွားသည်ကို မသိဖြစ်မိ၏။ သည့်နောက် လူတစ်ယောက်မြင်းစီးပြီး
အနားရောက်လာသည်ကို တွေ့ရ၏။ ထိုသူသည် အိမ်နီးနားချင်းတစ်ယောက်ဖြစ်၏။
သူသည် ရွာဘက်သို့ မြင်းကိုလွဲ၍ စိုင်းနေသည်နှင့် သူ၏နောက်ကျောဘက်သို့
ခုန်တက်ပြီး လိုက်သွားတော့၏။ ထို့နောက် ဘာဖြစ်သွားသည်ကို လုံးလုံးမသိရတော့ချေ။
ယခုပစ္စုပ္ပန် လက်ရှိဘ၀ရောက်မှပင် ထိုမြင်းစီးလာပြီး ရွာဘက်သို့ မြင်းစိုင်းသွားသူမှာ
မိမိ၏ လက်ရှိဘ၀ ဖခင်ဖြစ်နေသည်ကို သိရ၏။ လက်ရှိဘ၀ အသက် ၂ နှစ် သမီး
အရွယ်ရောက်၍ စကားပြောတတ်လာသည်နှင့် ဤအကြောင်းများကို ပြောပြခြင်း
ဖြစ်၏။ ထိုဘ၀ဟောင်း၌ သိခဲ့သောလူများနှင့် လင်ယောက်ျားပါ အမည်နာမနှင့်တကွ
ဖေါ်ပြနိုင်၏။ အ၀တ်အစားများကိုလည်း မှတ်မိ၏။ သူမ၀ှက်ထားသော သားရှင်ပြုရန်
ငွေများကိုလည်း ပြမည်လုပ်သေး၏။ သို့သော် အတိတ်ကလင်ယောက်ျားက ဖေါ်ယူ
သုံးစွဲပြီးဖြစ်နေသောကြောင့်၊ သူမသည် ကသိကအောင့်ဖြစ်သည့်အနေဖြင့် မတုန်မလှုပ်
ကြောင်တက်တက် ဖြစ်သွားသေး၏။
ဤကိစ္စတွင် သားကို ရှင်ပြုလိုသည့် ပြင်းပြသောဆန္ဒဇောစိတ်သည် ထို
အမျိုးသမီးအား တစ်ဘ၀မှတစ်ဘ၀သို့ ကူးပြောင်းလာရာ အဖြစ်အပျက်တို့ကို မှတ်မိ
စေသော အကြောင်းရင်းတစ်ခု ဖြစ်တန်ရာ၏။
အောင်ဗလ ၀င်စားသည်ဆိုသော ဇာတ်မင်းသမီးကြီး ဗလပြန်
မြန်မာပြည်မှ အထောက်အထားတော်ခိုင်လုံသော လူဝင်စားအရေအတွက်
တွင် အပါအ၀င်ဖြစ်သည့် ဗလပြန်ဆိုသူ ဇာတ်မင်းသမီး၏ အမည်ရင်းမှာ ဒေါ်စောနန်းရွှေ
ပင်ဖြစ်ပါသည်။ သူ၏ကပုံမှာ ပထမကမ္ဘာစစ်မဖြစ်မီက ဇာတ်မင်းသမီးအဖြစ်ကပြ၍
နာမည်ကြီးခဲ့သော ယောက်ျားမင်းသမီး အောင်ဗလ ကပုံနှင့်တူလှသောကြောင့်
ပွဲကြည့် ပရိတ်သတ်က ဗလပြန်ဟု နာမည်ပေးထားခြင်းဖြစ်ပါသည်။
ဗလပြန်သည်၊ ပဲခူးနယ် ထုံးကြီးမြို့အနီး ရေအေးစမ်းရွာ ဦးအေးချမ်း
ခေါ်ရွှေမိတ်ဆိုသော ကရင်ဇနီးမောင်နှံတို့၏ သားသမီးတစ်ယောက်အနက် အငယ်ဆုံး
ဖြစ်သည်။ အသက် (၆) နှစ်အရွယ်ကစ၍ သူ၏ အတိတ်ဘ၀အကြောင်းကို ပြောသည်၊
သူ၏ အမည်မှာ အောင်ဗလဖြစ်သည်။ သူ၏ ဇနီးမသဲညွန့်နှင့် တူဘလှ တူမ မညွန့်ရီ
တို့ကို တွေ့ချင်သည်ဟု ဆို၏။
နောင်ကာလတွင် အောင်ဗလ၏ဇနီး ဒေါ်သဲညွန့်သည် ထိုသတင်းကိုကြား၍
ရေအေးစမ်းရွာသို့ သွားသည်။ စေနန်းရွှေသည် ဒေါ်သဲညွန့်ကို မြင်သည်နှင့်တပြိုင်နက်
မှတ်မိသည်။ မိဘများ၏ ခွင့်ပြုချက်အရ ရန်ကုန်မြို့သို့ လိုက်သွားသည်။ ဦးဘလှနှင့်
ဒေါ်ညွန့်ရီတို့သည် ပထမတွင် စောနန်းရွှေကို အောင်ဗလ၀င်စားသည်ဟု မယုံ။ စောနန်းရွှေ
က အောင်ဗလပစ္စည်းများကို ထောက်ပြပြီး သူကြိုက်နှစ်သက်သော စာအုပ်များ
အကြောင်းမေး၍ သူ၏ ဇာတ်မင်းသမီး အ၀တ်အစားများကို အခြားမျိုးတူဝတ်စုံများ
နှင့် ခွဲခြားပြသသောအခါမှ သူ့စကားကို ယုံရမလို ဖြစ်လာကြသည်။
ရန်ကုန်၌ရှိစဉ် ဒေါ်သဲညွန့်သည် စောနန်းရွှေကို ကျောက်တန်းသို့ ခေါ်သွားသည်
ကျော်တန်း၌ စောနန်းရွှေသည် တစ်ခါက အောင်ဗလပိုင် ဆန်စက်ကို လက်ညှိုးထိုးပြ၍
၎င်းတို့ လက်ဦးပထမက အောင်ဗလနှင့် ဇာတ်မင်းသားကြီး ဦးဖိုးစိန်တို့ စပ်တူ
ဝယ်ခဲ့၍ နောက်ပိုင်းတွင် ဦးဖိုးစိန်က သူ၏ ရှယ်ယာအားလုံးကို အောင်ဗလအားရောင်းလို
ကြောင်း ပြောပြပါသည်။ ဘ၀ဟောင်းက သူပိုင်ဆိုင်ခဲ့သော လယ်မြေနှင့် အခြားပစ္စည်းများကို
လည်း မှန်ကန်စွာပြနိုင်သည်။
ရန်ကုန်မှ သူ့မိဘရပ်ရွာသို့ ပြန်ရောက်သောအခါ စောနန်းရွှေမှာ သီချင်းဆိုချင်
ကချင်သောစိတ်များအလိုလို ပေါ်လာသည်။ သူဆိုသောသီချင်းမှာ မည်သူကမျှ မသင်ပြ
ရဘဲ၊ အောင်ဗလ၏ နာမည်ကျော်သီချင်းများဖြစ်၍ သူ၏ကပုံမှာ အောင်ဗလ၏ ကပုံမျိုး
ဖြစ်နေ၏။ မိဘများက အားမပေးသော်လည်း သူ၏ စိတ်ဆန္ဒမှာ ပြင်းပြလှသောကြောင့်
သူ့အလိုသို့ လိုက်ရ၍ အသက် ၁၂ နှစ်အရွယ်တွင် ဇာတ်မင်းသမီး ဖြစ်လာတော့သည်။
စောနန်းရွှေ၏ မိဘများဖြစ်သော ဦးချမ်းအေးနှင့် ဒေါ်ရွှေမိတ်တို့သည်
အောင်ဗလ၏ပွဲကို အလွန်ကြိုက်နှစ်သက်ကြ၍ ရွှေမော်ဓေါဘုရားပွဲ၌ အောင်ဗလနှင့်
ခင်မင်ရင်းနှီးလာကြသည်။ အောင်ဗလသည် သူတို့၏သားကလး နော်ရွှေစန်းကို
အလွန်ချစ်သဖြင့် မွေးစားလိုကြောင်းပြောသည်။ ကရင်ဇနီးမောင်နှံက ကလေး
ကြီးပြင်းလာသည်အထိ စောင့်ရန်ပြော၍ အောင်ဗလအလိုဆန္ဒအတိုင်း ကလေးကို ရှင်ပြုခွင့်
ပေးပါမည်ဟု ဂတိပြုကြ၏။ သို့ရာတွင် နောင် ၂ နှစ် ၃ နှစ်ခန့်အကြာ ၁၉၁၃
ခုနှစ်၌ အောင်ဗလမှာ မန္တလေးမြို့၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။
ဒေါ်ရွှေမိတ် ကိုယ်ဝန်ရှိစ ပထမလများတွင် တစ်ည၌ အောင်ဗလကို အိပ်မက်
မက်သည်။ အောင်ဗလသည် ဇာတ်မင်းသမီး အ၀တ်အစားနှင့် သူ့ထံသို့လာ၍ ကျွန်တော်
နောရွှေစန်းကို ချစ်သည်။ သို့ဖြစ်၍ အမနှင့်အတူ လာနေမည်ဟု ဆိုသည်။
အောင်ဗလ သက်ရှိထင်ရှားရှိစဉ်က အူရောဂါဖြစ်၍ ခွဲစိတ်ကုသခဲ့ရရာ ဗလပြန်က
သူ၏ ၀မ်းဗိုက်တွင် ခွဲစိတ်သော အမှတ်အသားလိုလို အနာချုပ်ရိုးကြောင်းလိုလို မွေးရာပါ
အမှတ်ခုနှစ်ခုရှိသည်ဟု ဆိုသည်။
ဗြိတိသျှ ကိုလန်ဘီယာ ကွင်းခြာလိုတေးကျွန်းတွင် နေထိုင်သော ဟိုက်ဒါခေါ်
လူမျိုးစုအတွင်း၌လည်း လက်ရှိဘ၀၌ မသေမီ၊ ဘ၀သစ်တွင် ပဋိသန္ဓေတည်၍ ဖွားမြင်
သည်ဆိုသော လူဝင်စားအချို့ ပေါ်ပေါက်ခဲ့သည်ဟု သိရပါသည်။ အနီးအနားရှိ
အာလာစကားကျွန်းတွင်လည်း အလားတူ လူဝင်စားများရှိသည်ဟု ဆိုပါသည်။
အဆိုပါ ဟိုက်ဒါကျွန်းသားများသည် ရိုးရာအစဉ်အလာအရ ဘ၀ကူးဘ၀ပြောင်း
စသည်ကို ယုံကြည်လက်ခံကြသော်လည်း ယခုအခါ ခရစ်ယာန်ဘာသာကို အများစုက
ကိုးကွယ်ကြပါသည်။ ဒေါက်တာစတီဗင်ဆင် စုံစမ်းစစ်ဆေးခဲ့သော လူဝင်စား(၂၄)
ဦးတို့အနက် (၁၁) ဦး၏ အတိတ်ဘ၀ သေဆုံးသည့်အချိန်နှင့် ဘ၀သစ်တွင် မွေးဖွားသည့်
အချိန်တို့သည် အများဆုံးပျမ်းမျှခြင်းအားဖြင့် ရှစ်လမျှခြားသည်ဟု ဆိုပါသည်။ ယင်း
လူဝင်စား (၁၁) ဦးတို့သည် ဘ၀ဟောင်း၌ မသေမီ လက်ရှိဘ၀သစ်တွင် ပဋိသန္ဓေတည်
ကာ မွေးဖွားလာကြကြောင်းကို ခိုင်လုံသော သက်သေအထောက်အထားများ ရှိပါသည်။
၎င်းတို့အနက် (၃) ဦးမှာ ဘ၀ဟောင်း၌ မသေမီ ဘ၀သစ်တွင် အမိအဘများကို
ရွေးချယ်ထားကြပါသည်။ ဘ၀သစ်တွင် အဆင်းလှခြင်း၊ အသက်ရှည်ခြင်း၊ ခွန်အား
ကြီးခြင်း စသည့် လိုရာအင်္ဂါ လက္ခဏာရပ်တို့ကို ဘ၀ဟောင်း၌ မသေမီက ဆန္ဒပြုထား
ကြပါသည်။ (၀ါ) ဆုတောင်းထားပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ တံငါသည်
လူဝင်စားတစ်ဦး၏ ဖြစ်ရပ်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပါသည်။ အဆိုပါ
တံငါသည်ကြီးသည် ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ရသောကြောင့် လက်ရှိဘ၀မှ
ကွယ်လွန်ပြီး နောက်ဘ၀သစ်တွင် လူအဖြစ်ဖြင့် အလုပ်မလုပ်ဘဲ စားသောက်နေထိုင်နိုင်
ရန်ဆိုပြီး လက်တစ်ဖက်မရှိသော လူသားပြန်ဖြစ်ရန် အတိတ်ဘ၀က ဆုတောင်းခဲ့သည့်
အတိုင်း အဆိုပါ တံငါသည်ကြီးအဖြစ်မှ ကွယ်လွန်ပြီး ဘ၀သစ်တွင် တစ်ဖန်မွေးဖွား
လာရာ ညာဘက်လက်မောင်းမှာ တစ်ပိုင်းပြတ်ဖြစ်နေပါသည်။ လက်ရှိမိသားစု
အတွင်းတွင် မွေးကတည်းက တစ်စုံတစ်ရာ အင်္ဂါချွတ်ယွင်းသူ၊ ယင်းမွေးစားကလေးမှအပ
အခြားမည်သူ တစ်ဦးတစ်ယောက်မျှ မရှိပါ။ မိခင်ဖြစ်သူသည်လည်း အဆိုပါကလေးကို
ကိုယ်ဝန်ဆောင်စဉ်အတွင်း မည်သည့်ရောဂါ ဝေဒနာမျိုးမှ မကပ်ရောက်၊ မည်သည့်
ဆေးဝါးမျိုးကိုမျှ မမှီဝဲ မသုံးဆောင်ခဲ့ပါ။ ယင်းကလေးသည်၊ ၁၉၄၉- ခုနှစ်အတွင်း၌
ဖွားမြင်ခဲ့ပါသည်။ ကလေးငယ်၏ မိခင်ဖခင်တို့၏ ထွက်ဆိုချက်မှာ၊ ၎င်း၏ အဘိုး
ဖြစ်သူ တံငါသည်ကြီးသည် မသေမီက မကြာခဏဆိုသလို လူသည် လက်ရှိဘ၀၌
သေဆုံးပြီးနောက် ဘ၀သစ်တွင် လက်တစ်ဖက်သာ ပါလာမည်ဟု ပြောဆိုလေ့ရှိ၏။
တံငါသည်ကြီးနှင့် ရွယ်တူသူငယ်ချင်းတစ်ဦး အပါအ၀င် အိမ်နီးပါးချင်းများကလည်း
အဆိုပါကလေးငယ်၏ အဘိုး တံငါသည်ကြီးသည် မသေမီက နောင်ဘ၀သစ်တွင်
သူ့မှာ လက်တစ်ချောင်းသာ ပါမည်ဟု ပြောဖူးကြောင်း ထွက်ဆိုကြပါသည်။ ကလေး
ကိုယ်တိုင်က ဘ၀ဟောင်း (တံငါသည်ကြီး)ကို မမှတ်မိပါ။ ၎င်းမိခင်သည်လည်း
ကလေးကို ကိုယ်ဝန်ရှိစဉ် ယင်းအကြောင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အိပ်မက်
မမြင်မက်ဘူးပါ။
ယခုကဲ့သို့ လူတစ်ယောက် လက်ရှိဘ၀တွင် မသေသေးဘဲ နောက်ဘ၀သစ်
တွင် ပဋိသန္ဓေယူနိုင်သည်ဟု ယေဘုယျအားဖြင့် ဟိုက်ဒါးကျွန်းသားတို့ ယုံကြည်လက်ခံ
ကြပါသည်။ သူတို့၏ အယူဝါဒအရ လူတစ်ယောက်သည် မသေမီ လက်ရှိဘ၀ကပင်
နောက်ဘ၀သစ် အတွက် ၀င်စားရမည့် မိဘများကို ကြိုတင်ရွေးချယ်နိုင်သည်သာမက
လိုရာ အဆင်းပုံသဏ္ဍာန်ကိုလည်း ဆုတောင်း ပြဌာန်းနိုင်ပါသည်။ လူဝင်စား
ကလေးမွေးမည်ဆိုလျှင် ကိုယ်ဝန်ဆောင်မိခင်လောင်းတွင် အိပ်မက်မြင်မက်လေ့ ရှိပါ
သည်။ မွေးဖွားလာစကလေးတွင် အနာရွတ် သို့မဟုတ် အခြားအမှတ်အသားများ
အသန်မစွမ်းဖြစ်သည့် ကိုယ်လက်အင်္ဂါများနှင့် အခြားချို့တဲ့သည့် အစိတ်အပိုင်းများကို
အတိတ်ဘ၀၌ ဖြစ်ခဲ့သည်ဟုဆိုသော ဒဏ်ရာဒဏ်ချက်များ၊ ဆုတောင်းပဌနာ၊
ဆန္ဒပြုချက်များ စသည်တို့နှင့်ကိုက်ညီသည် မကိုက်ညီသည်ကို စစ်ဆေးလေ့လာ
ကြည့်ခြင်းဖြင့် မွေးစကလေးသည် လူဝင်စားလားဆိုသည်ကို ခန့်မှန်းနိုင်ပါသည်။
ကလေးသည် တစ်စတစ်စကြီးပြင်း၍ စကားပြောလာသည်နှင့် ၎င်း၏ အတိတ်ဘ၀ကို
မှတ်မိသယောင် သူငယ်နာ၊ ကိုယ်အမူအရာ နှုတ်မူအရာ၊ လက္ခဏာအားဖြင့်လည်း
ပြပါသည်။ ကလေးငယ်တစ်ဦးသည် လူဝင်စားဖြစ်ကြောင်း သူကိုယ်တိုင်က ပြောပြသည်
ဖြစ်စေ၊ နီးစပ်ရာ လူကြီးမိဘများက ပြောပြသည်ဖြစ်စေ၊ အခြားအမူအရာ လက္ခဏာများ
ဖြင့်လည်း ခန့်မှန်းနိုင်ပါသည်။ ဥပမာ လူတစ်ယောက်သည် ရေနစ်၍ သေဆုံးသွားပြီး
ဘ၀သစ်တွင် လူဝင်စားကလေး ဖြစ်လာလျှင် ရေကို ကြောက်တတ်ပါသည်။ ၎င်း၏
ဘ၀သစ်မိသားစုတွင် ရေကြောက်သူ ရှိချင်မှရှိမည်။ မိန်းမရှိသူ အိမ်ထောင်သည်
တစ်ယောက်သေဆုံးသွားပြီး ၎င်း၏ မိသားစုအတွင်း လူဝင်စားအဖြစ် တစ်ဖန်မွေးဖွား
ကြီးပြင်းလာလျှင် အတိတ်ဘ၀ဇနီးဟောင်း၊ မုဆိုးမကို တပ်မက်စွဲလန်းနေတတ်ပါသည်။
အခြားလူများက ယင်းမုဆိုးမကို အာရုံစိုက်လွန်းအားကြီးလျှင် သူစိတ်ဆိုးတတ်ပါသည်။
အလားတူ စိတ်ဝင်စားစရာကောင်းသော ဘ၀ဟောင်းကို မှန်မိသည်ဆိုသည့်
လူဝင်စားများကို သီဟိုဠ်၊ အိန္ဒိယ၊ မြန်မာပြည်နှင့် ထိုင်းလင်း(ယိုးဒယား) နိုင်ငံတို့တွင်
တွေ့ရပါသည်။ အထူးအံ့သြစရာ ကောင်းသည်မှာကတော့ အနောက်နိုင်ငံများတွင်လည်း
တွေ့ရခြင်း ဖြစ်ပါသည်
ခြောက်နှစ်အရွယ် မလှကြီး
ဘ၀ဟောင်းကိုလည်း မှတ်မိ၊ လူဝင်စားဟူ၍လည်း ၀န်မခံ၊ သို့သော်လည်း
အသက်အရွယ်နှင့် မလိုက်အောင် ထူးကဲကျွမ်းကျင်သည့် လက်မှုပညာရှင်ကလေးများ၊
နှုတ်မှုပညာရှင်ကလေးများ။ အရပ်ရပ်တွင် ပေါ်ပေါက်တတ်ပါသည်။ ဥပမာ ကျွန်ုပ်တို့
မြန်မာပြည်တွင် ခြောက်နှစ်အရွယ်ရှိ မလှကြီးဆိုသူ မိန်းကလေးတစ်ဦး၏ အကြောင်းကို
၁၉၅၄ ခုနှစ် ဇူလိုင်လထုတ် မြန်မာနိုင်ငံ ဗုဒ္ဓသာသနကောင်စီ၏ သင်္ဂါယနာ မဂ္ဂဇင်းတွင်
ဖေါ်ပြထားသည်မှာ၊ အဆိုပါ မလှကြီးဆိုသူ ခြောက်နှစ်သမီးကလေး တစ်ဦးသည်
အသက်အရွယ်နှင့်အလိုက်အောင် အသိပညာ အတတ်ပညာ ကောင်းသည်သာမက
အမှတ်သညာလည်းကောင်းလှပါသည်။ အလွန်ခက်ခဲနက်နဲသော ဗုဒ္ဓကျမ်းဂန်ပါဠိတော်
ဘာ ဂါထာများကို တစ်ခေါက်နှစ်ခေါက်ဖတ်၍ ချက်ချင်းဆိုသလို မှန်ကန်စွာ အလွတ်
ပြန်ဆိုပြနိုင်ပါသည်။ အခါတစ်ပါး၌ အဆိုပါ ကလေးမလေးအား အဘိဓမ္မတ္တသင်္ဂဟ
ခေါ်ပါဠိဘာသာဖြင့် ရေးသားထားသော သင်္ဂြိုဟ်အဋ္ဌကထာကျမ်းတွင် နောက်ဆုံးပိုင်း
ဂါထာတစ်ပုဒ်ကိုဖတ်ပြီး အပြန်ခိုင်းရာ သူမသည် ၎င်းဂါထာကို ငါးခေါက်ဖတ်ပြီး
အလွတ်အာဂုံပြန်ရာ အမှားတစ်လုံးမှမရှိပါ၊ အလွန်တရာခက်ခဲနက်နဲသည့် ဗုဒ္ဓ
အဘိဓမ္မာကျမ်းကြီးတစ်ဆူဖြစ်သော ပဋ္ဌာန်းကျမ်းပါဠိတော်ကြီးမှ စာတစ်မျက်နှာကို
တစ်မိနစ်မျှ ဖတ်ကြည့်ပြီး အလွတ်ပြန်ပြရာတွင်လည်း အမှားတစ်လုံးမှ မရှိပါ။
ပိဋကနိုင် မောင်ထွန်းကြိုင်
အလာတူ ကလေးထူးကလေးဆန်း ပါရမီရှင်ကလေးတစ်ဦးသည် စာရေးသူ
ငယ်ရွယ်စဉ် လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော် ၅၀ ကျော်လောက်က မြန်မာပြည်
မြစ်ဝကျွန်းပေါ်ဒေသတွင် အုတ်အော်သောင်းနင်း ပေါ်ပေါက်ခဲ့သည်ကို သတိရမိပါသေး
သည်။ လယ်သမားကြီးတစ်ဦးဖြစ်သူ ကိုဘမောင်နှင့် မမယ်ရီတို့၏သား အသက်အရွယ်
အားဖြင့် ၄ နှစ်အရွယ်သာရှိသော မောင်ထွန်းကြိုင်ကလေးသည် ဗုဒ္ဓ၏ပိဋကသုံးပုံကို
အာဂုံ ပြန်နိုင်သည်ဟုဆိုကာ ကျိုက်လတ်၊ ဖျာပုံ၊ မအူပင်၊ ညောင်တုံး အစရှိသည့်
မြို့နယ်အသီးသီးတို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ရှိ အချို့ရပ်ကွက်တို့တွင်လည်းကောင်း၊
တရားပွဲကြီးများကျင်းပကာ ဟောပြခဲ့ဘူးကြောင်း၊ တိပိဋကဓရယွန်းကျောင်းကြီး
ဆရာတော် ပျံလွန်တော်မူ၍ ၀င်စားသောကလေးဖြစ်သည်ဟု ကောလဟာသတင်း
ဖြစ်ဖူးပါသည်။
မောင်ထွန်းကြိုင်နှင့် အဖွဲ့သည် မန္တလေး၊ ဗန်းမော်နှင့် အခြားအထက်မြန်မာပြည်
အရပ်ရပ်သို့လှည့်လည်၍ ဗုဒ္ဓတရားတော်များကို ဟောကြားခဲ့ပါသည်။ သူဟောသော
တရားများသည် အလွန်စိတ်ဝင်စားစရာကောင်းသဖြင့် လူများထောင်နှင့်ချီပြီး
တက်ရောက်နာကြားကြပါသည်။ တခါတစ်ပါး၌ တရားနာပရိတ်သတ် အလွန့်အလွန်များ
သောကြောင့် တရားပွဲကျင်းပစဉ် ဘုန်းတော်ကြီးကျောင်းဟာ ပြိုကျသွားပါသည်။
ကံကောင်းထောက်မသဖြင့် လူတစ်ဦးတစ်ယောက်မျှ သေကြေပျက်စီးခြင်းမရှိပါ။
တဖြေးဖြေးကျော်ကြားလာသည့် မောင်ထွန်းကြိုင်သတင်းသည် မကြာမီ မြန်မာပြည်
ဘုရင်ခံဟောင်းဖြစ်သူ ဆာဟာကုတ်ဘတ်တလာထံ ရောက်သွားပါတော့သည်။
ဆာဟာကုတ်ဘတ်တလာသည် မိမိကြားရှိသည့်သတင်းအတိုင်း မောင်ထွန်းကြိုင်ကလေး
သည် တကယ်ထူးဆန်းအံ့သြဖွယ် မှန်သည် မမှန်သည်ကို ကိုယ်တိုင်သိရစေခြင်းငှာ
မောင်ထွန်းကြိုင်ကို နွေရာသီ မိမိစံမြန်းသည့် မေမြို့ရှိ ဘုရင်ခံအိမ်တော်သို့ ဖိတ်ခေါ်လိုက်
၏။ မောင်ထွန်းကြိုင်သည် မိမိဂုဏ်ကျက်သရေကို ချီးကျူးလောက်ရုံတွင်မက၊
အလွန်တရာခက်ခဲနက်နဲသော ဗုဒ္ဓဘာသာကျမ်းဂန်များကို ကျွမ်းကျင်နိုင်နင်းစွာ ရှင်းလင်း
ပြတ်သားစွာ ဟောပြောပြသနိုင်ပေသည်။ ဘုရင်ခံမင်းကြီးလည်း အလွန်နှစ်သက်
အားရတော်မူ၍ သကြားလုံးတစ်ဘူးနှင့် ငွေဒင်္ဂါး ၁၀၀တန် ငွေစက်္ကူတစ်ချပ်
မောင်ထွန်းကြိုင်သို့ ဆုချီးမြှင့်ပါသည်။ မောင်ထွန်းကြိုင်က ငွေ ၁၀၀ တန်စက်္ကူ
တစ်ချပ်ကို လက်မခံဘဲ သကြားလုံးကိုသာ ယူပါသည်။ သူ့ကိုယ်သူ အတိတ်ဘ၀မှာကဲ့သို့
ရဟန်းပဲဟု ထင်ကောင်းထင်နေမည်။ မောင်ထွန်းကြိုင်ကလည်း ဘုရင်ခံမင်းကြီးအား
လက်ဆောင်တုံ့ပြန်လိုပါသည်။ ထိုအခါ သူ့မှာ ကိုယ်ပိုင်ပစ္စည်းဟူ၍ ပုတီးတစ်ကုံး
သာရှိသောကြောင့် ၎င်းစိတ်ပုတီးကိုပင် ဘုရင်ခံမင်းကြီးအား ပေးအပ်လိုက်တော့၏။
ဒီပုတီးကို ဘယ်လိုအသုံးချရမလဲဟု ဘုရင်ခံမင်းကြီးကမေးရာ မောင်ထွန်း
ကြိုင်က အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လက္ခဏာသုံးပါးတင်ပြီး ကမ္မဋ္ဌာန်းဘာဝနာ
ပွားရပါမည်ဟု အကျယ်တ၀င့် ရှင်းလင်းပြောပြပါသည်။
တတ်ကျွမ်းသူ မည်သူတစ်ဦးတစ်ယောက်မျှ သင်ပေးထားခြင်းမရှိဘဲ၊ ဤမျှ
ငယ်ရွယ်သူ လေးနှစ်သားကလေးနှုတ်မှ အလွန်အဓိပ္ပါယ်လေးနက်သည့် စကားလုံးများ
ကို ဘုရင်ခံမင်းကြီး ကြားရရာ အလွန်ပီတိသောမနဿဖြစ်တော့၏။ အရွယ်နှင့်မလိုက်
အောင် မောင်ထွန်းကြိုင်သည် မိမိ၏ ဖြူစင်သော စိတ်သဘောအတိုင်း ယုံကြည်ချက်
အပြည့်အ၀ဖြင့် ပြောပြရာ ဘုရင်ခံကြီး ဆာဟာကုတ်ဘတ်တလာသည် အတော်နှစ်ခြိုက်
သဘောကျသွားကြောင်း သူ၏ထုတ်ဖေါ်မိန့်ကြားချက်အရ သိရပါသည်။ ဘုရင်ခံမင်း
ကြီးက မောင်ထွန်းကြိုင်အား မြန်မာနိုင်ငံအတွင်းရှိသော အကျဉ်းသမားများအပါအ၀င်
လူထုသို့ အနှံ့အပြားလိုက်လံဟောပြောရန် တောင်းဆိုရာတွင် သင်ကဲ့သို့ မည်သူတစ်ဦး
တစ်ယောက်မျှ လူထု၏ စိတ်နှလုံးကို သိမ်းကျူံးဆွဲငင်နိုင်မည်မဟုတ်ဟု မှတ်ချက်ချ
လိုက်၏။
အောက်ပါကောက်နှုတ်ချက်သည် ၁၉၆၀ ခုနှစ် မေလအတွင်း ထုတ်ဝေသော
ဗုဒ္ဓရောင်ခြည်မဂ္ဂဇင်း အတွဲ ၅ အမှတ် ၅ ခေါင်းကြီးပိုင်းမှ ဖြစ်ပါသည်။
မြန်မာပြည်တွင် ၁၉၂၀ ခုနှစ်လောက်၌ မောင်ထွန်းကြိုင်အမည်ရှိ အံ့သြဖွယ်
ကောင်းသော လူငယ်လေးတစ်ဦး ဖျာပုံခရိုင်အတွင်း ပေါ်ပေါက်ခဲ့ပါ၏။ အသက်ခြောက်နှစ်
အရွယ်၌ နိုင်ငံကျော် ဓမ္မကထိကအဖြစ် အနှံ့အပြား လိုက်လံဟောပြော၏။ အတိတ်ဘ၀၌
ပန်းတနော်မြို့နယ်တွင် ဦးပဏ္ဏိစ္စဆိုသည့် ဘွဲ့အမည်ဖြင့် ရဟန်းဖြစ်ခဲ့သည်ဟု သူကိုယ်
တိုင်ပြောပြ၏။ သူ့ကို အံ့သြဖွယ်ကောင်းသည်မှာ သင်ကြားလေ့ကျင့်ခြင်း
မရှိဘဲ ဝေသန္တရာဇာတ်တော်ကဲ့သို့ အထက်တန်းမြန်မာစာပေကျမ်းဂန်ကို ဘယ်ပြန်
ညာပြန်ဖတ်နိုင်၍ မြန်မာနိုင်ငံ ဘုရင်ခံဟောင်း ဆာဟုကုတ်ဘတ်တလာ၏ အစိုးရအိမ်
တော်တွင် ကမ္မ၀ါ ဗုဒ္ဓကျမ်းစာကို အလွတ်အာဂုံပြန်ပြပါသည်။ ၁၉၇၁၊ ၇၂ နှစ်ပိုင်း
လောက်တွင် အမေရိကန်ပြည် ဗာဂျီးနီးယားတက်္ကသိုလ် စိတ္တဇဗေဒ ပါရဂူ ဒေါက်တာ
စတီဗင်ဆင်၏ မြန်မာနိုင်ငံကိုယ်စားလှယ်တော်ကြီး ဦးဝင်းမောင်က ဆက်လက်၍
မောင်ထွန်းကြိုင်အကြောင်းစုံစမ်းကြည့်ရာ အဆိုပါ လူထူးလူဆန်းကလေးသည် ၎င်း၏
အံ့သြဖွယ်ရာ စွမ်းအင်လက္ခဏာများနှင့်တကွ ကျော်ဇောထင်ရှားသည့် နောက်ပိုင်း
လေးငါးနှစ်အကြာတွင် မှေးမှိန်ပျောက်ကွယ်သွားကြောင်း သိရပါသည်။
ပြည်မြို့ ဧပြီ (၂၂)။
x x x x x x x x x
လိင်ပြောင်းလဲပြီး ရဟန်းဖြစ်သူမအေးမြင့်
ပြည်မြို့ ၀က်ထီးကန်တိုက်နယ် ကြောင်လျှာကုန်းကြေးရွာတွင် အမျိုးသမီးဘဝ
အား ခွဲစိတ်ကုသမှုမပြုရဘဲ သဘာဝအလျောက် ယောက်ျားအဖြစ်ပြောင်းလဲပြီးနောက်
အိမ်ထောင်ပြုသည့် ဖြစ်ရပ်တစ်ခု ပေါ်နေ၏။
ဝက်ထီးကန်တိုက်နယ် ကြောင်လျှာကုန်းကြေးရွာနေ ဦးကြည်အောင်နှင့်
ဒေါ်အေးလှတို့သည် ၁၃၁၉ ခုနှစ်တွင် မအေးမြင့်ခေါ် သမီးတစ်ယောက်ကို ဖွားမြင်ခဲ့
သည်။ မအေးမြင့်သည် ၁၃၃၆ ခုနှစ် အသက် (၁၇) နှစ်အရွယ်တွင် ခွဲစိတ်ကုသမှု
မပြုရဘဲ အလိုအလျောက် ယောက်ျားဘ၀သို့ ပြောင်းလဲသွားပြီး မောင်အောင်ဆွေဟု
အမည်ပြောင်းလိုက်သည်။ ယင်းသို့ မအေးမြင့်ဘ၀မှ မောင်အောင်ဆွေဖြစ်လာသူသည်
ယခင်အပျိုဘ၀က ခင်မင်ရင်းနှီးခဲ့သူ မစန်းကြည်နှင့် ချစ်ကြိုက်ပြီး လင်မယားအဖြစ်
ပေါင်းသင်းနေထိုင်ကြသည်။ မစန်းကြည်၏ မိဘများက ခွဲရာမှ မောင်အောင်ဆွေ
ရဲစခန်းသို့ ရောက်ရှိခဲ့သည်။
ရဲစခန်းတွင် မအေးမြင့် (ခေါ်) မောင်မောင်ဆွေအား ဆရာဝန်များနှင့်
စစ်ဆေးရာ ယောက်ျားစင်စစ်မှန်း သိကြသည်။ ချစ်သူနှင့် အခွဲခံရသော မအေးမြင့်
တဖြစ်လဲ မောင်အောင်ဆွေသည် သင်္ကြန်အကြိုနေ့က ရတနာမာန်အောင် တောရကျောင်း
တွင် သာသနာ့ဘောင်ဝင်သွားရာ ယနေ့အထိ ဦးကောသလ္လအဖြစ်ဖြင့် တရားဘာဝနာ
ပွားနေသည်။ (၁၉၇၇ ခု ဧပြီလ (၂၃) ရက်နေ့ထုတ် ကြေးမုံသတင်းစာ)။
မဆန်းဆန်းတင့်၏ ဘ၀တစ်ကွေ့
မောင်ဇော်ထူးဟန်တဖြစ်လဲ မိန်းမဘ၀မှ ယောက်ျားဘ၀ရောက်ခဲ့ရသူ
ရန်ကုန် စက်တင်ဘာလ ၁၉ ရက်နေ့ ၁၉၇၇ ခုနှစ်
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ကျုံကန်ကျေးရွာနေ ဦးချစ်တင်
ဒေါ်ခင်ထွေးတို့သမီး မဆန်းဆန်းတင့်သည် မိန်းကလေးဘ၀မှ ယောက်ျားလေးဘ၀သို့
ပြောင်းလဲသွားသော ဖြစ်ရပ်ဆန်းတစ်ခုမကြာမီက ဖြစ်ပွားခဲ့သည်။ မဆန်းဆန်းတင့်သည်
မွေးဖွားစဉ်က မိန်းကလေးဖြစ်ပြီး ကလေးအရွယ်တွင်လည်း မိန်းကလေးသဘာဝအတိုင်း
ဆော့ကစား၍ ၅ တန်း ၆ တန်းလောက်အရွယ်အထိ မိန်းကလေးများနှင့် ပင်ဖန်ခုန်၊
ကြက်ခွပ် ကစားလျက်နေခဲ့သည် ဆိုသည်။
မဆန်းဆန်းတင့် ၁၃ နှစ်အရွယ် သတ္တမတန်းရောက်သည့်အခါတွင် မိန်းကလေး
မဟုတ် ယောက်ျားလေးမကျသော အသွင်အပြင်အမူအရာများရှိလာသောကြောင့်
ဗဟို အမျိုးသမီးဆေးရုံကြီးမှ ဒေါက်တာဒေါ်မြမြထံသို့ပို့၍ စစ်ဆေးရာ အမျိုးသားအင်္ဂါကိုယ်
ထွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိသည်ဆိုသည်။
ပိုမိုတိကျစေရန်နှင့် လိုအပ်သောကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက်
မဆန်းဆန်းတင့်ကို မင်္ဂလာဒုံဆေးတက်္ကသိုလ် (၂) ခန္ဓာဗေဒဌာနမှ ဒေါက်တာ ဒေါ်ခင်ဝင်း
ထံသို့စစ်ဆေးရာ ယောက်ျားအင်္ဂါကို ၉၀ ရာခိုင်နှုန်း စစ်ဆေးတွေ့ရှိရကြောင်း စာပြန်
ကြားသည်ဆို၏။
မဆန်းဆန်းတင့်သည် မွေးအင်္ဂါမိန်းမကိုယ်ပျောက်လျက် ယောက်ျားအင်္ဂါပေါက်
နေသော်လည်း ဆီးသွားလာမှု မမှန်မကန်ဖြစ်နေသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံ
ကြီးမှ ဆီးဘက်ဆိုင်ရာ ဆရာဝန်ကြီး ဦးကျော်လင်းထံ ပို့အပ်၍ လိုအပ်သောခွဲစိတ်မှု
များ ဆောင်ရွက်လိုက်ရာ ယခုအခါ ယောက်ျားအင်္ဂါမှပင် ဆီးများသွားနိုင်ပြီး
ယောက်ျားလုံးလုံးဖြစ်သွားပြီ ဆို၏။
မဆန်းဆန်းတင့်သည် ယခုအခါ ကြည့်မြင်တိုင် အ၊ ထ၊ က(၅) ဒဿမတန်းတွင်
ပညာသင်ကြားလျက်ရှိရာ ကြေးမုံက သွားရောက်တွေ့ဆုံရာ၌ မဆန်းဆန်းတင့်က
ယခု ကျွန်တော် မိန်းကလေးမဟုတ်တော့ဘူး ဦးရဲ့၊ ကျွန်တော့နာမည် ဇော်ထူးဟန်လို့
ခေါ်ပါတယ်၊ အမျိုးသားမှတ်ပုံတင်ဌာနကလည်း ကျွန်တော့်ကို ဇော်ထူးဟန် အမည်နဲ့
မှတ်ပုံတင်အသစ် ထုတ်ပေးထားပြီးပါပြီ။
ဒါပေမယ့် ကျွန်တော် ကိုးတန်းအောင်ခဲ့တုန်းက မဆန်းဆန်းတင့်အမည်နဲ့
အောင်ခဲ့တယ်။ အခု ဆယ်တန်းဖြေမယ်လုပ်တော့ ကျွန်တော်ကလည်း ယောက်ျားလေး
ဖြစ်နေပြီ၊ ဇော်ထူးဟန်အမည်နဲ့ ဖြေမှာဆိုတော့ အခက်တွေ့နေတယ် ဦးရယ်၊ ကျွန်တော့်
မှာ ခွဲစိတ်ကုသပေးတဲ့ဆရာဝန်ထောက်ခံစာတွေ၊ မှတ်ပုံတင်ဌာနက ထောက်ခံစာတွေ
အပြည့် ရှိနေတယ်။
ရပ်ကွက်ပြည်သူ့ကောင်စီ၊ မြို့နယ်ပြည်သူ့ကောင်စီနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ
ဆရာဝန်ကြီး ဒေါက်တာဂျေအယ်(လ်)ဘွတ်ရဲ့ ထောက်ခံစာလည်းရှိတယ်၊ အဲဒါတွေ
အားလုံးတင်ပြပြီး လျှောက်ထားတယ်ဦးရယ်ဟု ကြေးမုံကို ရှင်းပြသည်။
မဆန်းဆန်းတင့်ဘ၀မှ ဇော်ထူးဟန်ဖြစ်လာပြီးနောက်၊ မွေးရပ်ဇာတိ ကန်ဘဲ့
ကျေးရွာ ရွာဦးကျောင်းကိုပင် ရှင်သာမဏေ၀တ်ရန် ရှင်ပြုသောအခါ ဓါတ်သိ
ဘုန်းကြီးများက ယောက်ျားလျာဟာ ရှင်မပြုရဘူး သူ့ဘာသာသူ ယောက်ျားစိတ်ရှိပါစေ၊
သာမဏေအဖြစ် မချီးမြှင့်နိုင်ကြသောကြောင့် မိဘများက အကျိုးအကြောင်းရှင်းပြရာ
ဘုန်းကြီးက မယုံကြည်၍ လက်တွေ့အားဖြင့် ရဟန်းငယ်ငါးပါးနှင့် စစ်ဆေးရာ
ယောက်ျားအင်္ဂါတွေ့ရကြောင်း ဆရာတော်များကို လျှောက်ထားမှ သာမဏေဘ၀သို့
ချီးမြှင့်ပေးသည် ဆိုသည်။
ဇော်ထူးဟန်ကို ထုတ်ပေးသော အမျိုးသားမှတ်ပုံတင်ကို ကြေးမုံက တောင်းယူ
ကြည့်ရာ၌ မှတ်ပုံတင်မှတ်ချက်တွင် ညွှန်ကြားရေးမှူးချုပ် မှတ်တမ်းဌာနခွဲ၏
၎၊ ၃၊ ၇၇ နေ့စွဲပါ စာအမှတ် မ/၁/၂၁၄/မလ၊ ၄၅(လိင်) ၇၇၊ အရ မဆန်းဆန်းတင့်မှ
မောင်ဇော်ထူးဟန် ပြင်ဆင်ပေးသည်ဟု ဖေါ်ပြထားသည်။
မောင်ဇော်ထူးဟန်မှာ ယောက်ျားကလေးကဲ့သို့ပင် ၀တ်စားနေထိုင်ပြီး ယောက်ျား
ကလေး အပေါင်းအသင်းများနှင့် အဆင်ပြေပြေ ပေါင်းသင်းနေထိုင်လျက်ရှိသည်
မိန်းမမှ ယောက်ျားဘ၀ပြောင်း
(စစ်တွေ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ လုပ်သားသတင်းစာ)
မိန်းမဘ၀မှ ယောက်ျားဘ၀သို့ ထူးထူးခြားခြားလိင်ပြောင်းလဲမှုများရှိတတ်
ကြသည်ဖြစ်ရာ စစ်တွေမြို့၊ မောလိပ်ရပ် အောင်ထွန်းဦးလမ်းနေအိမ် ဦးမောင်မောင်ကြီး
ဒေါ်မကျော့သာတို့၏ သမီ မသိန်းရွှေမှာ မိန်းမဘ၀မှ ယောက်ျားဘ၀သို့ ထူးထူးခြားခြား
အလိုအလျောက် လိင်အင်္ဂါအစိတ်အပိုင်းများမှာ မသိန်းရွှေအရွယ်ရောက်စ ၁၄ နှစ်သမီး
ဘ၀မှ စတင်ဖြစ်ပေါ်ခဲ့သည်ဟု သိရ၏။ ယခုအခါ မသိန်းရွှေမှာ မောင်သိန်းရွှေအဖြစ်
အသက် ၂၃ နှစ် အရွယ်ရောက်ရှိနေပြီး ဆိုက်ကားသမားအဖြစ်နှင့် ဘ၀ကို ရုန်းကန်
လှုပ်ရှားပြီး ၀င်ငွေရှာဖွေလျက်ရှိနေ၏။ မသိန်းရွှေတစ်ဖြစ်ပြောင်း ဆိုက်ကားသမား
မောင်သိန်းရွှေမှာ ဦးမောင်မောင်ကြီး ဒေါ်မကျော့သာတို့၏ သားသမီး မွေးချင်းခုနှစ်ဦး
အနက်မှ ပဉ္စမမြောက် သမီးဖြစ်၍၊ မသိန်းရွှေကို ၁၉၅၅ ခု ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင်
မွေးဖွားခဲ့ပြီး မောလိပ်ရပ် အမှတ်(၂) အလကကျောင်းတွင် ဆဋ္ဌမတန်းထိ အမျိုးသမီးဘဝ
ဖြင့် ပညာသင်ကြားခဲ့၏။ မသိန်းရွှေအသက် ၁၄ နှစ်အရွယ် ရောက်ခါစ အချိန်မှ
စတင်ကာ ယောက်ျားများနှင့် ရောထွေးယှက်တင် နေထိုင်လာရာ ယောက်ျားစိတ်
ပေါက်လာပြီး မသိန်းရွှေအဖြစ်မှ မောင်သိန်းရွှေအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲ
လာခဲ့သည်။ လိင်အင်္ဂါအစိတ်အပိုင်းများတို့ပါ သိသိသာသာ ပြောင်းလဲလာခဲ့၏။
ယင်းသို့ ပြောင်းလဲလာပြီးနောက် မောင်သိန်းရွှေ ၁၉၇၁ ခုနှစ်ကတစ်ကြိမ်၊ ၁၉၇၃
ခုနှစ်ကတစ်ကြိမ်၊ စစ်တွေပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ယခုဆေးရုံအုပ်ကြီး
ဒေါက်တာဦးမောင်ထံသို့ သွားရောက်ပြသခဲ့သည်ဆို၏။ ထိုအချိန်က ဆရာဝန်ကြီးက
လိင်အင်္ဂါအစိတ်အပိုင်းမှာ ၉၀ ရာခိုင်နှုန်း ပြောင်းလဲနေပြီ ဖြစ်သော်လည်း ခွဲစိတ်ကုသရန်
အချိန်စောင့်ရဦးမည် ဖြစ်ကြောင်း ညွှန်ကြားခဲ့သည် ဆို၏။ ယခုအခါ မသိန်းရွှေအဖြစ်
ပြောင်း ဆိုက်ကားသမားမောင်သိန်းရွှေမှာ ယောက်ျားအင်္ဂါအစိတ်အပိုင်းသို့ လုံးဝ
ပြောင်းလဲနေပြီဖြစ်၏။
ဤကဲ့သို့ အံ့သြဖွယ်ရာ ကလေးငယ်များ ဖိုမလိင်ပြောင်းလိင်လွဲများ၊ နှလုံး
အပြောင်းအလွဲ အစားထိုးခြင်းများ၊ ၂မြွာပူး၊ ၃မြွာပူး၊ ၄ မြွာပူးကလေးများ
ဖွင်မြင်ခြင်းစသည့် ထူးထွေဆန်းပြားသည့် ဖြစ်ရပ်တို့သည်၊ လူဝင်စားသို့မဟုတ်
ဘ၀ကူးဘ၀ပြောင်းစသည့် ပြဿနာဟူ၍ အထောက်အထား သက်သေခံ အထင်အရှား
မရှိသေးသော်လည်း အခါအားလျော်စွာ မြန်မာပြည်နှင့် ကမ္ဘာအရပ်ရပ်တွင် ပေါ်ပေါက်
တတ်ပါသည်။ ပေါ်ပေါက်ခဲ့ ဖူးပါသည်။ ဘိုင်အိုလိုဂျီခေါ် ဇီဝဗေဒ(သတ္တဗေဒ)
ဆိုက်ကိုလိုဂျီစိတ္တဗေဒ စသည့်နောက်ဆုံးပေါ် သိပ္ပပညာများကလည်း ယင်းဖြစ်ရပ်များကို
အဖြေမပေးနိုင်သေးပါ။
ဗုဒ္ဓဘုရားရှင် လက်ထက်ကလည်း သောရေယျခေါ် မယားနှင့် သားနှစ်ယောက်ရှိ
သူဌေးသားသည် ဗုဒ္ဓ၏ သာဓကများအနက် အဆင်းအလှဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာအရှင်
မဟာကစ္စည်းကိုမြင်ရာ ““အဟောာဝတ အယံ တေရော မမဘရိယာ ဘဝေယျာ””
ဤမထေရ်သည် ငါ၏မယားဖြစ်မူ ကောင်းလေစွဟု စိတ်၌ပြစ်မှားမိသည်နှင့် ၎င်း၏
ယောက်ျားလိင်နှင့် တကွ အင်္ဂါလက္ခဏာ အသွင်အပြင်အားလုံး ကွယ်ပျောက်သွားပြီး
မိန်းမလိင်၊ မိန်းမအင်္ဂါလက္ခဏာ အသွင်အပြင် ထင်ရှားပေါ်ပေါက်လာ၏။
သူဌေးသားသည် ရှက်လှသဖြင့် မိမိနေရပ်မှ တိတ်တဆိတ်ထွက်ပြေးသွားရာ
တက်္ကသိုလ်ပြည်သို့ လှည်းဖြင့်သွားသော ကုန်သည်တစ်စုကိုတွေ့၍ ၎င်း၏တွက် သီးသန့်
လှည်းတစ်စီးကို ငှားရမ်းကာ လိုက်ပါသွား၏။ ကုန်သည်များ၏ မိတ်ဆွေ တက်္ကသိုလ်မြို့
သား သူဌေးသားမှာ ဇနီးမယားမရှိဖြစ်သောကြောင့် ၎င်းနှင့် လက်ဆက်ပေးရာ
(တက္ကသိုလ်သူဌေးသားနှင့်) သားနှစ်ယောက်မွေးဖွားလာ၏။
နောင်နှစ်အနည်းငယ်ကြာသောအခါ သောရေယျမြို့မှ သူ၏(ယောက်ျားဘ၀က)
သူငယ်ချင်းဖြစ်ခဲ့သူ သူဌေးသားကုန်သည်တစ်ဦးလှည်းငါးရာနှင့် တက်္ကသိုလ်မြို့သို့
ရောက်လာရာ ၎င်းက(သောရေယျတဖြစ်လဲ တက္ကသိုလ်သူဌေးသား၏ဇနီးက) နောက်
ကြောင်းဖြစ်ရပ်များကို ရှင်းပြ၍ ရဟန္တာအရှင် မဟာကစ္စည်းအား စိတ်ဖြင့် ပြစ်မှားမိ၍
ယခုလိုဘ၀ရောက်လာရကြောင်း ပြောပြရာ အဆိုပါ လှည်းကုန်သည်သူဌေးသားက
အရှင်မဟာကစ္စည်းမထေရ်အား ၀န်ချတောင်းပန်ကန်တော့ဖို့ ပြောသည့်အတိုင်း
အရှင်မဟာကစ္စည်းကို အိမ်သို့ပင့်၍ အကျိုးအကြောင်း လျှောက်ထားကန်တော့သောအခါ
မထေရ်မြတ်က ““ သင်တို့အား ငါသည်းခံ၏”” ဟု မိန်းဆိုကာမျှပင် မိန်းမလိင်၊ မိန်းမအင်္ဂါ
လက္ခဏာအသွင်ဖြင့် ပျောက်ကွယ်သွားပြီး ယောက်ျားလိင် ယောက်ျားအင်္ဂါလက္ခဏာ
အသွင်အပြင် အားလုံး အထင်အရှားဖြစ်ပေါ်လာ၏။
လင်ယောက်ျားဖြစ်ခဲ့သူ တက်္ကသိုလ်သူဋ္ဌေးသားက မိမိနှင့်ရသောသားနှစ်ယောက်နှင့်
ပျော်ရွင်စွာ ၎င်း၏အိမ်တွင်ပင် အေးချမ်းစွာ ဆက်လက်နေပါရန် တောင်းပန်သော်လည်း
သောရေယျသူဌေးသား(တက္ကသိုလ်သူဌေးသား၏ ဇနီးတဖြစ်လဲ)သည် တစ်သက်တွင်
နှစ်ဘ၀ကြုံရသဖြင့် သတိသံဝေဂရကာ ရှင်မဟာကစ္စည်းမထေရ်ထံတွင် ရဟန်းပြု၍
တရားကို ကြိုးစားအားထုတ်ရာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေတော့၏။
x x x x x x x x x x
No comments:
Post a Comment