Saturday, September 18, 2010

အခန်း(၈) ဇာတိပဋိသန္ဓေနှင့် လောကဓါတ်သိပ္ပံအမြင်/ သိပ္ပံနည်း ရောဂါကုထုံးနည်းသစ်/မင်္ဂလာတရားတော် သိပ္ပံအတတ်ဗုဒ္ဓအားပေး

အခန်း(၈) ဇာတိပဋိသန္ဓေနှင့် လောကဓါတ်သိပ္ပံအမြင်
                   လူဆိုသည်မှာ သိန်းကုဋေပေါင်းများစွာသော ကလာပ်စည်းတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်း
ထားသည့် သတ္တ၀ါဟု ဆေးသိပ္ပံနည်းအရဆိုပါသည်။ ကလာပ်စည်းဆိုသည်မှာ
လည်း မကျက်တကျက်ပြုတ်၍ အခွံနွှာထားသော ကြက်ဥနှင့် တူသည်ဟုဆိုပါသည်။
၎င်း၏ အလယ်တည့်တည့်တွင် ကြက်ဥအနှစ်ကဲ့သို့ မာသောအလုံးကလေးတစ်လုံးရှိ၏။
၎င်းအလုံး ကလေး၏ ဘေးပတ်ပတ်လည်တွင် အကာခေါ် ပြစ်ချွဲသောအရည်ရှိပါသည်။
လူသို့မဟုတ်  တိရစ္ဆာန်၏ ကလာပ်စည်းသည် သာမန်ကြက်ဥထက် အဆပေါင်း ၅၀၀၀
နီးပါးသေးငယ်ပါသည်။ ယင်းအမာလုံးကလေးကို ၀တ်ဆံဟုခေါ်ပါသည်။ ၎င်း၏ အကာ
ကိုကလာပ်စည်း၏ မူလဘူတ သက်ရှိရုပ်ဟုခေါ်ပါသည်။ ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ ကလာပ်
စည်း၏ ၀တ်ဆံတွင် သေးငယ်သော အသားမျှင်အသားစိုင်များဖြင့် ဖွဲ့စည်းတည်ဆောက်
ထားသည့် ကရိုမိုဆုံးခေါ် ကမ္မဇရုပ် ကလာပ်များရှိပါသည်။
                  
လူတစ်ကိုယ်တွင် ကရိုမိုဆုံးပေါင်း ၄၆ ခုရှိပါသည်။ ကရိုမိုဆုံးတစ်ခုတွင်
ထောင်ပေါင်း များစွာသော ဗီဇမျိုးစေ့များရှိပါသည်။ ဆေးသိပ္ပံအဘိဓါန်နည်းအရ
ဗီဇမျိုးစေ့ဆိုသည်မှာ ဒီအင်အေ အက်ဆစ်ဓါတ် မူလသက်ရှိရုပ်ဓါတ်ဖြစ်သည်ဟု ဆိုပါ
သည်။ ကရိုမိုဆုံးတစ်ခုတွင် အဆိုပါထောင်ပေါင်းများစွာသော ဗီဇမျိုးစေ့များသည်
အလွန်ရှည်လျားသော လှေကားတစ်ခုတွင် လှေကားထစ်များတပ်ဆင်ထားသကဲ့သို့
ဖြစ်ပါသည်။ ဤသည်တို့ကား အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ယူရသည့် အသေးစား
ရုပ်ကလာပ်များဟု သိရပါသည်။
                   ဗီဇမျိုးစေ့ဆိုသည်မှာ ကာဗွန်ခဲဓါတ် နိုက်ထရိုဂျင်မြေသြဇာဓါတ်နှင့်
ဟိုက်ဒရိုဂျင် ရေဓါတ်တို့အားပေါင်းစုံရောစပ်ထားသည့် နျူးကလီယိုတိုက်ကို ခေါ်ပါသည်။
ကလာပ်စည်းတိုင်း၏ ၀တ်ဆံအတွင်းဝယ် နျူးကလီယိုတိုက်လေးခုရှိပါသည်။ ခန္ဓာကိုယ်
အတွင်းရှိ ပရိုတိန်းခေါ် အသားဓါတ်၏ အရင်းခံဓါတ်ဖြစ်သော အေမီနိုအက်ဆစ်ဓါတ်
ခေါ် အဆီဓါတ်အပါး ၂၀ ကို ဖွဲ့စည်းရန် အဆိုပါနျူးကလီးယိုတိုက်များကို ၆၄
မျိုးခွဲခြား၍ စီရင်နိုင်သည်။ အေမီနိုအက်ဆစ်ဓါတ်သည်လည်း ပရိုတိန်းဖွဲ့စည်းရန်
နည်းလမ်းသန်းပေါင်းများစွာရှိပါသည်။ ဤပရိုတိန်းဓါတ် အသားဓါတ်များနှင့် အင်္ဂါ
အစိတ်အပိုင်းများ အသားမျှင်များကို ဖွဲ့စည်းတည်ဆောက်ပါသည်။ ယင်း
တည်ဆောက်သည့် ပုံစံများအရ ကလာပ်စည်းတစ်ခုသည် နှလုံးဖြစ် သွားပါသည်။
အခြားကလာပ်စည်းသည်၊ လက်ဖြစ်သွားသည်။ နောက်တစ်ခုက ခြေ၊ နောက်ကလာပ်
စည်းက အသဲ၊ နောက်တစ်ခုက မျက်စေ့၊ စသည်တို့အသီးသီးဖြစ်သွားကြပါသည်။
၎င်းတို့၏ အမျိုးအစားအရည်အသွေးစသည်တို့သည် ဗီဇမျိုးစေ့အလျောက်ဖြစ်ပေါ်လာ
ကြပါသည်။ ဤနည်းအားဖြင့် ဖြစ်ပေါ်လာသော အသားမျှင် အသားစိုင်များ အင်္ဂါ
အစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခုပေါင်းစပ်ရောယှက်လျက် တဖြည်းဖြည်းကြီး
ထွားလာကာ လူသားကလေးအဖြစ်ရောက်သွားပြီးနောက် မွေးဖွားလာပါသည်။
ဤကဲ့သို့လူသားတစ်ယောက် မွေးဖွားပေါ်ပေါက်လာရာတွင် သန္ဓေဒဇ ရုပ်ကလာပ်များ၏
အံ့သြ၍ မကုန်နိုင်အောင် များပြားလှသော ပြုပြင်ဖန်တီးပုံ အမျိုးမျိုးတို့ကို စဉ်းစားကြည့်
ခြင်းအားဖြင့် လူအဖြစ်မွေးဖွားလာသူ တစ်ဦးနှင့်တစ်ဦး ဘယ်တော့မှအလုံးစုံ ယခု
လည်းတူမည်မဟုတ်။ အတိတ်ကလည်း တူခဲ့သည်မဟုတ်။ နောင်အနာဂတ်တွင်လည်း
တူလိမ့်မည်မဟုတ်ဟု ကောင်းစွာယူဆနိုင်ပါသည်။ ထို့ကြောင့် ပဋိသန္ဓေတည်၍ မွေးဖွား
လာသူတိုင်း တူသူမရှိပါ။
                   လူ၏ခန္ဓာကိုယ်အတွင်းရှိ ကလာပ်စည်းအားလုံး၏ ၀တ်ဆံတို့တွင် ကရိုမိုဆုံး
၄၆ ခုစီရှိ ကြပါသော်လည်း သန္ဓေပိုးဟုဆိုအပ်သော (၀ါ) စပန်းအိုဗန်းခေါ် မိဘတို့၏
သုက်သွေး ပေါင်းစပ်ရာတွင် ကရိုမိုဆုံး ၂၃ ခုပါရှိပါသည်။ အဖထံမှ အဖိုပိုး
ကလာပ်စည်းသည် အမိထံမှ အမပိုးကလာပ်စည်းနှင့် ရောစပ်သွားပြီး အသစ်သားကောင်း
တစ်ယောက်ကို မွေးထုတ်ရပါသည်။ ထို့ကြောင့် သင်္ချာတွက်နည်းအတိုင်း အသစ်မွေးထုတ်
လိုက်သော သားကောင်းသည် အဘထံမှ ကရိုမိုဆုံး ၂၃ ခု၊ အမိထံမှ ကရိုမိုဆုံး ၂၃ ခ၊ု
ပေါင်းကရိုမိုဆုံး ၄၆။ ၎င်း၏ ပထမဆုံးသော ကလာပ်စည်းတိုင်းတွင်ရှိရပါမည်။
ဤသို့ဇီဝဗေဒနည်းအရ ပါဏာဗေဒနည်းအရ လူသားတစ်ဦးသည် သန္ဓေယူပြီး မိနစ်
အနည်းငယ်အတွင်း၌ ဧတက္ခလာပသတ္တ၀ါတစ်ခုဖြင့် ကလာပ်စည်း သတ္တ၀ါအဖြစ် စ၍
ကြီးပြင်းလာရပါသည်။ ယင်းကလာပ်စည်းသည် အကြိမ်ထောင်ပေါင်းများစွာ ကဲ့ထွက်ကာ
အသားမျှင် အသားစိုင်များဖြစ်သွားကြပါသည်။ ၎င်းအသားမျှင်အသားစိုင်မှ တစ်ဖန်
အင်္ဂါအစိတ်အပိုင်းများ အင်္ဂါအစိတ်အပိုင်းများမှ တဖန်လူဆိုသည့် သတ္တ၀ါဖြစ်ပေါ်လာပါသည်။
                   ဗီဇမျိုးစေ့များသည်ကား သန္ဓေဒဇဖြစ်လျှင် ဖြစ်ခြင်း ယင်းတို့၏
လုပ်ငန်းကို စတင် ဆောင်ရွက်ကြပါသည်။ ၎င်းလုပ်ငန်းမှာ အလွန်ရှုပ်ထွေးပွေလီသော
ဇီဝဓါတုဗေဒဆိုင်ရာ လုပ်ငန်းစဉ်ကို လမ်းညွှန်ပေးရန်ဖြစ်ပါသည်။
                   ဤကဲ့သို့ မွေးဖွားလာသူတိုင်းသည် အထက်၌ ပြောခဲ့သည့်အတိုင်း
မိဘနှစ်ပါးထံမှ ဗီဇမျိုးစေ့များကို ဆက်ခံရရှိခဲ့ပါသည်။ ယင်းတို့ဆက်ခံခဲ့သည့်
မျိုးစေ့အားလုံးသည် အပင်ပေါက် အသီးသီးမည်မဟုတ်သော်လည်း အားကောင်းသော
မျိုးစေ့များသည် အားသေးသောမျိုးစေ့များကို ဖျက်ဆီးလိုက်ကြပါသည်။ သွေးမျိုးစု
ကဲ့သို့သော မိဘထံမှဆက်ခံခဲ့သည့် ဗီဇမျိုးစေ့ရုပ် စသည်တို့အား ဧကကလာပ
ကလာပ်စည်းတစ်ခုခြင်း ဗီဇမျိုးစေ့က စိုးမိုးထားပါသည်။ အသိဉာဏ် အရပ်အမောင်း၊
သွား၊ မျက်စေ့ပေါက်အစရှိသည့် ရုပ်များသည် အခြားမြောက်များလှစွာသော
ဗီဇမျိုစေ့များ၏ အသီးအပွင့်များသာ ဖြစ်ပါသည်။ သွေးလွန်ရောဂါကဲ့သို့
အနာရောဂါ အမျိုးမျိုးတို့သည်လည်း မျိုးရိုးအစဉ်လာ တလျှောက်ဆက်ခံခဲ့သည့်
မကောင်းသော ဗီဇမျိုးစေ့များကြောင့် ဖြစ်ရပါသည်။
                   အသစ်မွေးစကလေးသည် မိဘနှစ်ပါးထံမှ ဗီဇမျိုးစေ့ကြောင့်ဖြစ်ပေါ်လာရသည့်
အလျောက် ကိုယ်အင်္ဂါပုံပန်းသဏ္ဍာန်မှာ မိဘများနှင့် တူမည်သာဖြစ်ပါသည်။ မျက်စေ့
စောင်းပုံ နှုတ်ခမ်းထူပုံစသည်တို့သည် အလွန်ထင်ရှားပါသည်။ ကျောက်ကပ်၊ ဦးနှောက်၊
အဆုတ်မှ လေးရှိုက် အပေါက်အစရှိသည့် ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါသည်လည်း အမိ
သို့မဟုတ် အဖ တဖက်ဖက်သို့အနွယ်လိုက်မည်ဖြစ်ပါသည်။ ဤကိုယ်တွင်းအင်္ဂါ
အတန်းတို့ကို အဆုံးအဖြတ် ပေးမည်ဖြစ်ပါသည်။
                   ကလေးတစ်ယောက်မွေးဖွားလာပြီးသည်နှင့် တစ်ပြိုင်နက်ဆိုသလို ၎င်း၏
ပတ်ဝန်းကျင်သည် ကိုယ်လက်အင်္ဂါစသော ဗီဇရုပ်များကို ပြုပြင်ရာတွင် ပါဝင်စွက်ဖက်
လာ၏။ ကလေးရရှိသော အာဟာရ ဥတု အပြုအစု၊ ပညာစသည်တို့သည် ဗီဇမျိုးစေ့၏
အကျိုးသက်ရောက်မှုဟု ဆိုပါသည်။ တိုင်းနိုင်ငံအသီးသီးမှ အသွင်တူအမွှာမွေးများကို
လေ့လာကြည့်ခြင်းအားဖြင့် ဗီဇမျိုးစေ့ပေါ်တွင် ပတ်ဝန်းကျင်ကမည်မျှ အကျိုးသက်
ရောက်ကြောင်း ထင်ရှားစွာသိမြင်နိုင်ပါသည်။ မိဘနှစ်ပါးထံမှ စပန်းအိုဗန်းဓါတ်ပေါင်းစု
ကာလလရေကြည်မှ ပေါက်ဖွားကြီးပြင်းလာသော အသွင်တူအမွှာမွေးအစုံတို့သည် ဗီဇ
မျိုးစေ့ခြင်းအလွန်တူကြပါသည်။ အလားတူ အမွှာစုံတွဲများအနက် အချို့တို့သည်
မွေးဖွားပြီးလျှင်ပြီးခြင်းဆိုသလို အတွဲမှခွဲထုတ်ပြီး တစ်ယောက်တစ်မျိုးစီ ပတ်ဝန်းကျင်
တစ်သီးတစ်ခြားတွင် ကြီးပြင်းလာရင်း နှစ်ပေါင်းများစွာ ကြာသောအခါအသိအလိမ္မာ
ဉာဏ်အရာတွင်လည်းကောင်း၊ လူမှုဆက်ဆံရာတွင်ကိုယ်ကျင့် စာရိတ္တတွင်လည်းကောင်း
တစ်ဦးနှင့်တစ်ဦး အလွန်ကွဲပြားခြားနားကြောင်း သိပ္ပံပညာတွင် သုတေသန အစီရင်ခံစာ
မြောက်မြားစွာတို့အရ သိရှိရပါသည်။ အလားတူ ကွဲပြားခြားနားချက်များကို ဆံပင်၊ ကိုယ်
အလေးချိန်နှင့် ကိုယ်နှုတ်အမူအရာများတွင်လည်း တွေ့နိုင်ပါသည်။ ဤအခြားအရာအားလုံးသည်
ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုပင်ဟု ထင်ရပါသည်။ အချို့သော သိပ္ပံပညာရှင်များ
၏ လောကတွင် လူသား၏စိတ်နှင့် ကိုယ်(၀ါ) လူသားဟုဆိုသော ရုပ်ဓါတ်တို့သည်
အမိအဖတို့ထံမှ ဆက်ခံရရှိသော ဗီဇမျိုးစေ့၏ အကျိုးသက်ရောက်မှုလော
(၀ါ) ပတ်ဝန်းကျင်ကြောင့်ဖြစ်သလော ဆိုသည့်အငြင်းပွားမှုသည် ယနေ့အထိ
ပေါ်ပေါက်လျက်ရှိပါသည်။
               
သိပ္ပံနည်း ရောဂါကုထုံးနည်းသစ် သတင်းမှတ်စု
                   ရူပဗေဒကို ချွင်းချက်ထားတန်သရွေ့ထားလိုက်လျှင် ဤရာစုနှစ်၏အစ
ကတည်းက ကြီးပွားတိုးတက်လာခဲ့သော သိပ္ပံပညာရပ်တွင် ဆေးပညာနှင့် ခွဲစိတ်နည်း
တို့ထက် ဖွံဖြိုးသော ဘာသာရပ်များမရှိသေးပေ။ မေ့ဆေးပေး၍ ခွဲစိတ်မှုကို ပထမဆုံး
ပြုလုပ်ခဲ့ခြင်းသည် နှစ်တစ်ရာသာသာမျှ ရှိသေး၏။ သတိတရားထိုင်းမှိုင်းစေသော
နည်းဖြင့် အနာသက်သာအောင် ပြုလုပ်နိုင်သောအခါ ဆရာဝန်များအတွက် လူ့ခန္ဓာ
ကိုယ်ရှိ ပျက်စီးယိုယွင်းလျက်ရှိသည့် အစိတ်အပိုင်းများကို ခွဲစိတ်ထုတ်ပစ်ခြင်း ပြန်လည်
ကောင်းမွန်စေခြင်းတို့ကို ပြုလုပ်ရန်အတွက် အကန့်အသတ်မရှိ လမ်းပွင့်သွားပေတော့သည်။
                   နှစ်ဆယ့်ငါးနှစ်လောက်က သေဘေးနှင့်အဆုံးသတ်ခဲ့ဘူးသော ခွဲစိတ်မှုများကို
ယခုစိတ်ချလက်ချ မြန်မြန်ဆန်ဆန်စွမ်းဆောင်နိုင်ချေပြီ။ နည်းသစ်နှင့် မေ့ဆေးသစ်များက
ယခင်ကနည်းများဖြစ်သော လူနာကိုသတိလစ်စေနည်းတို့၏ ဒုက္ခပေးမှုများစွာကို
လျော့နည်းနိုင်သမျှ လျော့နည်းစေခဲ့သည်။ တန်ဆာပလာသစ်များကလည်း ခွဲစိတ်
ဆရာဝန်များအား လူနာ၏ကိုယ်ခန္ဓာအတွင်းပိုင်းအကျဆုံးအထိ ကိုင်တွယ်အသုံးပြုနိုင်
စေပြီးလျှင် သိမ်မွေ့သော အင်္ဂါအစိတ်အပိုင်းများဖြစ်သည့် နှလုံးသားနှင့် ဦးနှောက်တို့ကို
အောင်မြင်စွာ ခွဲစိတ်နိုင်စွမ်း ပြုစေသည့်အထိ အကျိုးပြုလေသည်။
                   အချို့ခွဲစိတ်မှုများအတွက် သုံးရိုးသုံးစဉ်မေ့ဆေးအစား အအေးဓါတ်ပေးနည်းကို
အသုံးပြုခဲ့ပေသည်။ ကရိုင်မိုသယ်ရဖီ အပူချိန်လျော့၍ အသုံးပြုခြင်းပညာရပ်သည်
မကြာမီက ပေါ်ထွက်လာခဲ့၏။ ယင်းတိုးတက်မှုဖြင့် အိမ်တွင်းသုံးအအေးပေးစက်က
အစားအစာများကို မပုပ်မသိုးအောင်ပြုလုပ်နိုင်သည့်နည်းတူ လူ့အသက်ကိုလည်း
စောင့်ရှောက်ထိမ်းသိမ်းရာ၌ အအေးဓါတ်ပေးမှုလိုအပ်ကြောင်း သိရှိရသည်။
                   အအေးဓါတ်သည် အကြောများကိုထုံစေ၏။ ဤလိုဖြစ်ခြင်းမျိုးကို အလွန်အေး
သော ရာသီ၌လက်နှင့်ခြေများတွင် ထိမှန်းမသိအောင်ဖြစ်ပုံမျိုး၌ တွေ့ရပေမည်။
ထို့ကြောင့်လည်း ခွဲစိတ်ရမည့်အစိတ်အပိုင်းကို အေးခဲသွားအောင်ပြုလုပ်မှုသည် နှစ်များစွာပင်
ခွဲစိတ်မှုလေးများပြုလုပ်ရာ၌ လက်သုံးဖြစ်လာခဲ့ရသည်။ ဆေးဘက်ဆိုင်ရာအအေးပေး
နည်းသည် ယခုအခါကြီးကျယ်သော ခွဲစိတ်မှုများပြရာ၌ပင် မေ့ဆေးကဲ့သို့ အသုံး
ဝင်လာပေပြီ အချိန်ကြာကြာ စူးစမ်းကြည့်ခြင်းဖြင့်သိရသောအဖြေမှာ အအေးဓါတ်သည်
ပို၍ပင် အရေးကြီးကြောင်းပင်ဖြစ်သည်။ အနာတရဖြစ်နေသော နေရာတစ်ဝိုက်ကို
အပူချိန်လျော့အောင် လုပ်မှုသည် အဆိပ်ဖြစ်စေသောအရာများစီးဝင်လာမည့် လမ်း
ကြောင်းကို ပိတ်ဆို့ရာလည်း ရောက်၏။
                   အီသာခေါ် အီသိုင်လ်ကလိုရိုက်ဓါတ်ရည်မျိုး၌ လေသလပ်မခံသော သတ္တိထူး
ပါပြီး လေသလပ်ခြင်းဖြင့် ခြောက်သွေ့သွားသောအပိုင်း၌ အပူချိန်သည် လျော့၍
သွားလေသည်။ အကယ်၍ ၎င်းဓါတ်ရည်မျိုးခြောက်သွေ့သွားရာနေရာသည် လူ၏
ခန္ဓာကိုယ်ပေါ်မှာဖြစ်လျှင် ယင်းကြောင့် အပူချိန်လျော့သွားရာ နေရာ၌ အတွေ့အထိကို
များစွာခံစား၍မရတော့ပေ။
                   ဆေးသိပ္ပံပညာသည်များသည် ဤသို့လေသလပ်၍ အပူချိန်လျော့ပြီးတွေ့ထိခံစား
မှု မရှိရခြင်းအကြောင်းကို အတိအကျမသိကြချေ။ သို့သော်လည်း အအေးဓါတ်
ပေးခြင်းဖြင့် နဂိုက လှုပ်ရှားလျက်ရှိသော အသားမျှင်များကို လှုပ်ရှားမှု နှေးသွားစေပြီး
၎င်းတို့ကို ဖွဲစည်းထားသော ကလာပ်စည်းများ လုံးဝအလုပ်မလုပ်ဘဲ ရပ်ဆိုင်းနေသည့်
အထိ ဖြစ်သွားစေကြောင်းကိုကား ၎င်းတို့လက်ခံထားပေသည်။ ကလာပ်စည်းလှုပ်ရှားမှု
မရှိခြင်းကို အပူဒီဂရီ သုညခန့်အထိ လျော့ပစ်နိုင်သောအခါ၌ တွေ့ရပေသည်။ အီသာနှင့်
အီသိုင်လ်ကလိုရိုက်ကို အပူလောင်သော အရေပြားနှင့် အခြားအလားတူနေရာကျဉ်း
များအပေါ်လောင်း၍ ခွဲစိတ်ကုသမှုကလေးများ ပြုလုပ်နေကြသည်။ လူနာသည်
ခွဲစိတ်ပြီးနောက် ခံစားရသော ဝေဒနာမျိုးလည်း လုံးဝမခံစားရချေ။
                   အအေးဓါတ်ပေးထုံးဆေးသည် ခွဲစိတ်မှုကလေးများ၌ အောင်မြင်သည်နှင့်အမျှ
ခွဲစိတ်မှုကြီးများကိုလည်း ပြုနိုင်မည့် အရိပ်နိမိတ်လက္ခဏာပြလျက်ရှိ၏။
                   ထို့ကြောင့် အအေးဓါတ်ဖြင့် ထုံဆေးပေးနည်းသည် အကြောမာမှုအတွက်
ဖြတ်တောက်ရေးပြုလုပ်ရန် စိတ်ချရသည့်နည်းဖြစ်လာပြီး အသက်ရင့်သူလူနာများအား
အခြားခွဲစိတ်မှုကြီးများ၌ ခံစားရမည့်ဝေဒနာထက် ပြင်းထန်သောခံစားမှုကို ရစေတော့မည်
မဟုတ်ပေ။  
                   အအေးဓါတ်ပေးခြင်းသည် ခွဲစိတ်ချိန်အတွင်း မေ့ဆေးထုံးဆေးကဲ့သို့ စွမ်းဆောင်
နေရုံမက ခွဲစိတ်ခြင်းကြောင့် နာကျင်မှုကိုလည်း မပေးနိုင်ပေ။ အကြောမာမှုသည်
ဆိုင်ရာ အစိတ်အပိုင်းများ၌ ကြီးစွာနာကျင်စေ၏။ သို့သော် ထိုအပိုင်းကို အေးအောင်
ပြုလုပ်သည့်အခါ နာကျင်မှုလုံးလုံးပျောက်သွားသည်။ ထို့ပြင် ယင်းသို့အအေးဓါတ်ပေး
ခြင်းဖြင့် ထိခိုက်နေသောအစိတ်အပိုင်းမှ ကိုယ်ခန္ဓာတလျှောက်သို့ အဆိပ်ဓါတ်များစီးဆင်း
လာမှုကို ရပ်စေပြီး လူနာကို ခံနိုင်ရည်ပိုကောင်းလာကာ တိုးတက်လာစေ၏။
                   အေးခဲစေသောနည်းကို လက်ကိုင်ထား၍ သွေးခဲပိတ်ဆို့နေသောအပိုင်းကို
အေးခဲစေ လိုက်လျှင် အသက်သေသည်အထိ ဒုက္ခပေးမည်းလမ်းကို ရပ်ပစ်လိုက်နိုင်ပြီး
သွေးခဲကို ထုတ်ကာ ကိုယ်အင်္ဂါပြန်ကောင်းအောင် ခွဲစိတ်ဆရာဝန်က ပြုလုပ်နိုင်တော့သည်။
                   အအေးဓါတ်ပေးခြင်းသည် အရေပြားဆက်သောနည်းကိုလည်း လုံးဝတော်လှန်
ပစ်သည်မည်၏။ အရေပြားဆက်နည်းသည် ယခုကြီးစွာတိုးတက်လာ၍ အပူလောင်
သဖြင့်လည်းကောင်း အခြားဒဏ်ရာကြောင့်လည်းကောင်း၊ ပျက်စီးနေသောအရေပြားကို
လုံးဝအောင်မြင်စွာ အစားထိုးနိုင်ပေပြီ။
                   ဆေးဘက်နှင့် အင်ဂျင်နီယာဘက်ဆိုင်ရာ ပညာရှင်များ မကြာသေးခင်က
နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ဆရာဝန်တို့အတွက် လူခန္ဓာကိုယ်၏
အရေးပါသော အစိတ်အပိုင်းတို့ အလုပ်လုပ်ပုံများကို အလွယ်တကူအသုံးချနိုင်
အောင် ဖန်တီးလာ၏။ ကိုယ်ခန္ဓာသည် ကျန်းမာနေစဉ်၌ အပြစ်ကင်းစွာ မမောမပန်း
အလုပ်လုပ်သည့် စက်တစ်မျိုးပင်ဖြစ်ရာ ဆရာဝန်၏အလုပ်မှာ ၎င်းခန္ဓာကို ဆက်လက်၍
ယင်းသို့အလုပ်လုပ်စေရန် စောင့်ရှောက်ခြင်းဖြစ်ပေသည်။
                   ထို့ကြောင့် အင်ဂျင်နီယာများသည် ကျောက်ကပ်လုပ်ငန်းပြရာစက်များ
အဆုတ်များ အသက်ရှုပုံကိုပြရာ စက်များနှင့် သွေးပြန်ကြောနှင့် သွေးကြောများသို့
သွေးများလည်ပတ်စေသော နှလုံးသားကိုပြရာစက်များ တီထွင်ပေးရန်အတွက် ဆရာဝန်
များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။
                   နှလုံးသားတုစက်ကို လူနာအားခွဲစိတ်စဉ်၌ လူ့နှလုံးသား၏ သွေးသွားလာမှု
ပုံစံအတိုင်း ပြုလုပ်၍ အစားထိုးပေးနိုင်၏။ တစ်နည်းဆိုသော် ၎င်းစက်က ကိုယ်တွင်း
သို့သွားနေသောသွေးကို နှလုံးသားနှင့် လမ်းလွဲပေးနိုင်၏။ ထိုအခါ လူ့နှလုံးသားသည်
ဆရာဝန်ပြုလိုတိုင်းပြုရန် လွတ်လွတ်လပ်လပ်ဖြစ်နေ၏။
                   လူ့ကျောက်ကပ်၏ လုပ်ငန်းသည် စားလိုက်သောအစားအစာထဲမှ အညစ်
အကြေးများကို လည်းကောင်း၊ အခြားကိုယ်ခန္ဓာအသားမျှင်များမှ မလိုအပ်သည်များကို
လည်းကောင်း ဆီးအဖြစ်နှင့်ချွေးများထဲမှ အစဉ်ထုတ်ပေးရန်ဖြစ်သည်။ သွေးသည်
ကျောက်ကပ်ထဲသို့ အလွန်သေးငယ်ခွေလိမ်နေသော ပြွန်ကလေးများမှဖြတ်၍
ဂလိုမာဂူလပ်စ်ခေါ် သွေးစစ်သော အရာထဲသို့ ရောက်လာ၏။
                   အညစ်ရေများပါသောသွေးသည် ပရိုတိန်းလွတ် ဓါတ်ရည်မျိုးစုံဖြစ်သော
ဂလူးကို့စ်၊ ဆိုဒီယံကလိုရိုက်တို့ဖြင့် ဖွဲ့စည်းထား၏။ ၎င်းဂလူးကို့စ်စသည်တို့မှာ
ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများဖြစ်ကြပေသည်။
                   ကျောက်ကပ်၏ ဒုတိယမြောက်သွေးစစ်အိတ်လည်း သွေးညစ်ရေကို အာဟာရ
ဖြစ်စေသောသွေးမှ ခွဲထုတ်ရန်သာမက ရေရာခိုင်နှုန်းများစွာကို သန့်စင်စေသည်။
ရေသန့်နှင့် ဓါတ်အားပေးဒြပ်များသည် ထိုအခါ သွေးစီးကြောင်း၌ ပြန်ရောက်ပြီး
မလိုအပ်သောရေနှင့် အညစ်အကြေးများသည် ဆီးအဖြစ် အပြင်ထွက်သွား၏။
                   အကယ်၍ ကျောက်ကပ်တို့၏လုပ်ငန်းဖြင့် အညစ်များကို ချွေးမှ မှန်မှန်
ထုတ်ကာ စိတ်ချလက်ချဖြစ်အောင် မပြုလုပ်နိုင်ခဲ့လျှင် အညစ်အကြေးမှ အဆိပ်များ
ဖြစ်သွားနိုင်၏။ ကျောက်ကပ်များသည် ပိတ်ဆို့ပြီး သွေးညစ်ရေများကို စစ်မပေးနိုင်ခဲ့လျှင်
အညစ်အကြေးများ စုဆောင်းမိလာမည်။ ထို့ကြောင့် ရောဂါရနေသော ကျောက်ကပ်သည်
ရောဂါမှမထနိုင်သော် စုဆောင်းလာသောအဆိပ်သည် လူကိုသေစေနိုင်တော့၏။
                   မကြာသေးမီကအထိဆိုလျှင် ဤကျောက်ကပ်ရောဂါပြဿနာကို ဖြေရှင်းရန်
နည်းလမ်းမရှိ၍ ရောဂါသဲလာသူများအဖို့ သေရသည်သာဖြစ်လေသည်။ ထို့ကြောင့်
ယင်းအသေအပျောက်ကို တိုက်ဖျက်ရန်အတွက် ကျောက်ကပ်တုတစ်မျိုးတီထွင်ရပေသည်။
ယင်းကို ၀က်အူချောင်းအရေပါးနှင့် လုပ်ရလေသည်။
                   ဓါတုဗေဒပညာရှင်များက အမျိုးမျိုးသော အစစ်ပုံစံများဖြင့် စူးစမ်းကြည့်ရာ
ဝက်အူချောင်းအရေပါးသည်ုရေကိုစစ်ပေးသည်သာမက ၎င်းနှင့်ထိတွေ့သောဓါတ်များ
ကိုပါ  အရည်ပျော်စေကာ ၎င်းအရေပါးထဲမှ ဖြတ်စီးနိုင်ကြောင်းတွေ့ရသည်။ ဤနည်း
သည် လူ့ကိုယ်ခန္ဓာအတွင်း၌ ခဲသွားသောသွေးများကို အရည်ပျော်စေအောင် တတ်နိုင်
သောနည်းဖြစ်သည်။
                   အဆုတ်၏ အသက်ရှူလုပ်ငန်းမျိုးလုပ်ပေးနိုင်ရန်အတွက် စက်ကိရိယာပေါင်း
များစွာကို တီထွင်ခဲ့ကြ၏။ ပထမဆုံးသောစက်မှာ အဆုတ်ထဲသို့လေသွင်းပေးပြီး
ပြန်လည်စုပ်ယူသောစက်ဖြစ်သည်။ သို့သော် ၎င်းစက်များသည် အဆုတ်ထဲသို့သာမဟုတ်
ဝမ်းဗိုက်ထဲသို့ပါ ၀င်စေသော ချို့ယွင်းချက်ကြီးများကိုလည်း ဖန်တီးပေး၏။ ထို့ပြင်
အဆုတ်များကို အခါမရွေး အပြင်းအထန်ပျက်စီးသွားစေနိုင်သော အန္တရာယ်ကိုလည်း
ပေးတတ်၏။ လေသွင်းရာ၌ ဖိနှိပ်အား ဂရုတစိုက် ချိန်ဆပေးခြင်းဖြင့်သာ ထိုအန္တရာယ်မှ
ကာကွယ်နိုင်၏။
                   ယင်းပြဿနာကို နာမည်ကျော်သံအဆုတ်တီထွင်လိုက်၍ နောက်ဆုံးဖြေရှင်းနိုင်
တော့သည်။ ၎င်းစက်သည် ယခုဆေးရုံကြီးအားလုံး၏ လိုအပ်သောအသုံးအဆောင်အဖြစ်
အသုံးဝင်နေပြီးဖြစ်၏။
                   သံအဆုတ်နည်းမှာ လူနာ၏ အဆုတ်များထဲသို့ လေကိုသွင်းပေးသည့်အစား
လူနာကရိုးရိုးအတိုင်း အသက်ရှူခြင်းကိုသာ ပြုရသည်။ ၎င်းအလုပ်သည် လူနာ၏
ရင်အုပ်ကြွက်သားများအား အလုပ်ကောင်းစွာမလုပ်မှုကို နေရာအစားဝင်ခြင်းဖြစ်၏။
ဤစက်က ကူးပေးသည့်အခါ ရင်အုပ်သည် လုပ်ရိုးလုပ်စဉ်အတိုင်း ဖေါင်းပွခြင်း
ကျုံ့ခြင်းတို့ကို ပြုလုပ်နိုင်တော့သည်။
                   အီလက်ထရောနစ်အဆုတ် သို့မဟုတ် တစ်ခါတစ်ရံ ဗင်တီလေတာဟုခေါ်သော
ယင်းစက် အကျိုးကျေးဇူးတစ်ခုမှာ ၎င်းကို ဘတ်ထရီနှင့် လှုပ်ရှားစေမှုဖြစ်သည်။ သံအဆုတ်
မှာကား လျှပ်စစ်ဓါတ်အားလွှတ်ရာနှင့် ဆက်သွယ်ထားပြီးမှ မိုတာစက်ကိုလည်စေရ၏။
၎င်းအီလက်ထရောနစ်စက်များကို ခွဲစိတ်ခန်းများ၌လည်း အသုံးပြုကြသည်။အကြောင်းကား
မေ့ဆေးပေးထားစဉ် အတွင်းလူနာ အသက်မှန်မှန်ရှူရအောင် လုပ်ပေးရန်ဖြစ်၏။
                   ဆေးကုသမှုအတတ်ပညာပေါ်စကတည်းက လူ၏အရိုးနှင့် အကြောမျှင်တို့
အတွက် အစားထိုးနိုင်သောအရာကို ရှာဖွေခဲ့ကြပြန်သည်။ ကြေနေသောအရိုး အဆစ်လွဲ
ခြင်း စသည်များ အကြောစွန်းပြတ်မှုများနှင့် သွေးကန်များကို အစားထိုးပြုပြင်ရန်
မရေတွက်နိုင်သော စူးစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။
                   အစားထိုးနိုင်သော ကိရိယာမှာ အရိုးနှင့် အကြောအတွက် သတ္တုကိုသာ
တွေ့ရသည်။ ၎င်းသတ္တုသည် လူ့ခန္ဓာကိုယ်ရှိ အရည်များနှင့် ဓါတ်ချင်းတည့်ပြီး တိုက်စား
ခြင်းမှ ခံနိုင်ရည်ရှိရပေမည်။ ၎င်းသည် လူကိုပုံပန်းသဏ္ဍာန်ဆိုးသွားအောင် မဖြစ်စေဘဲ၊
ကိုယ်အတွင်း၌ ထည့်ပေးရာတွင်လည်း ၎င်းသတ္တုရှိနေမှန်းသိအောင် လေးလေး
လံလံကြီး ဖြစ်မနေစေရပေ။
                   ချွတ်ယွင်းသွားသော ခြေလက်အင်္ဂါများအတွက် ရွှေ ငွေ အပြားနှင့် ကြိုးများကို
နှစ်ငါးရာနီးပါး အသုံးပြုခဲ့ကြသည်။ သို့သော် ရွှေနှင့် ရွှေပြားကြီးကြီးလုပ်ရလျှင်
အကုန်အကျများပြီး ငွေအရိုးဆက်များကလည်း ကိုယ်တွင်းရှိ အောက်ဆီဂျင်ဓါတ်
ကြောင့် လျင်မြန်စွာ စားသွားတတ်သည်။ ထို့ကြောင့် ဦးခေါင်းခွံပျက်များကို အစားထိုးရန်
အလူမီနီယံကို နောက်ထပ်တိုး၍ သုံးလာသည်။ သို့စဉ် ထိုသတ္တု၌ ငွေကဲ့သို့ပင်
ခွဲစိတ်မှုကိစ္စနှင့်ပတ်သတ်၍ ချွတ်ယွင်းချက်ရှိပြန်၏။
                   ၁၉၀၃ ခုနှစ်တွင် ဂျာမန်သတ္တုပညာရှင် ဟန်စ်အက်ကီဘတ်ဂ်သည် ကိုလံဘိုက်
သတ္တုကျောက်မှ ရှားပါးသောသတ္တုသစ်တစ်မျိုး ထုတ်ယူလိုက်၏။ သူကယင်းသတ္တုကို
တင်တလံဟုအမည်ပေးသည်။ အကြောင်းကား ၎င်းကိုထုတ်ယူရာ၌ နှစ်ငါးဆယ်နီးပါး
သူ့အားမရေမရာနှင့် တလည်လည်ဖြစ်စေတတ်သောကြောင့်တည်း။ တင်တလံကို လျှပ်စစ်
ကြိုးမျှင်အဖြစ် အချိန်အတော်အတန် သုံးခဲ့၏။ သို့သော် မကြာမီပင် ၎င်းအစား
ဈေးပေါသောသတ္တုများနှင့် လဲသုံးလေသည်။ ထို့နောက်တွင် တင်တလံသည်
နှစ်ပေါင်းများစွာပင် ဓါတ်သတ္တုဆန်းတစ်ခုအဖြစ်သာ တည်ရှိလာတော့၏။
                   သို့သော် ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ တင်တလံသတ္တု၏ သတ္တိမျိုးပါသော
ကြိုးမျှင်များ လိုအပ်သည့် ရေဒီယိုမီးလုံးများကို ထုတ်လုပ်ခဲ့သည်။ ဤသို့အသုံးပြုခြင်းဖြင့်
တင်တလံသည် အရေးပါလာပြန်သည်။
                   တင်တလံသည် ဓါတုဗေဒနည်းအားဖြင့် လှုပ်ရှားမှုမရှိ၍ လူ့ခန္ဓာအတွင်းရှိ
အက်စစ်ဓါတ်အမျိုးမျိုး၏ တိုက်စားခြင်းဒဏ်ကို ခံနိုင်ရေရှိလာလေသည်။ ၎င်းသတ္တုသည်
ပင်ကိုယ်အတိုင်းသော်လည်းကောင်း၊ လူ့အကြောမျှင်ဝန်းကျင်မှ အရည်များနှင့် တွေ့ထိ
သည့်အခါတွင်လည်းကောင်း လျှပ်စစ်ဓါတ်အားကို မဖြစ်ပေါ်စေပေ။ ၎င်းသည် အလွန့်
အလွန် ပေါ့ပါးလှသည်။ ထူးထူးခြားခြား ခိုင်မာသည်။ အေးနေသောအခါ၌ပင်
လိုသလိုပုံသွင်း၍ နန်းကြိုးမျှင်မျှင်ကလေးမျှသော်လည်းကောင်း၊ အရေပါးလေးတမျှသော်
လည်းကောင်း ဆွဲယူထုလုပ်၍ ရသောသတ္တုဖြစ်သည်။
                   စူးစမ်းမှုများပြုလုပ်ခြင်းဖြင့် နောက်ဆုံး၌ ၎င်းသတ္တုသည် လူ့အရိုးနှင့်
အကြောမျှင်များအတွက် အစားထိုးနိုင်သော သတ္တုဖြစ်လာသည်။
                   တင်တလံကို အောင်မြင်စွာအသုံးပြုနိုင်သည့် အခြားတစ်နည်းမှာ ဒဏ်ရာအနာ
တရဖြစ်၍ ထုတ်ပစ်ရသောအရိုးပိုင်းများနေရာ၌ အစားထိုးပေးနိုင်ခြင်းဖြစ်သည်။ ကွဲနေ
သောအရိုး၊ လွဲနေသောအဆစ်တို့အတွက်ကွင်းဆက်ပေးရန် အလွန်အမင်းစွမ်းနိုင်ပေသည်။
                   တင်တလံ၌ ထကြွခြင်းသတ္တိမရှိသည့်အတွက် ခွဲစိတ်ဆရာဝန်များက သိမ်မွေ့
သော ၀မ်းဗိုက်အတွင်းခွဲစိတ်မှုများတွင် ချုပ်လုပ်အသုံးပြုရန် အမျှင်အဖြစ် စိတ်ကြိုက်သုံး
ကြသည်။ ၎င်းအမျှင်များသည် အနီးကပ်ရှိသော အကြောများ သို့မဟုတ် ပျက်စီးနေသော
အကြောများကို ဒုက္ခမပေးသည့်အပြင် အနာကိုလည်း အမာရွတ်ကြီးကြီးမထင်စေပေ။
                   တင်တလံ၏ ဆေးပညာဘက်၌ အဓိကပြုချက်မှာ ဦးခေါင်းခွံနှင့် ဦးနှောက်
ခွဲစိတ်မှုဘက်တွင်ဖြစ်လေသည်။ ဦးနှောက်ပေါ်သို့လည်းကောင်း ဦးနှောက်တွင်းရှိ အနာထဲ
သို့လည်းကောင်း တင်တလံအုပ်ခြင်းဖြင့် သိမ်မွေ့သောအရေပါးနှင့် အကြောမျှင်များကို
အမာရွတ်ကြီးစွာထင်စေခြင်းမှ ကာကွယ်နိုင်သည်။ အမာရွတ်ကြီးသည် ဦးနှောက်၌
ဒဏ်ရာများ မလွဲမရှောင်သာ ဖြစ်ပေါ်စေလေသည်။
                   သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ အထူးစီမံထားသော မေ့ဆေး
ကိရိယာတန်ဆာပလာနှင့် နည်းသစ်များကြောင့် ဦးနှောက်ခွဲစိတ်မှုဘက်၌ ကဏ္ဍသစ်
တစ်ရပ်ဖွင့်ပေးနိုင်ခဲ့လေသည်။ ထို့ကြောင့် ဥပမာပြရလျှင် ယခုအခါ ခွဲစိတ်ဆရာဝန်သည်
ဦးနှောက်အတွင်းမှ အစိတ်အပိုင်းများထုတ်ယူရာ၌ အပြင်ပိုင်းကို မထိခိုက်မပျက်စီး
စေဘဲ ပြုလုပ်နိုင်ခဲ့ပေသည်။ ၎င်းခွဲစိတ်မှုများသည် ပြင်းထန်သောဦးနှောက်ရေ၀င်မှု
ရောဂါကုရာ၌ စံထားထိုက်သော ကုသမှုဖြစ်လာသည်။
                   ကြောက်လန့်မှု သောကများမှု ဒေါသကြီးမှုတို့ကို ဖန်တီးသော ဦးနှောက်
အစိတ်အပိုင်းကိုထုတ်ပစ်ရခြင်းသည်လည်း ခွဲစိတ်ကုသမှုဘက်၌ အောင်မြင်လာသည့်
အခြားနည်းသစ်တစ်ရပ်ဖြစ်သည်။ ယင်းကဲ့သို့ ဦးနှောက်ခွဲစိတ်မှုမျိုးကို ဒေါက်တာ
အီဂတ်မိုးနက် (ပေါ်တူဂီ သမားတော်ကြီး) က စိတ်ဓါတ်ပျက်စီးခြင်းကိစ္စများ၌ ပထမဆုံး
စွမ်းဆောင်နိုင်ခဲ့လေသည်။
                   မိုးနက်က နဖူးနောက်၌ ကပ်လျက်ရှိသော ရှေ့ပိုင်းဦးနှောက်တို့သည်သာ
ကြောက်လန့်မှုသောကနှင့် စိုးရိမ်မှုများဖြစ်ပေါ်စေသည်ဟု ယူဆထား၏။ ထို့နောက်
ထပ်မံ၍ ၎င်းက ယင်းရှေ့ပိုင်းဦးနှောက်တို့သည် ဦးနှောက်တစ်စိတ်တစ်ဒေသနှင့် ဆက်
အောင် သယ်လာမတ်စ်ခေါ် အကြောများ၏ ဆက်သွယ်ပေးခြင်းခံရလျှင် ဤသို့ဖြစ်ခြင်း
ကြောင့် ကြောက်လန့်မှုနှင့် ဒေါသကြီးမှုပေါ်ရသည်ဟုဆို၏။
                   ဒေါက်တာမိုးနက်က အကြောက်လွန်မှု သောကများလွန်းမှုနှင့် အမှတ်များမှုတို့၏
လက္ခဏာများကိုပြသော စိတ်ဝေဒနာများသည် ဦးနှောက်အရှေ့ပိုင်းကို ဆက်သွယ်နေသော
သယ်လာမတ်စ်အကြောများ၏ ပိုလွန်ထွားကြိုင်းမှုကြောင့်ဖြစ်သည်ဟု မှတ်ယူလေသည်။
                   ထို့ကြောင့် ဆရာဝန်မိုးနက်က ဒုက္ခပေးလျက်ရှိသော အကြောကိုဖြတ်ပစ်သည့်
ခွဲစိတ်မှုမျိုး တီထွင်ခဲ့လေသည်။ ဦးနှောက်အစိတ်အပိုင်း ထုတ်မပစ်ဘဲ အကြောဖြတ်ရုံသာ
ပြုလုပ်ခြင်း ဖြစ်လေသည်။
                   ဤခွဲစိတ်မှု၏ ထူးဆန်းသောအဖြေတစ်ခုမှာ ခွဲစိတ်ခြင်းကို ခံရပြီးသူသည်
အနာဂတ်အတွက် ကြိုတင်မခန့်မှန်းနိုင်တော့ခြင်းဖြစ်သည်။ အကြောင်းကား ဦးနှောက်၏
ရှေ့ပိုင်းသည် အနာဂတ်ဖြစ်ရပ်များအတွက် စိတ်လှုပ်ရှားစေအောင် ဖန်တီးပေးမည့်
အာရုံခံစားရာ အစိတ်အပိုင်းဖြစ်သောကြောင့်ပါပေ။
                   သို့သော် အနာဂတ်ကို မခန့်မှန်းနိုင်ခြင်း ချွတ်ယွင်းချက်ဖြစ်သည်ဟု အစဉ်မပြော
နိုင်ချေ။ အနာဂတ်အတွက် တွေးပူပြီးရောဂါဖြစ်ခြင်းမျိုးကို ဤခွဲစိတ်မှုဖြင့်သာ သက်သာရာ
ရစေနိုင်၏။ ထို့ကြောင့် ထိုနည်းသည် စိတ်ဓါတ်ကိုတစ်မျိုးမှတစ်မျိုးသို့ ပြောင်းလဲပေး
ရုံသာ ဖြစ်သည်ဟု ဆိုရပေမည်။
                   ခွဲစိတ်ခံရပြီးသော လူနာ၏အခြေအနေသည် ဘေးအန္တရာယ်နှစ်ခုမှ လျော့ပါး
သွားခဲ့သည်။ တစ်ခုမှာ သူသည် နဂိုကလို အနာဂတ်အတွက်တွေး၍ ကြောက်လန့်ပြီး
စိတ်ရူးပေါက် မနေခြင်းဖြစ်၏။ ကျန်တစ်ခုမှာ သူ့အဖို့ အနာဂတ်ကာလမရှိတော့ခြင်း
ဖြစ်သည်။
                   သို့ဖြင့် ထိုခွဲစိတ်နည်းသည် အသုံးဝင်ကြောင်းခိုင်လုံပေသည်။ လူနာ၏
ကြောင်းကျိုးဆင်ခြင်တရားကို ကာကွယ်ပေးနိုင်ခဲ့ပြီမဟုတ်လော။ ထိုမှတစ်ပါး လူနာ
အဖို့ အနာဂတ်အတွက် တွေးတောနိုင်စွမ်းမရှိရုံသာမက ၎င်းသည် စိတ်ဓါတ်ပြောင်းလွဲ
ခြင်းမဖြစ် တော့ပေ။ စင်စစ် သူသည် စိတ်ဓါတ်ရေးအားဖြင့် ရံဖန်ရံခါ တိုးတက်လာတော့မည့်
အကျိုးကျေးဇူးကိုလည်း ရသွားတော့သည်။
                   ဦးနှောက်ခွဲစိတ်မှု အခြားတစ်ခုမှာ ၀က်ရူးပြန်ရောဂါကြီးအတွက် ဦးနှောက်
တစ်ဝက်ခန့် ထုတ်ပစ်ရခြင်းဖြစ်သည်။ သို့ပြုလုပ်ရာတွင်လည်း လူနာအတွက်သေဘေး
တကယ်ကြုံ၍ စွန့်စွန့်စားစား ခွဲစိတ်မခံရလျှင် ဒုက္ခလှလှတွေ့ရတော့မည့်အခါမျိုး၌
နောက်ဆုံး အားထားရာအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပေသည်။ ယင်းခွဲစိတ်မှုမျိုးများသည်
(၂၀)မျှရှိခဲ့၍ အများအားဖြင့် အောင်မြင်၏။ အောင်မြင်သည့်ကိစ္စတိုင်းလည်း လူနာအား
ဉာဏ်ထက်မြက်မှု၌ တိုးတက်စေကြောင်းတွေ့ရသည်။
                   တစ်ချိန်က ဦးနှောက်တစ်ဝက်ထုတ်ပစ်လျှင် ကိုယ်ခန္ဓာလှုပ်ရှားမှု၏ လုပ်ရိုး
လုပ်စဉ်လုပ်ငန်း ၅၀ ရာခိုင်နှုန်းလျော့သွားလိမ့်မည်ဟု ထင်ခဲ့သေးသည်။
                   မည်သို့ပင်ဖြစ်စေ  ခွဲစိတ်မှုကိုလုပ်ဆောင်ပြီးနောက် လူနာအား အသက်ရှူခြင်း
စကားပြောခြင်းစသောလုပ်ငန်းများ လုပ်နိုင်ရန် ကျန်ဦးနှောက်နှင့်ပင် လုံလောက်ကြောင်း
တွေ့ရပေပြီ၊ တစ်ဖက်မှစဉ်းစားပြန်လျှင် အလုပ်နှစ်မျိုးလုပ်သည့်အပြင် အကြားနှင့်
ခြေလက်လှုပ်ရှားမှုများသည် ဦးနှောက် ထုတ်ပစ်ခံရသောဘက်၌ မလုပ်တော့ချေ။
                   သို့ဖြင့် ၎င်းခွဲစိတ်မှုသည် ရလဒ်ဆိုးကြီးများ ပေးသည်ဟု ထင်ရ၏။ သို့သော်
၎င်းခွဲစိတ်မှုကို လူတစ်ကိုယ်လုံး မျှဒုက္ခခံရမည့်ရောဂါကြီး နှိပ်စက်ခံရသူကိုမှ
ပြုလုပ်ပေးသဖြင့် ရရှိသောအဖြေများဖြင့် ကျေနပ်စရာဖြစ်ပေသည်။ အကြောင်းမူ
လေဖြတ်ရောဂါဖြင့် တစ်ကိုယ်လုံးအသုံးမ၀င်ဖြစ်ရသည့်အစား ၅၀ ရာခိုင်နှုန်းအသုံးဝင်
သေးသည်ဆိုလျှင်အတိုင်းထက်အလွန် ဖြစ်သောကြောင့်တည်း။
                   မကြာမီကပြုလုပ်ခဲ့သော အီလထရိုဆေးပညာသိပ္ပံသုတေသနမှ သိရှိရသည်မှာ
လူခန္ဓာကိုယ်သည် ရေဒီယိုထရန်စမစ်တာကဲ့သို့ အီလက်ထရိုသံလိုက်စွမ်းအားထွက်နေသည်
ဟူ၍ဖြစ်သည်။ ဆက်လက်၍ သုတေသနပြုပြန်သောအခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်း
သည် ကိုယ်ပိုင်လှိုင်းများရှိပြီး ၎င်းလှိုင်းများသည် အင်္ဂါကောင်းမှု ရောဂါကျရောက်မှုကို
လိုက်၍ ရံဖန်ရံခါ ပြောင်းလဲသည်ကိုတွေ့ရ၏။
                   ဤဘ၀ပြဿနာ ကံတရားနှင့် ဇာတိပဋိသန္ဓေအကြောင်းကို နိဂုံးချုပ်နေစဉ်
သိပ္ပံပညာနှင့် ပတ်သတ်သော ဆောင်းပါးလေးတစ်ပုဒ်ကို ၁၉၇၉ ခုနှစ် သြဂုတ်လ ၂၈
ရက်နေ့ထုတ် ဂါဒီယန်းသတင်းစာကြီးတွင် ဖတ်လိုက်ရသောကြောင့် အောက်တွင်
တစ်နိုင်သလောက် မြန်မာသို့ပြန်ကာ ဖေါ်ပြလိုက်ရပါသည်။
                   ဤကမ္ဘာရှိ လူအားလုံးတို့၏ ဘ၀ပြဿနာနှင့် ကံကြမ္မာကို ဖန်တီးရာတွင်
အထူးသဖြင့် ဆေးပညာနှင့် စက်မှုလက်မှုအတတ်ပညာဘက်တွင် လောကဓါတ်သိပ္ပံ၏
တန်ခိုးအင်အားသည်  အကြီးမားဆုံးဖြစ်ပါသည်။ စစ်ဘက်နှင့် စီးပွားရေးလုပ်ငန်း
ကြီးများသို့ ယခုအခါ သိပ္ပံပညာဆိုင်ရာအဖွဲ့တစ်ဖွဲ့က ကူညီထောက်ပံ့သည့် စက်မှု
လက်မှုဆိုင်ရာ အတတ်ပညာ နည်းနာနိဿယများ၊ ပစ္စည်းပစ္စယများ၊ အကြံဉာဏ်
ဗဟုသုတများ၏ ထုထည်သည်ကား ရှေးအဆက်ဆက်က သိပ္ပံပညာရှင်အားလုံးတို့၏
အကူအညီ အထောက်အပံ့တို့ထက် ကြီးမြတ်လှပါသည်။ ဥပမာ- ဤဆောင်းပါးကလေးကို
ဖတ်နေသော ပုဂိ္ဂုလ်တစ်ယောက်အနေဖြင့် ဤဆောင်းပါးကိုဖတ်စအချိန်၌ သိရှိရသော
သိပ္ပံနှင့် စက်မှုလက်မှု တိုးတက်တီထွင်မှုများ၏ထုထည်သည် ဆောင်းပါးကိုဖတ်၍
ဆုံးသည့်အချိန်၌ သိရသည့် ယင်းတို့၏ ထုထည်ထက် အများကြီး အားနည်းနေသည်ကို
တွေ့ရပါသည်။
                   လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း သိပ္ပံပညာ၏ ကျေးဇူးကြောင့် အသစ်သစ်
တိုးတက်ထွန်းကားဖြစ်ပေါ်လာသော စက်မှုလက်မှုကို အကျဉ်းအားဖြင့် ဖေါ်ပြရသော်
           (၁)    အနုမြူစွမ်းအင်၊                                                            
(၂)     ပဋိသန္ဓေတား ဆေးဝါးများ၊
           (၃)    စိတ်တွက်ယန္တရားစက်များ၊                                             
(၄)     ဂျက်လေယာဉ်များ၊
           (၅)    ရုပ်မြင်သံကြား ရေဒီယို တိပ်ခွေကြိုးများ၊          
(၆)     ဒုံးပျံများ၊
           (၇)    ဂြိုဟ်တုများ၊                                                                        
(၈)     ရုပ်မြင်သံကြားစက်များ၊
           (၉)    နှလုံးငြိမ်ဆေးဝါးများ၊                                                  
(၁၀)   သူငယ်နာ အကြောဆေးများ၊
          (၁၁)   ရောဂါပိုး ကာကွယ်ရေးဆေးများ၊                          
(၁၂)   ထရန်စစ်စတာများ၊
          (၁၃)   လေဆာ သေမင်းရောင်ခြည်များ၊                          
(၁၄)   ပလတ်စတစ်ရေနံဓါတုဗေဒ၊
ပစ္စည်းများ စသည်တို့ဖြစ်ပါသည်။
                   အသစ်သစ်တီထွင်မှုများဖြစ်ပေါ်သည်နှင့်မျှ နှစ်ရာစုပေါင်းများစွာ တလျောက်
ပြောင်းလွဲ ဖြစ်ပေါ်လာသည့် လူ့ယဉ်ကျေးမှုအမျိုးမျိုးတို့သည် ချက်ချင်းဆိုသလို ခေတ်
နောက်ကျသွားတော့၏။ ကျွန်ုပ်တို့၏ ရှေးဘိုးဘွားဘီဘင်တို့သည်ကား အတော်ခေတ်နှင့်
ရင်ဘောင်တန်း လိုက်ခဲ့သူများ ဖြစ်သည့်အလျောက် အသစ်အဆန်း တီထွင်ဖေါ်ထုတ်၍
အဆင်ပြေသလို သုံးစွဲလုပ်ကိုင်ကြပါသော်လည်း ဥပမာ။   ။ မီးကို ထိန်းသိမ်းနိုင်ခြင်း၊
အိုးခွက်များနှင့် စူးဆောက်မှအစ အခြားသော အိမ်သုံးပစ္စည်းကိရိယာစသည်များကို
တစ်ခေတ်နှင့်တစ်ခေတ် တစ်မျိုးတစ်ဖုံစီ အတစ်အဆန်း တအံ့တသြ ပြောင်းလွဲတီထွင်
ဖေါ်ထုတ်နေသည့် အခြင်းအရာတို့သည်ကား ခေတ်ဟောင်းအယူအဆ အတွေးအခေါ်
မရှိသည့် ယဉ်ကျေးမှုတို့နှင့် တစ်ဖက်တစ်လမ်းစီ ဆန့်ကျင်နေတော့၏။ နိုင်ငံအသီးသီးရှိ
အစိုးရတို့သည် အလုပ်လက်မဲ့ လူထုအုံကြွမှုစသည့်ပြဿနာရပ်များကို တစ်ဖက်၌
ရှင်းလင်းနေသည့် အခိုက် အခြားတစ်ဘက်၌ လောကဓါတ်သိပ္ပံ၏ အင်အားစုကြီးများက
ပြဿနာရပ်များကို ဆက်လက်မီးထိုးပေးနေ၏။
                   ကမ္ဘာ့ပြဿနာ အရပ်ရပ်အားလုံးကို လွှမ်းမိုးခြိမ်းခြောက်နေသည့် တစ္ဆေ၊ မှင်စာ၊
နှစ်ဦးမှာ အနုမြူစစ်နှင့် ဆီးတား၍မရနိုင်လောက်အောင် ကျဆင်းနေသော ပတ်ဝန်းကျင်
အခြေအနေတို့ ဖြစ်ပါသည်။ တန်ခိုးပါဝါနှင့် အမြတ်ကြီးကိုသာ ဦးတည်နေသော
သိပ္ပံဆိုင်ရာ လုပ်ငန်းကြီးတို့ကို ကျောထောက်နောက်ခံပြုကာ စစ်နှင့်စီးပွားရေးကြိုးပမ်း
မှုတို့သည် ယင်းတစ္ဆေကြီးနှစ်ဦးကို အင်တိုက်အားတိုက်ထောက်ပံ့နေကြ၏။ ထို့ကြောင့်
ကျွန်ုပ်တို့သည် သိပ္ပံကို မည်ကဲ့သို့ကိုင်တွယ်ရပါမည်နည်း၊ သိပ္ပံသည် လူသားတို့၏
အကျိုးအတွက်ဖြစ်စေရန် မည်ကဲ့သို့ကိုင်တွယ်ရပါမည်နည်း။
                   သိပ္ပံရာဇ၀င်ပြောင်မြောက်နေသော တိုင်းနိုင်ငံများတွင် (၀ါ) နူးတန်၊ ဒါဝင်၊
တူရီ ပစ္စတား၊ အိုင်စတိုင်း၊ ပလန့်(စ်)၊ ဘိုနီး၊ ဟီဆင်၊ တာ့စ်၊ ဂါလီလီယို အစရှိသည့်
ကမ္ဘာ့သိပ္ပံပညာရှင်ကြီးတို့ မွေးဖွားရာဇာတိဖြစ်သည့် တိုင်းနိုင်ငံများတွင် လောကဓါတ်
သိပ္ပံသည် အမျိုးသားယဉ်ကျေးမှု၏ ခိုင်မာတောင့်တင်းသည့် အစိတ်အပိုင်းတစ်ခု ဖြစ်နေ
ပေသည်။ တိုးတက်စ နိုင်ငံကလေးများသည်ကား လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း
လောက်မှ စက်မှုလက်မှုနယ်ပယ်သို့ စတင်ဝင်ရောက်လာကြပါသည်။ ယင်းနိုင်ငံများတွင် သိပ္ပံ
ပညာသည် ခိုင်မာတောင့်တင်းသည့် လူ့ယဉ်ကျေးမှု အသိစိတ်အပိုင်းတွင် မပါဝင်သေး
သည့်အလျောက်၊ သိပ္ပံပညာသုတေသနအလုပ်နှင့် သာမန်အရပ်သား၏ ဘ၀သည်
ကွာဟလျက်နေပါသည်။ သိပ္ပံသည်မိမိနှင့် နက်ရှိုင်းစွာထိတွေ့နေရသော်လည်း၊
သာမန်အရပ်သားအနေဖြင့် မိမိမှာ သိပ္ပံကို နားလည်နိုင်ရန် အရည်အချင်းမရှိဟု
ထင်မြင်၏။
                   သိပ္ပံပညာသုတေသန၏ သဘာဝနှင့် ၎င်း၏အခြေအမြစ်ကိုနားမလည်လျှင်
လူတို့သည် မိမိတို့၏ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ဖို့ မျှော်လင့်ချက်မရှိဖြစ်၏။ အနုမြူ
စွမ်းအင်စက်ရုံများ၊ ကင်ဆာရောဂါဖြစ်တတ်သော ပတ်ဝန်းကျင်၊ အာတိတ်သမုဒ္ဒရာတွင်
ရေနံရှာဖွေရေးလုပ်ငန်း၊ တန့်ကားကြီးများအကြောင်းနှင့် ပတ်သက်သည့် သိပ္ပံဆိုင်ရာ
ပြဿနာရပ်များကို နားမလည်လျှင် အနာဂတ်တွင် အမှန်သို့ရောက်အောင် ဝေဖန်သုံးသပ်
ဆုံးဖြတ်နိုင်မည် မဟုတ်ပါ။
                   ဖွံ့ဖြိုးစနိုင်ငံများ၏ လူဦးရေဖေါင်းပွမှု၊ အာဟာရချို့တဲ့မှု၊ မြို့ပြစည်ပင်ရေး၊
စွမ်းအင်ချို့တဲ့မှု၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး စသည့်ပြဿနာရပ်များအတွက်
သိပ္ပံကအဖြေရှာရပါမည်။ ဤသို့အဖြေရှာရာတွင် သာမန်လူတန်းစားများအဖို့ အတော်
ကသိကအောက် အနှောက်အယှက်ဖြစ်ပါမည်။ ပြည်သူများအနေဖြင့် အခြေမှန် အနေမှန်ဖို့
ရှေးရှုလျက်အပြောင်းအလွဲ စပ်ကူးမတ်ကူးအနှောင့်အယှက်တို့ကို ရင်ဆိုင်နိုင်ရန် သိပ္ပံကို
ကောင်းစွာ သဘောပေါက်နားလည်ထားဖို့လိုပါသည်။ ဤနေရာတွင် ရုပ်မြင်သံကြား၊
ရေဒီယို စသည်တို့သည် အလွန်အသုံးဝင်ပါသည်။ သိပ္ပံနည်းကျ အတွေးအခေါ်များ၊
ဥပမာ- တွင်းနက်များအကြောင်းပင်ဖြစ်စေ၊ အနုမြူတည်ဆောက်ပုံ အကြောင်းများ၊
လူ၏အရေပြားအကြောင်း၊ ဦးနှောက်အကြောင်းစသည်တို့အား အများစိတ်ဝင်စားကြ
သည့် ပညာပေးစိတ်ကူးယဉ်၊ ဒဏ္ဍာရီပုံပြင်များ အသွင်အပြင်ဖြင့် လူထုထံမှောက်
ရောက်ဖို့လိုပါသည်။ သိပ္ပံပညာ၊ ဆေးဝါးပညာနှင့် အခြားလူ့လောက သဘာဝဆိုင်ရာ
ပညာစသည်တို့နှင့်ပတ်သတ်သည့် ပြပွဲ၊ ရွှင်ပွဲများ လူထုဆန္ဒပွဲများကိုလည်း အခါအားလျော်စွာ
ကျင်းပပေးရပါသည်။ သို့မှသာလျှင် သာမန်လူတန်းစားအနေဖြင့် သိပ္ပံ
ပညာရှင်ဆိုသည်မှာ မိမိတို့ထင်သကဲ့သို့ အထူးအဆန်း မိုးကျရွှေကိုယ် မဟုတ် မိမိတို့
ကဲ့သို့ သာမန်လူများသာဖြစ်သည်ကို သဘောပေါက်ပါမည်။ သိပ္ပံသည် ဆေးဘက်၊
စက်ဘက်၊ စက်မှုလက်မှုလုပ်ငန်းနှင့် အခြားလူမှုရေးလုပ်ငန်းများနှင့် သဘာဝအားဖြင့်
မည်သို့ဆက်စပ်နေသည်ကိုလည်း သဘောပေါက်လာမည်ဖြစ်ပါသည်။ ဤသို့သိပ္ပံ
ပညာကို သာမန် လူထုလူတန်းစားလောကသို့ အရောက်ပို့၍ သိပ္ပံပညာရှင်များကို
လူထုလူတန်းစားအဖြစ်ခံယူစေလျှင်၊ သိပ္ပံသည် လူသားအားလုံးကောင်းစားရေးအတွက်
ဖြစ်လာပါသည်။
x   x   x   x   x   x   x
မင်္ဂလာတရားတော် သိပ္ပံအတတ်ဗုဒ္ဓအားပေး
                  
ယခုဆက်လက်၍ စုဆောင်းထားသည့် သိပ္ပံဆိုင်ရာသတင်းနှင့် မှတ်စုအချို့ကို
တင်ပြလိုပါသည်။ အထက်ပိုင်းများတွင် ဖေါ်ပြခဲ့သည့်အတိုင်း ယခုခေတ်လောကဓါတ်
သိပ္ပံသည် ရုပ်လောကသာမက စိတ်ပိုင်းဆိုင်ရာနာမ်လောကသို့ မသိမသာ စတင်
ဝင်ရောက်လာကာ ဗုဒ္ဓ၏ သမုတိနယ် ကမ္မ၀ိပါက ကြောင်းကျိုးနိယာမ ဘောင်အတွင်း
မည်သို့မည်ပုံ လှုပ်ရှားနေသည်ကို သုံးသပ်ကြည့်ဖို့လိုပါသည်။
                             ဗုဒ္ဓကလည်း မင်္ဂလသုတ် ပါဠိတော်တွင်
                                      ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ ၀ိနယောစ သုသိက္ခိတော
                                      သုဘာသိတာစ ယာဝစာ ဧတံ မင်္ဂလ မုတ္တမံ။
                   ဗာဟုဿစ္စဉ္စ၊ အကြားအမြင်များသောသူ၏ အဖြစ်လည်းကောင်း၊ သိပ္ပဉ္စ၊ လက်မှု
စက်မှုအစရှိသည့် သိပ္ပံပညာအတတ်တို့ကို တတ်ရခြင်းသည်လည်းကောင်း၊ သုသိက္ခိတော၊
ကောင်းစွာသင်အပ်သော။ ၀ိနယောစ ၀ိနည်း ကိုယ်ကျင့်တရားသည်လည်းကောင်း၊
အတ္ထိရှိ၏။ ဧတံ၊ ဤလေးပါးသောတရာသည်လျှင် ၊ ဥတ္တမံ၊ မြတ်လှစွာသော။ မင်္ဂလံ
မင်္ဂလာမည်၏။ ဟူ၍ ဂဏှာဟိ၊ မှတ်လေတော့ဟု ဟောတော်မူခဲ့ပါသည်။
    လောကဓါတ်သိပ္ပံဆိုင်ရာ သတင်းမှတ်စု
                   (ဆိုင်းယင့်စ်)ဆိုသောစကားသည် လက်တင်ဘာသာစကား(ဆိုင်းယင့်ရှား) မှ
ဆင်းသက်လာ၏။ ဆိုင်းယင့်ရှား၏ အဓိပ္ပါယ်က အသိပညာဖြစ်သည်။ ခေါမ (ဂရိ)နှင့်
ရောမလူမျိုးတို့သည် ဆိုင်းယင့်ခေါ် လောကဓါတ်သိပ္ပံပညာကို ချုပ်ချယ်မှုကင်းသော
အနုပညာတစ်ရပ်ဟူ၍ မှတ်ယူထားပြီး လောကဓါတ်သိပ္ပံပညာရှင်ကိုလည်း အမှန်တရား
ရှာဖွေသူ တစ်ဦးအဖြစ် ဂုဏ်ပြုမြှောက်စားထားခဲ့၏။ ထိုအခါကဆိုလျှင်  သိပ္ပံပညာရှင်
သည် လူသားတို့အကျိုးအတွက် မိမိတို့လိုအပ်သောအချက်ကို သိပ္ပံနည်းဖြင့်စူးစမ်းရှာဖွေရေး
၌သာ အထူးအာရုံစိုက်ခဲ့ပေသည်။ နိုင်ငံရေးကို လေ့လာရကောင်းမှန်းပင် မသိသလောက်
ဖြစ်ခဲ့၏။
                   လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ လောက်က သိပ္ပံပညာ၏ လုပ်ငန်းကိစ္စအကြောင်းကို
သိလိုသူရှိလျှင် မဆိုင်းမတွဖြေချင်သောသူသာ များလေသည်။ အဘယ့်ကြောင့်ဆိုသော်
ထိုအခါက သိပ္ပံပညာသည် ကမ္ဘာနှင့် စကြာဝဠာအကြောင်းကို ဆထက်ထမ်းပိုး နားလည်
လာအောင် လေ့လာသောပညာဖြစ်ကြောင့်နှင့် ယင်းမှထွက်ပေါ်သော ရလဒ်ဖြင့်
ကမ္ဘာကြီးကို တိုး၍တိုး၍ စည်ပင်ဝပြောသော လောကကြီးဖြစ်အောင် စွမ်းဆောင်နိုင်
ကြောင်း သိပ္ပံပညာရှင်ကြီးများနှင့်တကွ မြော်မြင်ဉာဏ်ရှိသူတိုင်း နားလည်ထားသော
ကြောင့်ပင်ဖြစ်၏။
                   သိပ္ပံပညာသည် လူမှုရေး၌ ကြီးစွာအသုံးဝင်သည်ကိုမူ သံသယ၀င်ဖွယ် အထူး
မရှိချေ။ သိပ္ပံပညာ၏ အခြေခံရည်ရွယ်ချက်မှာ လူမှုတိုးတက်ရေးတစ်ရပ်ဖြစ်ကြောင်းကို
မည်သူမျှ မငြင်းဆိုခဲ့ပေ။ သိပ္ပံပညာရှင်များသည် ဆင်းရဲဒုက္ခဘေးမှ ကယ်တင်ပေးမည့်သူ
များဖြစ်သည်ဟု လူအတော်တော်များများက ယုံကြည်ကြသည်။ ရောဂါဘယ ကင်းဝေး
အောင် စွမ်းဆောင်ပေးနိုင်သူများဟုလည်း နားလည်ထားကြသည်။ ထို့ပြင် ၎င်းတို့ကို
မှီခိုပြီး လူသာမန် တစ်ဦးတစ်ယောက်သည် ဘ၀ကို အပြင်းအထန်ရုန်းကန်ရသည့်
အခြေအနေမှ သာယာနှစ်လိုဖွယ်ကောင်းသည့် အခြေအနေသို့ မျှော်မှန်းနိုင်တော့သည်။
ထိုသို့ သိပ္ပံပညာကို လူသားအတွက် လိုတရအဖြစ် မှတ်ယူထားခဲ့သော အချိန်မှာ ဘာမျှ
မကြာသေးပါပေ။ သိပ္ပံပညာကို လေ့လာလိုက်စားခြင်းသည် အမွန်မြတ်ဆုံး ဖြစ်ကြောင်းနှင့်
လူ့ဉာဏ်ကို သဘာဝကျကျ လွှာ၍အပေးနိုင်ဆုံးဖြစ်ကြောင်း စွဲလမ်းခဲ့သည်မှာ
မနေ့တစ်နေ့အထိပင်ဟု ထင်ရလေသည်။
                   သို့သော် ယခုမျက်မှောက်ကာလ၌မူ သိပ္ပံပညာကို ယင်းသို့ နှစ်မြို့ဖွယ်အမြင်မျိုး
ဖြင့် မမြင်ရတော့ပေပြီ။ သိပ္ပံပညာသည် ယခင်ကဲ့သို့ပင် လူတို့၏ ကိုးစားယုံကြည်မှု
ကို မရတော့မလိုဖြစ်လာ၏၊ လူအများအဖို့ သိပ္ပံပညာရှင်များ ဖန်တီးပေးမည့် လောက
နိဗ္ဗာန်ကြီးနှင့် နီးရမည့်အစား နေ့ရှိသရွေ့ ချောက်ချောက်ချားချား ရုန်းကန်သွားလာလျက်
ပင်နေရပေပြီ။ အာဏာယစ်မူးသည့် အာဏာရှင်တစ်ဦးဦး၏ စိတ်ရူးပေါက်ချက်ဖြင့်
တစ်ဒင်္ဂအတွင်း နယူးကလီးယား လက်နက်ဒဏ်ကြောင့် ပျက်စီးသွားနိုင်သော ကမ္ဘာ၌
နေမိလျက်သား ဖြစ်နေချေပြီ။
                   သိပ္ပံပညာသည် လူသားအား လကမ္ဘာသို့ပင် ကြွမြန်း၍ ကောင်းကင်ဂြိုလ်များကို
လက်လှမ်းမီနိုင်အောင် ကြိုးစားနေပေပြီ။ မှန်၏။ သို့သော် သာမန်အအေးမိခြင်း
ရောဂါကိုပင် ကုစားနိုင်စွမ်းမရှိသေးချေ။ သိပ္ပံပညာသည် အနုမြူဓါတ်မှုံကိုပင်လျှင်
နှိုက်နှိုက်ချွတ်ချွတ် ခွဲခြားသိနိုင်ခဲ့သော်လည်း လူ့အသက်ကို ကြောက်ခမန်းလိလိ သတ်နေ
သည့် ကင်ဆာရောဂါကို မနိုင်သေးပါပေ။
                   အချုပ်ဆိုရလျှင် တစ်ချိန်က ယဉ်ကျေးတိုးတက်မှု၏ အရေးပါအရာရောက်ဆုံးဖြစ်
သော လူသား၏လုံခြုံရေးသည် စိတ်မချရတော့ပြီ။ အဘယ့်ကြောင့်ဆိုသော် စစ်ရေး
စစ်ရာ၌ ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ် အလွယ်တကူကျရောက်နိုင်မည့်
လက်နက်များကို သိပ္ပံပညာက တီထွင်ထုတ်လုပ်ပေးလျက်ရှိသောကြောင့်ဖြစ်၏။
                   မည်သို့ပင်ဖြစ်စေကာမူ ယနေ့ကမ္ဘာ၌ ကြုံတွေ့နေရသော ထိတ်လန့်တုန်လှုပ်မှု
များနှင့် မသာယာဖွယ်တို့အတွက် သိပ္ပံပညာကိုချည်း လုံးဝအပြစ်ပုံဖို့လျှင်ကား
သင့်လျော်မည်မဟုတ်ချေ။ သိပ္ပံပညာသည် လူသားတို့ကောင်းစားရေးအတွက် အတိုင်း
အရှည်မရှိအောင် အကျိုးဆောင်ပေးခဲ့သည့်အပြင် ယခုလည်းပေးနေဆဲဖြစ်၏။ မဖွံ့ဖြိုးသေး
သောနိုင်ငံများ၌သာ သိပ္ပံပညာက လူနေမှုအဆင့်အတန်းကို မှန်မှန်ကလေးမြှင့်တင်နိုင်မှု
ရှိပေသည်။
                   သို့သော်လည်း အကွဲကွဲအပြဲပြဲနှင့် ဒုက္ခရောက်စေသော စစ်အေးတိုက်ပွဲများနှင့်
နိုင်ငံချင်း မုန်းတီးမှုများကို တည်ဆဲအခြေအနေအထိ အမြစ်တွယ်မိအောင်ကား သိပ္ပံပညာ
ကလွဲ၍ အခြားဘာကမှ ဖန်တီးပေးနိုင်ခြင်းမဟုတ်ကြောင်း ဆင်ခြင်မိသူတိုင် သတိချပ်မိ
ကြလေသည်။ ထို့ကြောင့် သိပ္ပံပညာသည် ချုပ်ချယ်မှုမရှိသော အနုပညာတစ်ရပ်အဖြစ်
တည်ရှိမနေနိုင်တော့သည့်အပြင် တန်ဖိုးလည်းနိမ့်ကျနေလေပြီ။ စင်စစ်သိပ္ပံပညာသည်
အပြုဘက်ထက် အဖျက်ဘက်တွင် များစွာအသုံးဝင်နေပြီဖြစ်၍ ၎င်းကိုလူမှုဆက်ဆံရေးအတွက်
စွမ်းဆောင်ပေးနိုင်သည့်ပညာဟု သဘောမထားနိုင်ကြတော့ပြီ။ သိပ္ပံပညာကို အပြစ်
မြင်သူများသည် ၎င်းပညာကို လူသား၏ကျေးဇူးရှင်အဖြစ်နှင့် အသိအမှတ်မပြုနိုင်တော့
ရုံသာမက ဤကမ္ဘာမှလွင့်စင်ပပျောက်သွားအောင်ပင် စိုင်းပြင်းလျက်ရှိကြတော့သည်။
                   ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ နှစ်အနည်းငယ်ခန့်ကဆိုလျှင် အဖျက်လက်နက်သစ်
နှင့်တကွ ရှိရင်းစွဲလက်နက်ကို ယှဉ်ပြိုင်ဖျက်ဆီးနိုင်သော လက်နက်ဆန်းမျိုး တီထွင်နိုင်
သည့် သိပ္ပံပညာရှင်သည် ရောဂါဘယဘေးမှကာကွယ်နိုင်သော သိပ္ပံပညာရှင်ထက်
ဆိုင်ရာအစိုးရ၏ အားပေးမှုကိုရရန်ပို၍ သေချာလှသည်။ ထိုအခါက အစိုးရများသည်
လူ့ဘောင်တစ်ရပ်လုံး၏ အကျိုးစီးပွားထက် ကိုယ့်အမျိုးသား ကောင်းစားရေးကိုသာ
အလေးပေးထားခဲ့လေသည်။
                   စစ်ကြီးဖြစ်လာသောအခါ သိပ္ပံပညာရှင်ကြီးများသည် အစိုးရတို့၏ အမိန့်အာဏာဖြင့်
မိမိတို့ ပညာနှင့်လုပ်ငန်းကို စစ်ရေးအတွက်သာ နှစ်မြုပ်ထားရလေတော့သည်။
၎င်းတို့၏ လုပ်ငန်းသည် သာမန်အားဖြင့် စစ်ရေး၌အသုံးမ၀င်သည့်တိုင်အောင် အသုံးဝင်
အောင် လမ်းကြောင်း၍ ပေးလာတော့သည်။ ယင်းမှ ထွက်ပေါ်ခဲ့သောရလဒ်ကား လူသား
တစ်ရပ်လုံးကို အကျိုးပြုမည့် သိပ္ပံပညာစွမ်းအင်များအစား လူတွေသေကုန်အောင်နှင့်
တစ်ခါတစ်ရံ လူမျိုးအားလုံး တစ်ပြိုင်နက်တည်း ပြုတ်သွားအောင် ခြိမ်းခြောက်လျက်ရှိ
သော သိပ္ပံတန်ခိုးအရှိန်များ ကြီးထွားလာခြင်းသာဖြစ်၏။
                   သိပ္ပံပညာသည် အစိုးရမင်းများ၏ ဦးစားပေးမှုကို ရယူနိုင်ကတည်းက အမျိုးသား
ရေးအတွက် တစ်စခန်းပွင့်လာတော့သည်။ ပညာတိုးတက်အောင် ထူထောင်ပေးမှုထက်
အမျိုးသား တန်ခိုးထွားအောင် စီမံမှုဘက်ကအားကောင်းလာပြီးလျှင် နိုင်ငံရေးသမားချင်း
အာဏာပြိုင်ဖို့ ဖြစ်လာလေသည်။
                   မျက်မှောက်ခေတ်၌ နိုင်ငံအစိုးရများသည် မိမိတို့ပြည်သူကောင်းစားရေးအတွက်
သိပ္ပံသုတေသနလုပ်ငန်းကို လုပ်ကိုင်ရန် အားပေးခြင်းမှအပ အခြားစီမံဆောင်ရွက်ချက်
များကိုမပြုလိုတော့ပေ။ သိပ္ပံပညာကို ယင်းသို့အားပေးရာ၌လည်းစစ်ရေးသေနင်္ဂဗျူဟာ
အတွက်သာ မျှော်မှန်းကာ ရရှိလာသောအချက်အလက်တို့ကို တန်ဖိုးဖြတ်ကြလေသည်။
                   ဆိုဗီယက်၊ ရူရှားနိုင်ငံဆိုလျှင် ယင်း၏ငွေကြေးအင်အားကို ဒုံးပျံနှင့်နယူကလီးယား
လက်နက်ဆန်းများထုတ်လုပ်ရန်အတွက် အားသွန်အသုံးပြုနေပေရာ ယင်းသို့ပြုလုပ်ခြင်း
ဖြင့် ပြည်သူတို့၏ သာယာချမ်းမြေ့သောဘ၀ကို ဖန်တီးပေးသည်မမည်တော့ပေ။
အလားတူပင် အမေရိကန်ပြည်ထောင်စုလည်း ဆိုဗီယက်လျာထားချက်အောက်လျော့သော
စီမံကိန်းမျိုးဖြင့် ဒုံးပျံနှင့်နယူကလီးယား ရူပဗေဒလုပ်ငန်းအတွက် ဒေါ်လာငွေကုဋေကုဋာ
ချီ၍သုံးရန် ၀န်မလေးတော့ချေ။ လူမှုဝန်ထမ်းလုပ်ငန်းများဘက်၌ ဒေါ်လာသန်း အနည်း
ငယ် ပိုမိုသုံးစွဲရေးကိစ္စတွင်မူ လွှတ်တော်နှစ်ရပ်စလုံး၌ အတော်ကြာကြာအချိန်ယူ၍
ငြင်းခုံစကားစစ်ထိုး တောင်းဆိုရသောဟူ၏။
          
သိပ္ပံနည်းသားမျိုးစေ့ဖေါက်ခြင်း သတင်းမှတ်စု
                   အောက်ဆီဂျင် ၉၆ ပေါင်၊ ကာဗွန် ၅၂ ပေါင်၊ ဟိုက်ဒရိုဂျင် ၁၅ ပေါင်၊
ကယ်လစီယံ ၄ ပေါင်၊ နိုက်ထရိုဂျင် ၃ဩ ပေါင်၊ ကလိုရိုင်း ၁ဩ ဖေါစ်ရပ်စ၁ဩ
ဆာလ်ဖာ ၃ဩအောင်စ၊ ဖလူအိုရိုင်း ၃ဩအောင်စ၊ ပိုတက်စီယံ ၂ဩ
အောင်စ၊ ဆိုဒီယံ ၂ဩ မက်ဂနီစီယံ ၁ဩအောင်စ၊ သံဓါတ် ၁ဩအောင်စနှင့်
ကြေးနီ၊ စိန်၊ ခဲ၊ မက်ဂနီဆီးယား၊ ဘရိုမိုင်း၊ ဆီလီကွန်၊ အလူမီနီယံဓါတ်ပေါင်း
တစ်အောင်စ၏ ၁/၁၆ တို့ကို ကြေးငွေအနည်းငယ်မျှ ပေးဝယ်လျှင်ရပါသည်။
                   ဖေါ်ပြပါဓါတ်ပစ္စည်းများသည် လူတစ်ယောက်ကိုဖြစ်စေနိုင်ကြောင်း သဘာဝက
ပညာပေးထား၏။ အကြောင်းမူ ကမ္ဘာကြီးသည် လေဟာနယ်အကြား၊ ရေ၊ လေနှင့်
အခြားဓါတ်တို့ ပေါင်းစပ်ဖွဲ့စည်းထားသလို လူသည်လည်း ဓါတ်ပေါင်းစုကြီးဖြစ်သော
ကြောင့်ပါတည်း။
                   ၎င်းဓါတ်များကို ပေါင်းစည်း၍ စိတ်ကို ၎င်းတို့နှင့် တွဲပေးလိုက်ပါလျှင် အဆိုပါ
စာရင်းပါပစ္စည်းများက ချစ်ခြင်း၊ မုန်းခြင်း၊ ကြင်နာခြင်း၊ ရက်စက်ခြင်း၊ ကြောက်လန့်ခြင်း၊
အနစ်နာခံနိုင်ခြင်း၊ သူရဲကောင်းဖြစ်ခြင်း စသည်တို့ဖြင့် အာရုံခံစားနိုင်သော သတ္တ၀ါ
ဖြစ်လာနိုင်သည်။ ထိုသတ္တ၀ါ၌ ဉာဏ်ရှိသည်။ ဝေဒနာခံစားတတ်သည်။ သူတော်ကောင်း
အဖြစ် ရယူနိုင်စွမ်းနှင့် သူယုတ်မာအဖြစ် ရယူနိုင်စွမ်းရှိပြီး မိမိကဲ့သို့သော သတ္တ၀ါမျိုး
ဖြစ်လာနိုင်၏။ ထို့ကြောင့် နေ့စဉ်သုံးဓါတ်ပစ္စည်းများ အနည်းငယ်ဖိုးဝယ်၍ နည်းမှန်
လမ်းမှန် ရောစပ်လိုက်လျှင် နယူတန်လိုလူမျိုးလည်းဖြစ်လာနိုင်၏။ အိုင်စတိုင်း၊ ရှယ်လီ၊
ရှိတ်စပီးယား၊ နပိုလီယံ၊ ဟစ်တလာ၊ ဂိုအက်သီ၊ ၀က်ဂနာကဲ့သို့သော လူမျိုးများလည်း
ဖြစ်လာနိုင်၏။ ကမ္ဘာတစ်ဝှမ်းရှိသန်းပေါင်းများစွာသော လူသာမန်မျိုးထဲက လူတစ်ဦးကဲ့သို့
လည်း ဖြစ်လာနိုင်ပေသည်။
                   တစ်နည်းဆိုသော် လူသည် မည်သူမဆိုပေါင်းစပ်ဆုံဆည်းပေးလိုလျှင် ရနိုင်သော
ဓါတ်ရောကြီးသာဖြစ်၏။ သို့သော်လည်း ယနေ့အထိကား မည်သူမျှအဆိုပါ ပစ္စည်းများ
ဖြင့် ဉာဏ်ရှိသောသတ္တ၀ါဖြစ်လာအောင် လုပ်နိုင်စွမ်းမရှိကြသေးပါပေ။
                   များမကြာသေးမီကဆိုလျှင် သိပ္ပံပညာသည် မရေရာသော မှော်အတတ်၊ ပဉ္စလက်
အတတ်မျိုးမှ ကျော်လွန်ပြီး သဘာဝရှိအင်အားများစွာကို အောင်မြင်ပြည့်ဝစွာထုတ်ဖေါ်
သိရှိနိုင်ခဲ့၍ ဇီဝဗေဒပညာရှင်များနှင့် ဓါတုဗေဒပညာရှင်များသည် ၎င်းတို့၏ ဓါတ်ခွဲ
ခန်းထဲ၌ပင် သက်ရှိသတ္တ၀ါကို ဖန်တီးပေးနိုင်တော့မည်ဟု ယုံကြည်လာကြတော့သည်။
                   ဓါတုဗေဒပညာရှင်၏ တွေးခေါ်ကြံဆချက်၌ အသက်ဟူသည် ရုပ်ဝတ္ထုကို
ဓါတုဗေဒနည်းအရ ပေါင်းစပ်ထားသောအရာသာဖြစ်သည်။ လိုအပ်သော ပစ္စည်းများကို
ဓါတ်ခွဲခန်းသို့ယူ၍ သင့်လျော်သောအခြေအနေ ဖန်တီးပေးနိုင်လျှင် လူသားသည် လူ
တစ်ဦးတစ်ယောက်ကို ဖြစ်ပေါ်စေနိုင်စွမ်း မရှိစရာအကြောင်းမမြင်ချေ။ စင်စစ် အမေရိက
ဇီဝဗေဒပညာကျော်ကြီးပြောခဲ့ဖူးသော စကားတစ်ခုသည် နှစ်အစိတ်မျှပင် မကြာသေးချေ။
ရူပဗေဒပညာရှင်အဖို့ အသက်ကိုဖန်တီးရန် စွမ်းဆောင်နိုင်ဖို့မဝေးတော့ချေ။ ရူပဗေဒ
နယ်ပယ်၌ သက်ရှိကလာပ်စည်းများဖြင့် အသက်ကို မဖန်တီးနိုင်စရာ အကြောင်းမရှိဟု
ထိုပညာကျော်က ပြောခဲ့ဖူးသည်။
                   ဓါတုဇီဝအဖွဲ့တစ်ဖွဲ့ဆိုလျှင် ဤရာစုမကုန်မီတွင်ပင် လူကဖန်တီးသော လူ
သတ္တ၀ါမျိုး ပေါ်ပေါက်လာရမည်ဟု ယုံကြည်နေကြ၏။ သို့သော် ၎င်းယုံကြည်ချက်မှာ
ကိုယ်လိုရာစွဲ၍ တွေးထင်ခြင်းဖြစ်ပြီး ယခုအထိ ရရှိသောအဖြေများအပေါ်တွင် ဖြောင့်
ဖြောင့်ဆန့်ကျင် ဆုံးဖြတ်ထားသောအမြင်ဖြစ်လေသည်။ အခြေခံအကျဆုံးသော သက်ရှိ
ရုပ်ကို စမ်းသပ်ပြွန်ထဲ၌ အခါအားလျော်စွာ ပြုပြင်ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်မည်
ဖြစ်သော်လည်း အသိဉာဏ်ရှိသော သက်ရှိမျိုး ဖြစ်ပေါ်လာစေရန်ဟူသော မဖြေရှင်းနိုင်
သော ပြဿနာမှာတင်ကျန်နေဦးမည်သာ ဖြစ်ပေသည်။
                   မည်သို့ပင်ဖြစ်စေ အသက်ကိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်ကြသူများ၊
အကြောင်းပြချက်ကို စူးစမ်းစစ်ဆေးရန် လိုပေလိမ့်မည်။ ရူပဗေဒပညာရှင်အချို့သည်
အသက်ကို ပြဋ္ဌာန်းသောဓါတ်တစ်မျိုး တည်ရှိနေမည်ဟု သဘောရပြီးလျှင် ၎င်းဓါတ်ကို
ယခုထိ ခွဲထုတ်၍ မပြနိုင်သေးခြင်းသာ ပြဿနာဖြစ်နေကြသည်။
                   အခြားအဖွဲ့တစ်ခုကလည်း အသက်သည်၎င်းတို့အားလုံး သိရှိပြီးသောဓါတ်
တစ်မျိုးထဲမှ တစ်မျိုးသာဖြစ်လိမ့်မည်ဟုလည်းကောင်း၊ ယင်းဓါတ်ကို ဓါတ်ခွဲနည်းဖြင့်
ဖေါ်ထုတ်၍ မရနိုင်သေးဟူ၍လည်းကောင်း မှတ်ယူထားလေသည်။ သူတို့က ရေဒီယံကို
ဥပမာထား၍ မှတ်သားကြသည်။ ရေဒီယံသည် မဒမ်ကျူရီမတွေ့ရှိခင်က နှစ်သန်းပေါင်း
များစွာ ကျောက်ဆောင်များထဲ၌ ရှိနေခဲ့သည်။ ထို့အတူ အသက်ဟူသောဓါတ်သည်လည်း
မဖေါ်ထုတ်နိုင်ခဲ့သေး၍သာ မတွေ့ရသေးကြောင်း သူတို့ယူဆကြ၏။
                   သို့စဉ်အချို့က အသက်သည်ဘိုင်အွန်ခေါ် လူတို့မသိသေးသောဓါတ်တစ်မျိုး
ဖြစ်မည်ဟုဆိုသည်။ ဘိုင်အွန်သည် သိရှိပြီးသော ဓါတ်ရောများထဲတွင် ပါဝင်ပြီးဖြစ်ရမည်ဟု
ဆိုသည်။ ဓါတုဗေဒပညာရှင်ကသာ မိမိသိရှိထားသမျှကလေးနှင့် ပြည့်စုံသကဲ့သို့ဆိုနေ
ခြင်းဖြစ်၏။ သူတို့ဆက်လက်ရှာဖွေလျှင် တွေ့နိုင်မည်ဟု အထက်ပါပုဂိ္ဂုလ်တို့ ယုံ
ကြည်ကြ၏။
                   သိပ္ပံက အသက်ကိုမဖန်တီးနိုင်သည်မှာ သက်ရှိသတ္တ၀ါသည် အဘယ့်ကြောင့်
ဖြစ်ပေါ်လာရသည်ဟူသောအကြောင်းကို ကျွန်ုပ်တို့က အချိန်ကုန်ငွေကုန်ခံပြီး သုတေသန
ပြုလုပ်ချင် အောင်စိတ်မစောကြ၍ ဖြစ်သည်ဟုလည်း တစ်ခါတစ်ရံငြင်းချက်ထုတ်
ကြသေး၏။ ၎င်းတို့ အလိုသော် လျှပ်စစ်ဓါတ်အားကို အင်အားနှင့်အလင်းရောင်အဖြစ်
လူတို့အသုံးပြုနေကြပြီး အတော်ကြာမှ ၎င်းလျှပ်စစ်ဓါတ်မီးသည် သန်းကုဋေပေါင်း
များစွာသော အီလက်ထရွန်တို့၏ လှုပ်ရှားမှုကြောင့်ဖြစ်ကြောင်း လျှပ်စစ်ပညာရှင်များ
သိရှိကြသကဲ့သို့ဖြစ်သည်။
                   ယခုဆိုလျှင် လျှပ်စစ်အင်ဂျင်နီယာများသည် လျှပ်စစ်ဓါတ်မီးဆိုသည်ကို အဘယ်
အရာဖြစ်ကြောင်း အတိအကျသိကြ၏။ ဓါတ်အားဖြစ်ပေါ်စေရာကိုလည်းသိ၏။
အလင်းရောင်နှင့် အင်အားကိုလျှပ်စစ်ဓါတ်မှ မည်သို့အကျနဆုံး ထုတ်လုပ်ပေးနိုင်မည်ကို
လည်း သိကြ၏။ လျှပ်စစ်ဓါတ်ဖန်တီးပေးနိုင်သည့်စက်၏ လိုအပ်သောကိရိယာနှင့်
လုပ်ငန်းကို အသေးစိတ်တစ်ခုစီသိသည်။ ၎င်းတို့ကို မည်သည့်အရာမှပြုလုပ်လျှင်
အကောင်းဆုံးဖြစ်မည်ကိုလည်းသိ၏။ တစ်နည်းဆိုသော် သူတို့သည် လျှပ်စစ်ဓါတ်
ထုတ်လုပ်ရန် အစစအရာရာနားလည်ထားကြပေသည်။
                   အလားတူပင် ဆရာဝန်တစ်ဦးသည် လူခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ၎င်း၌
ပါဝင်သောပစ္စည်းများအကြောင်းကို အားလုံးသိထားကြသည်။ ခန္ဓာကိုယ်ကို အလုပ်လုပ်
စေရန်နှင့် ကျန်းမာနေစေရန် ဘာကပြုလုပ်သည်ကိုလည်းကောင်း၊ ပျက်စီးသောအစိတ်
အပိုင်းများကို ပြင်ဆင်နိုင်သည်ကိုလည်းကောင်း၊ သူတို့သိကြသည်။ ပြီးခဲ့သည့်အခန်း၌
သိရှိပြီးဖြစ်သလို ဆရာဝန်သည် အချို့ကိစ္စရပ်များ၌ ဆွေးမြေ့နေသော အသုံးမ၀င်သည့်
အစိတ်အပိုင်းတို့ကို ထုတ်၍ အဟောင်းကိုအစားထိုးပေးနိုင်၏။ သို့သော် ဤအခြေအနေ
၌သာ ဆရာဝန်နှင့် လူ့ခန္ဓာကိုယ်၊ လျှပ်စစ်အင်ဂျင်နီယာနှင့် လျှပ်စစ်ထုတ်စက်တို့
အချင်းချင်းဆက်သွယ်ပုံကိုပြရာစခန်းသည် အဆုံးသတ်နေတော့သည်။ လူသေသွားသော
အခါ ဆရာဝန်သည် အသက်ပြန်သွင်း၍ ထပ်မံလှုပ်ရှားအောင် မပြုနိုင်တော့ချေ။
လျှပ်စစ်အင်ဂျင်နီယာကလည်း စက်ပျက်ပြီးမှ လျှပ်စစ်ဓါတ်အားထပ်၍ မထုတ်လုပ်
နိုင်တော့ပေ။
                   လက်တွေ့အားဖြင့်ဆိုလျှင် အသက်ကို ဖန်တီးနိုင်စွမ်းသောအရာကို ဘာမျှ
မသိခဲ့၊ နားမလည်ခဲ့ကြပါပေ။ ဤသည်ပင်လျှင် အသက်နှင့်ပတ်သက်၍ သိပ္ပံပညာ၌
အတားအဆီးကြီးဖြစ်နေသော အကြောင်းဖြစ်၏။ အစလည်းမရှိ၊ သဲလွန်စလည်းမပေါ်၍
အသက်ဘာကြောင့်ဖြစ်ပေါ်လာရပြီး ဘယ်ပုံဖြစ်သည်ကို ဖြေရှင်းရန်လမ်းစမရှိပါပေ။
                   အမြီးပါးခေါ် အခြေခံအကျဆုံးသက်ရှိကလာပ်စည်း တည်ဆောက်ပုံကို လေ့လာ
ကြသည်ဆိုပါစို့။ အမြီးပါးသည် ၎င်းကိုခြံရံထားသော သေးငယ်လှသည့် သက်ရှိသတ္တ၀ါ
များကိုစားသည်။ ဤအချက်သည်ပင် အသက်ကိုဖန်တီးပေးနိုင်လိမ့်မည်ဟု ယုံကြည်
သူများအဖို့ ၎င်းတို့လုပ်ငန်းမစနိုင်အောင် ဖန်တီးသကဲ့သို့ဖြစ်နေ၏ သက်မဲ့သည် အစာ
မစား။ ထို့ကြောင့် အစာစားသောအရာသည် သက်ရှိသာဖြစ်ရပေမည်။
                   သို့သော် ဓါတုဗေဒကို အခြေခံအားဖြင့် သိရှိထားသူမှန်သမျှသည် အစာလည်းစားပြီး၊
အစာကိုလည်းကြေစေသော သက်မဲ့အရာများရှိကြောင်း သရုပ်ပြနိုင်ကြသည်။
ချိတ်ရည်လောင်းထားသော မှန်ပေါ်သို့ ကလိုရိုဖေါင်းတစ်စက်လောက်ချကြည့်ပါ။ ကလိုရို
ဖေါင်းရည်သည် ၎င်းမှန်တလျောက် စီးသွားပြီး ချိတ်အားလုံးထဲသို့ စိမ့်ဝင်သွားလိမ့်မည်၊
ချိတ်သည်လည်းကောင်း၊ ကလိုရိုဖေါင်းသည်လည်းကောင်း၊ တစ်ခုကိုတစ်ခုက စားပစ်၏။
သို့သော် ၎င်းတို့ကို သက်ရှိသို့မဟုတ် အသက်ကိုဖန်တီးသည့်အရာဟူ၍ အထောက်
အထား ပြစရာမရှိချေ။ ဖြစ်ပျက်သွားသမျှသည် ဓါတ်တုံ့ပြန်မှုသာလျှင် ဖြစ်လေသည်။
                   ပရိုတိုပလက်ဇင်ခေါ် ကော်ရည်တစ်မျိုးပါဝင်သောဒြပ်ကို ဓါတ်ခွဲကြည့်ရာ ၎င်းဒြပ်
သည် ကလာပ်စည်းများ၏ သက်ရှိပိုင်းလည်းဖြစ်၊ ဓါတုဗေဒဆိုင်ရာ ပြောင်းလွဲမှု
လည်းဖြစ်သော ဒြပ်အဖြစ်နှင့် အောက်ဆီဂျင် ၇၂% ၊ ကာဗွန် ၁၃.၅% ၊ ဟိုက်ဒရိုဂျင်
၉.၁% ၊ နိုက်ထရိုဂျင် ၂.၅%  ၊ ပါဝင်ကြောင်း သိရသည်။ ကျန်နေသေးသော ၃.၉၃% 
၌ ဖေါ့စ်ဖေါရပ်စ်၊ ဆာလဖါ၊ ကာလ်စီယံ၊ ကရိုရိုင်း၊ ဆီလီကွန်၊ ဆိုဒီယံ၊ မက်ဂနီးစ်၊
သံဓါတ်၊ မက်ဂနီဆီယံ၊ ဖလူအိုရိုင်းနှင့် အိုင်အိုးဒင်းတို့ ပါဝင်ကြသည်။ ဖေါ်ပြပါ
ဓါတ်များမှာ ကမ္ဘာကြီးသို့ဖွဲ့စည်းထားသော ဓါတ်ပစ္စည်းများပါပေ။
     သို့စဉ်ဓါတုဗေဒပညာရှင်သည် ၎င်းဓါတ်များကို အချိုးကျကျပေါင်းစပ်ကြည့်ပါ
သော်လည်း သက်ရှိကလာပ်စည်းကို မရရှိပေ။ အသက်မပါသောဓါတ်ရည်သာဖြစ်ပြီး
ပရိုတို ပလက်ဇင် သက်ရှိနှင့် ဘာမျှမတူချေ၊ ၎င်းစမ်းသပ်မှုမျိုးအားဖြင့် သိရှိရချက်ကား
အခြားမဟုတ် သက်ရှိကလာပ်စည်းကို ဆရာဝန်၏ အညွှန်းရေလဲဖြင့်ဖေါ်စပ်ပေး၍
မရနိုင်ခြင်းပင်ဖြစ်သည်။
                   အသက်ကို ဖန်တီးရန်ပြဿနာနှင့် ပတ်သက်၍ ထက်မြက်သောနည်းတစ်ခုမှာ
အသက်ကိုအနုမြူနှင့် ဆက်စပ်ယူခြင်းပင်ဖြစ်၏။ စင်စစ် အသက်သည် နယူကလီးယား
လှုပ်ရှားမှုကွဲထွက်မှုကဲ့သို့ အင်အားတစ်မျိုးသာဖြစ်သည် မဟုတ်လော။ ထို့ကြောင့် ရူပဗေဒ
ပညာရှင်တို့က အနုမြူအားဘယ်ကလာသည်ကို သိအောင်ဖေါ်နိုင်စွမ်းရှိလျှင် အသက်၏
ဖြစ်ရာအစကို ဖေါ်ထုတ်ပေးခြင်းနှင့်အတူတူပင်ဖြစ်ပေလိမ့်မည်။ သို့သော် ရူပဗေဒ
ပညာရှင်များ၊ ဓါတုဗေဒပညာရှင်များနှင့် ဇီဝဗေဒပညာရှင်များသည် ၎င်းနည်းကို
စမ်းသပ်ရန်အတွက် မည်သို့အစရှာရမည်ကိုပင် အကြံမပေးနိုင်ချေ။
+++++++++++++++++++++++++++++

No comments:

Post a Comment