အခန်း(၈)
အောက်ပါတို့မှာ မြန်မာပြည်တွင် လွန်ခဲ့သည့်နှစ်အနည်းငယ် (၁၉၇၂)အတွင်း၌
ပေါ်ပေါက်ခဲ့သော မနန်းစိုးနှင့်မနန်းစံ ခေါ် အထူးအဆန်းအမြွှာညီအစ်မကလေးတို့ကဲ့သို့
ကမ္ဘာအရပ်ရပ်တွင် နှစ်ကိုယ်ပူးတွဲလျက် မွေးဖွားလာသော အမြွှာများ၏
အတ္ထုပ္ပတ္တိများကို အကျဉ်းအားဖြင့် ဖေါ်ပြထားပါသည်။
အဆိုပါ မနန်းစိုးနှင့် မနန်းစံတို့မှာ ရင်ချင်းပူးကပ်နေပါသည်။ မွေးဖွားပြီးနောက်
လပိုင်းလောက်တွင် ရန်ကုန်မြို့ အထူးကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသနည်းဖြင့်
အောင်မြင်စွာ နှစ်ကိုယ်ခွဲပေးလိုက်ပါသည်။ ဤသို့ နှစ်ကိုယ်ခွဲပြီးနောက် တစ်လခွဲ
နှစ်လလောက်အကြာတွင် မနန်းစံ အဖျားဝင်၍ သေဆုံးသွားပါသည်။ အမြွှာညီအစ်မ၏
မိခင်ဖြစ်သူလည်း မနန်းစံသေဆုံးပြီးနောက် များမကြာမီ မီးယပ်ရောဂါဖြင့် သေဆုံး
သွားပါသည်။ ကျန်ရှိသူ မနန်းစိုးကလေးသည်ကား ယနေ့ထိ ရန်ကုန်မြို့ကလေးဆေးရုံ
ကြီးတွင် အရာထမ်းအမှုထမ်းများ၏ အစောင့်အရှောက်အပြုအစုနှင့် ကျန်းမာချမ်းသာစွာ
နေထိုင်လျက် စာပေများ ကျောင်းတွင်သင်အံလေ့လာလျက် ရှိပါသည်။
တစ်ကိုယ်စာအတွက် လိုသည်ထက်ပိုနေတတ်သော်လည်း နှစ်ကိုယ်စာအတွက်တော့
လိုနေသောကြောင့် တစ်ကိုယ်တည်းသုံးရမည့် အင်္ဂါအစိတ်အပိုင်းများကို နှစ်ကိုယ်
တစ်လှည့်စီ သုံးရပါသည်။
ယိုးဒယားအမွှာပူးအမည်ခံ နှစ်ကိုယ်ခွဲ အမြွှာမွေးများမှာ နှစ်ကိုယ်စာ
အတွက် ကိုယ်အင်္ဂါအစိတ်အပိုင်းများ အတော်ပြည့်စုံစွာ ပါရှိပါသည်။ ၎င်းတို့မှာ
တင်ပါးဆုံ တစ်ဘက်စောင်းခြင်း ဆက်စပ်တွဲကပ်လျက်နေပါသည်။ ၀မ်းတွင်း၌ အူ
အသည်းနှစ်တွဲစီ အပြည့်အစုံရှိသော်လည်း စအိုဝတွင် အူမကြီးတစ်ခုတည်းသာ ရှိပါ
သည်။ ယိုးဒယားအစစ်အမွှာပူး ဦးခေါင်းနှစ်လုံးပါရှိသော နှစ်ကိုယ်တွဲကို ပုဂိ္ဂုလ်အရ
နှစ်ဦးဟု ဆိုရပါမည်။ အဘယ့်ကြောင့်ဆိုသော် တစ်ကိုယ်နှင့် တစ်ကိုယ်မှာ အလေ့အကျင့်
စာရိတ္တ ၀ါသနာဘာဂီတစ်မျိုးစီ ဖြစ်သည်သာမက အတွေးအခေါ် အကြံအစည် အပြုအမူ
တို့တွင်လည်း တစ်မျိုးစီဖြစ်ကြပါသည်။
နှစ်ကိုယ်တွဲ အမြွှာအချို့ကို ““ပုဂိ္ဂုလ်အရနှစ်ဦး”” ဟု ခေါ်ရလောက်အောင်
အင်္ဂါအစိတ်အပိုင်း အပြည့်အစုံအရှိပါ။ ဤအမျိုးအစား၌ နှစ်ကိုယ်တွဲလျှင် ဦးခေါင်း
နှစ်လုံး(၀ါ) တစ်ကိုယ် တစ်လုံးကျစီပါသော်လည်း ကိုယ်ထည်မှာ တစ်ခုတည်းလိုလို
ရှိပါသည်။ ခြေသည်း ဘယ်ညာနှစ်ဘက်မှ တစ်စုံသာရှိပါသည်။ အခြားနှစ်ကိုယ်တွဲ
အမြွှာတစ်မျိုးတွင် နှစ်ကိုယ်တွဲလျှင် ဦးခေါင်းတစ်လုံးသာရှိပြီး ခြေမှာနှစ်စုံရှိပါ
သည်။ ဤနေရာတွင် ပုဂိ္ဂုလ်နှစ်ဦးဆိုသည့် ပြဿနာမပေါ်တော့ပါ။ ထို့ကြောင့် နှစ်ကိုယ်တွဲ
အမြွှာပူးများနှင့် ပတ်သက်၍ အတွဲတိုင်းအတွဲတိုင်း ပုဂိ္ဂုလ်အရ ခွဲခြားသတ်မှတ်ဖို့ရန်မှာ အလွန်
ခက်ခဲနက်နဲသည့် လောကဓါတ်သိပ္ပံနည်းတစ်ရပ် ဖြစ်သည်ဟု ဆိုရပါမည်။
ယိုးဒယားအမြွှာမွေးများသည် အများအားဖြင့် တစ်ဥပေါက်များဖြစ်ကြပါသည်။
အခြားနှစ်ကိုယ်တွဲအမြွှာမွေးများနှင့်စာလျှင် ယိုးဒယားနှစ်ကိုယ်တွဲအမြွှာများကို ပုဂိ္ဂုလ်အရ
ခွဲခြားသတ်မှတ်ရန် လွယ်ကူပါသည်။ ယိုးဒယားအမြွှာသည် နှစ်ကိုယ်တွဲနေသော်လည်း
တစ်ကွဲတစ်ခြားစီဟု ထင်မှတ်ရပါသည်။ ၎င်းတို့သည် တစ်ဥတည်းပေါက်များ ဖြစ်ရုံမက
တစ်ဦးမှာ ၀မ်းတွင်းပါ သန္ဓေသားကိုယ်ထည် ညာဘက်ခြမ်းမှ ပေါ်ထွက်လာ၍၊
အခြားတစ်ဦးမှာ ဘယ်ဘက်ခြမ်းမှ ပေါ်ထွက်လာပြီး တစ်ဦးနှင့်တစ်ဦး ဘေးချင်းတွဲယှက်
ကာ အချိုးကျကျ ယှဉ်တွဲလျက် တည်နေပါသည်။ ဤကဲ့သို့သော နှစ်ကိုယ်တွဲ
အမြွှာများကို မွေးဖွားရာတွင် အရှင်ရခဲပါသည်။ အဘယ့်ကြောင့်ဆိုသော် ၀မ်းတွင်းပါ
သန္ဓေသားနှစ်ကိုယ်တွဲ၏ ပုံစံသည် အလွန်ပြေပြစ်သောကြောင့် မွေးဖွားရာတွင် တစ်ဦးကို
သော်လည်းကောင်း၊ နှစ်ဦးစလုံးကိုသော်လည်းကောင်း၊ သေလောက်သည့် ဒဏ်ရာဒဏ်ချက်
မဖြစ်စေရန် အလွန်သတိရှိရပါမည်။ အမိဝမ်းမှ မွေးဖွားရာတွင် ယိုးဒယားနှစ်ကိုယ်တွဲ
အမြွှာများက အခြားနှစ်ကိုယ်တွဲ အမြွှာများထက် အရှင်မွေး ပိုများပါသည်။ ယိုးဒယား
အမြွှာများမှာ နှစ်ကိုယ်စာအတွက် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြည့်ပြည့်စုံစုံ ရှိခြင်း
ကြောင့် မွေးဖွားရာတွင် အခြားအမျိုးအစား အမြွှာများထက် လွယ်ကူပါသည်။ ယိုးဒယား
နှစ်ကိုယ်တွဲ အမြွှာများကို မွေးဖွားရာတွင် ၎င်းတို့အသက်ရှင်ရေးအတွက် အထူး
တလည် ၀ီရိယစိုက်ရပါသည်။ ကောင်းမွန်အောင်မြင်စွာ မွေးဖွားပြီး၍ စိတ်ချရသော
နို့ညှာအရွယ်သို့ ရောက်လာလျှင် အသက်အတော်ရှည်ရှည် လူ့ပြည်တွင် ဆက်လက်နေဖို့
မျှော်လင့်ချက်ကောင်းစွာရှိသည့်အပြင် ၀င်ငွေကောင်းသည့် ပြပွဲပြဇာတ်စသည့် လုပ်ငန်း
များတွင် ၀င်ရောက်လုပ်ကိုင်ခြင်းဖြင့် အခြားသာမန်လူများထက် ပစ္စည်းဥစ္စာကြွယ်ဝ
ချမ်းသာလာနိုင်ပါသည်။
ခရစ်သက်္ကရာဇ် ၁၁၀၀ ခုနှစ်တွင် အလဇ္ဇာနှင့် မေရီဆိုသူ ယိုးဒယားနှစ်ကိုယ်တွဲ
အမြွှာ ညီအစ်မတစ်စုံသည် အင်္ဂလန်နိုင်ငံတွင် မွေးဖွားပေါ်ပေါက်ခဲ့သည် ဟုသိရပါသည်။
၎င်းတို့နှင့် ပတ်သတ်သည့် မှတ်တမ်းများအရ၊ အဆိုပါ အမြွှာညီအစ်မတို့သည်ကား
တင်ပါးချင်း၊ ပခုံးစွန်းချင်း ပူးတွဲနေပြီး လက်တစ်ဘက်စီသာ ရှိပါသည်။ (၀ါ) နှစ်ကိုယ်
တစ်တွဲ၏ ညာတစ်ဘက် ဘယ်တစ်ဘက်သာ ရှိပါသည်။ ဤနေရာတွင် သူတို့သည်
အခြားသော ယိုးဒယားနှစ်ကိုယ်တွဲ အမြွှာတို့နှင့်ကွာခြားပါသည်။ ယင်းအမြွှာညီအစ်မ
နှစ်ဖေါ်အနက် တစ်ဦးသေဆုံးသွားသောအခါ ဆရာဝန်များက ကျန်တစ်ဦးကို နှစ်ကိုယ်
တွဲမှ ခွဲထုတ်ပေးမည်ပြောရာ ၎င်းက ““ကျွန်မတို့ လာတုန်းက အတူတွဲပြီးလာခဲ့ရာ
အပြန်တွင် အတူဘဲပြန်တော့မည်””ဟု ပြောဆြိုပီးနောက် ရက်အနည်းငယ်အတွင်းတွင်
သေဆုံးသွားတော့၏။
နှစ်ကိုယ်တွဲ အမြွှာများအနက် အကျော်ကြား အထင်ရှားဆုံးလည်းဖြစ်၊ ယိုးဒယား
အမြွှာညီနောင်ဟု ကမ္ဘာတွင် အစဦးဆုံး ယိုးဒယားအမည်ခံသူလည်း ဖြစ်သောသူမှာ
၁၈၁၁ ခုနှစ်တွင် ထိုင်းလင်းခေါ် ယိုးဒယားနိုင်ငံ၌ တရုတ်လူမျိုး အမိအဘတို့မှ
ပေါက်ဖွားသော ချန်းနှင့်အန်းခေါ် တရုတ်အမျိုးသား နှစ်ကိုယ်တွဲအမြွှာညီနောင်တို့
ဖြစ်ကြပါသည်။ ယိုးဒယား(ထိုင်း) လူမျိုးများလုံးလုံးမဟုတ်ပါ။ သူတို့သည် အင်္ဂလိပ်
ကုန်သည်တစ်ဦးနှင့်တွေ့သောအခါ အသက် (၁၃)နှစ်ရှိပြီဆို၏။ ထိုအခါ ယိုးဒယား
(ထိုင်း) ဘုရင်ချောင်ပိုးရီက ယင်းအမြွှာညီနောင်တို့အား တိုင်းပြည်အတွက် နိမိတ်
မကောင်းဆိုကာ သတ်ပစ်လိုက်ဖို့ အမိန့်ထုတ်ထားပါသည်။ အင်္ဂလိပ် ကုန်သည်သည်
အဆိုပါ အမြွှာညီနောင်တို့အား ယိုးဒယားနိုင်ငံမှ ချက်ချင်းခေါ်ဆောင်သွားပါမည်ဟု
ကတိပေးပြီး ယိုးဒယားဘုရင်ထံမှ ၎င်းတို့၏ အသက်ကို အသပြာပေး၍ ၀ယ်ယူလိုက်ရ
ပါသည်။ ထို့နောက် သူတို့အား အမေရိကန် ဘော်စတွန်မြို့သို့ ခေါ်ဆောင်လာပြီး
နာမည်ကျော် ဆပ်ကပ်ပြပွဲဆရာကြီး ဘာနမ်းထံ အပ်လိုက်ပါသည်။ ထိုဆပ်ကပ်အဖွဲ့
ကြီးနှင့် နှစ်ပေါင်းများစွာ ကမ္ဘာအရပ်ရပ်သို့ လှည့်လည်ပြသခဲ့ရာ ယိုးဒယားအမြွှာ
ညီနောင်တို့သည် အလွန်ထင်ရှားကျော်ကြားလာသည့်အလျောက် ငွေကြေးအမြောက်
အများစုဆောင်းမိသည်နှင့် ဘော်စတွန်မြို့နေ ခရစ်ယာန်ဘုန်းကြီး ဒန်နိယာယ်ယိစ်၏
သမီးနှစ်ယောက်နှင့် လက်ထပ်လိုက်ကြ၏။ ချန်းက အဒဲကိုက်နှင့်ရ၍ ကလေး (၁၀)
ယောက် မွေးဖွားခဲ့၏။ အန်းက ဆာရာနှင့်ရ၍ ကလေး (၁၁) ယောက် ဖွားမြင်ခဲ့၏။ ချန်းနှင့်
အန်းတို့ မိသားစု (၂) စုသည် ကြီးထွားပွားများလာသည်နှင့် တစ်စုနှင့် တစ်စု တစ်မိုင်ခြား
အိမ်ခွဲတည်ထောင်နေထိုင်ခြင်းဖြင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းနိုင်ကြပါသည်။
ချန်းနှင့် အန်းတို့သည် တစ်ဦး၏အိမ်တွင် သုံးရက်စီအလှည့်ကျ နေထိုင်သွားကြပါသည်။
၁၈၇၄ ခုနှစ်၌ သူတို့သည် ကောရှိလီနာမြောက်ပိုင်း၌ အသက် ၆၃ နှစ်တွင် သေဆုံးသွား
ပါသည်။ မသေမီ လယ်သမားများအဖြစ် လုပ်ကိုင်စားသောက်ကြပါသည်။
ချန်းနှင့် အန်းတို့သည် အမေရိကန် ဘော်စတွန်နှင့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်
လောကဓါတ် သိပ္ပံပညာသုတေသနနယ်ပယ်တွင် အတော်ရေပန်းစားခဲ့၏။ သူတို့မှာ
အခြားအမျိုးအစား နှစ်ကိုယ်တွဲ အမြွှာများကဲ့သို့ အခက်အခဲများစွာမရှိကြပါ။ အဘယ့်
ကြောင့်ဆိုသော် သူတို့နှစ်ကိုယ်တွဲအား သေးငယ်သော အသားစိုင်ခဲကလေးဖြင့်
ဝမ်းဗိုက်အထက် ရင်အုံအောက် ဘေးစောင်းချင်းတွဲစပ်ထား၍ လွယ်လွယ်ကူကူ
လှုပ်ရှားသွားလာ နေထိုင်ရုံသာမက ကျွမ်းထိုးမှောက်ခုံ အားကစားအမျိုးမျိုးကို
အနည်းငယ်မျှ အခက်အခဲမရှိဘဲ ကစားပြနိုင်သောကြောင့် ဖြစ်ပါသည်။
ချန်းနှင့် အန်းတို့သည် ပုံသဏ္ဍာန်ချင်းမတူကြပါ။ စိတ်နေသဘောထားချင်း
လည်း မတူ၊ အကျင့်စာရိတ္တ၀ါသနာဘာဂီ အပြုအမူချင်းလည်း မတူပါ။ ချန်းသည်
အရက်သေစာ သောက်စားတတ်ပါသည်။ အန်းက လုံးလုံး မသောက်စားတတ်ပါ။
သူတို့ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြင်နာစွာရှိကြပါသည်။ နားလည်မှုနှင့် ကိုယ်ချင်းစာ
တရားများကို အပြည့်အ၀ထားကာ တစ်ဦး၏အပြစ်ကို တစ်ဦးက လျစ်လျူရှုကြပါသည်။
ထိုကဲ့သို့ မဟုတ်ဘဲ၊ အကြင်နာကရုဏာကင်းသော တစ်ဦးအပေါ်တစ်ဦး အပြစ်ရှုနေမည်ဆို
ပါက ဘယ်အခြေအနေမျိုး ရောက်ကြမည်ကို ခန့်မှန်း၍ ရမည်မဟုတ်ပါ။
ရိုဇာနှင့် ဂျိုဇက်ဖားခေါ် ဘိုဟီမီယံ(ဂျာမနီ)လူမျိုး အမြွှာညီအစ်မတို့သည်ကား
ဆီးစပ်တ၀ိုက်တွင် နှစ်ကိုယ်တွဲလျက်ရှိနေပါသည်။ ရိုဇာသည် အရပ်ရှည်၍၊ ပါးပါး
လျားလျား ရှိပြီး အဆင်းနုပျိုပါသည်။ ဂျိုဇက်ဖားမှာ အရပ်ပုလျက် ကိုယ်လုံးတုတ်ခိုင်ပြီး
မျက်နှာ ပြည့်ဖြိုးပါသည်။ သူမမှာ သေးသိမ်မသန်စွမ်းသော မိန်းမအင်္ဂါနှင့် သားအိမ်ရှိပါ
သည်။ ရိုဇာသည် ဤအင်္ဂါရပ်တို့တွင် လူတန်းစေ့သည်ဟု ဆိုရပါမည်။ ကလေးမွှေးဖူး
သော လက္ခဏာရှိပါသည်။ လူတန်းစေ့ သားကလေးတစ်ယောက် မွေးဖွားဖူးကြောင်း
သိရပါသည်။ ညီအစ်မ နှစ်ကိုယ်တွဲအတွက် အူမကြီးတစ်ခုရှိပါသည်။ ၎င်းအူမကြီးသည်
စအိုဝမှ ခုနှစ်လက်မလောက်တက်သွားပြီး အူသိမ်နှစ်ခုအတွင်းသို့ ၀င်သွားပါသည်။
ဤနှစ်ကိုယ်တွဲ အမြွှာညီအစ်မသည် အလွန်ပေါ့ပါးလျင်မြန်ဖျတ်လတ်ပါသည်။ သစ်ပင်
များကို အကြာခဏတက်ကြပါသည်။ နှစ်ယောက်စလုံး ဘာသာခြားစကား အတော်
များများတတ်ကြပါသည်။ တယောလည်း ထိုးတတ်ကြပါသည်။
တစ်နေ့သ၌ ဂျိုဇက်ဖားတွင် အသားဝါရောဂါစွဲကပ်၍ အခြားဝေဒနာများလည်း
ဝင်ရောက်ရာ အတော်ကြီးဖျားလေသည် ထိုစဉ်အခါ၌ ရိုဇာသည် အသားဝါတစ်စွန်း
တစ်စလောက်မှအပ အခြားဘာရောဂါမျှ မရှိပါ။ ကျန်းကျန်းမာမာ ရှိပါသည်။ ဂျိုဇက်ဖား
သည် သေမည်ဟု အမှန်သိရသောအခါ ဆရာဝန်ကြီးဒေါက်တာတရိတ်စတုံးက
နှစ်ကိုယ်တွဲကို ခွဲပေးလျှင် ဖြစ်နိုင်ကြောင်းပြောသော်လည်း ၎င်းတို့၏ အစ်ကိုဖြစ်သူ
ပြပွဲမန်နေဂျာကသဘောမတူပါ။
၎င်းအမြွှာညီအစ်မ နှစ်ကိုယ်တွဲနေလျှင် သူ့မှာအကျိုးရှိ၏။ ခွဲလိုက်လျှင် အကျိုးမဲ့
မည်။ သို့နှင့် ၁၉၂၂ ခုနှစ် မတ်လ(၃၀) ရက်နေ့တွင် ဂျိုဇက်ဖားသေဆုံးသွားပါသည်။
ရိုဇာသည်လည်း နောက်တစ်ရက်နှစ်ရက်အကြာတွင် သေဆုံးသွားပါသည်။
အသေကောင်နှင့် ရက်ရှည်လများ တွဲယှက်၍ အသက်ရှင်ဖို့ရန် ဖြစ်နိုင်တော့မည်
မဟုတ်သောကြောင့်ဖြစ်ပါသည်။
ဖိလိပီနို အမြွှာညီနောင် ဆင်ပလိစိယိုနှင့် လူစီယာဂေါဒီနာဆိုသူတို့သည်
နှစ်ပေါင်းများစွာ အမေရိကန်ပြဇာတ်အဖွဲ့နှင့် ကမ္ဘာအရပ်ရပ်သို့ လှည့်လည်အသုံးတော်ခံခဲ့ရာ
ကျော်ကြားထင်ရှားလာပြီး အသက်(၂၈)နှစ်အရွယ်တွင် နယူးယောက်မြို့တွင် သေဆုံးသွား
ပါသည်။ အဆိုပါနှစ်ကိုယ်တွဲ အမြွှာညီနောင်တို့သည် ၎င်းတို့တွဲဖက်ကပြသည့်
ပြဇာတ်မင်းသမီး နှစ်ကိုယ်တွဲတစ်ခုတည်း ပေါက်အမြွှာညီအစ်မတို့နှင့် လက်ထပ်
ပေါင်းသင်းနေကြပါသည်။ ယင်း အမြွှာညီနောင်တို့သည် တစ်ဦးနှင့်တစ်ဦး ပုံသဏ္ဍာန်
ချင်းမတူကြပါ။ ဆင်ပလီစီယိုက ကိုယ်လုံးကိုယ်ထည်တုတ်ခိုင်၍ ဦးခေါင်းကြီးပြီး
မျက်နှာပြဲသည်။ လူစီယာလောက် ပေါ့ပါးဖျတ်လတ်ခြင်းမရှိပါ။ လူစီယာက
ဦးခေါင်းရှည်ပြီး နဖူးပိုမေါက်ပါသည်။ သူတို့တစ်တွဲလုံး ပေါ့ပါးဖျတ်လတ်စွာ ကနိုင်ခုန်နိုင်
သည်သာမက စက်ဘီးဖိနပ်စီးပြီး အလွန်ခက်ခဲသော အကမျိုးစုံတို့ကို ကပြနိုင်ပါသည်။
တစ်နေ့သ၌ လူစီယာသည် အအေးမိ၍ အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသွားရာ အသက်
ရှင်လျက်ရှိသော ဆင်ပလီစီယိုအား ဆက်လက်ရှင်နေစေရန် ဆရာဝန်များက နှစ်ကိုယ်ခွဲ
ထုတ်ရာ အောင်မြင်သည်ဟု ဆိုပါသည်။ နောက်ရက် အနည်းငယ်တွင်းမှာပင်
ဆင်ပလီစီယိုလည်း ခွဲစိတ်ဒဏ်ကြောင့် သေဆုံးသွားပါသည်။
ဤသင်ခန်းစာအရ အထက်တွင်ဖေါ်ပြခဲ့သည့် ရိုဇာကို ဆရာဝန်ကြီး ဒေါက်တာ
ဘရိတ်စတုံး၏ ညွှန်ကြားချက်အတိုင်း ကနဦးသေဆုံးသူ ဂျိုးဇက်ဖား၏ ကိုယ်ထည်မှ
ခွဲထုတ်ပေးလိုက်လျှင်လည်း ရိုဇာသည် ကြာကြာအသက်ရှင်နေဦးမည် မထင်ပါ။
ယခုကဲ့သို့ အလွန်ထူးဆန်း အံ့သြစရာကောင်းသော အမြွှာမွေးများကို ကမ္ဘာ
အရပ်ရပ်ရှိ လူသားတို့သည် အလွန်စိတ်ဝင်စားကြသည့် အကြောင်းများနှင့်တကွ
အခြား အရေးပါအရာရောက်သည့် ပြဿနာရပ်များအကြောင်းကို ဆောင်းပါးရှင် စာရေး
ဆရာကြီးများသည် အမျိုးမျိုးအဖုံဖုံ ချီးကျူးရေးသားကြသော်လည်း ဤကဲ့သို့ အထူး
အဆန်းအမွှာမွေးများ၏ သဘာဝ အဖြစ်မှန်အကြောင်းကိုတော့ ဖေါ်ထုတ်ရေးသားကြခြင်းကို
မတွေ့ရပါ။ အထူးအသားပေး ဖေါ်ထုတ်သည့် အချက်မှာကား နှစ်ကိုယ်တွဲ အမွှာစုံတွဲတိုင်း
လိုလို တစ်ကိုယ်နှင့်တစ်ကိုယ် ပုံသဏ္ဍာန်ချင်း မတူသည့်အကြောင်းပင် ဖြစ်ပါသည်။
ဤကဲ့သို့သော နှစ်ကိုယ်တွဲအမြွှာများသည် တစ်ဥတည်းပေါက်များသာ ဖြစ်
သည့်အလျောက် မျိုးရိုးဗီဇချင်း တူညီကြသည်ဟု ထင်မှတ်ကြရပါသည်။ မျိုးရိုးဗီဇတွင်
မက ပတ်ဝန်းကျင်ချင်းလည်း တူသောကြောင့် (အမြဲဆိုသလို ပတ်ဝန်းကျင် တစ်မျိုး
တည်းဖြစ်သည်) နှစ်ကိုယ်တွဲများနှင့် စာလျှင် နှစ်ကိုယ်တွဲအမြွှာများသည် အထူးပို၍
ပုံသဏ္ဍာန်ချင်းတူဖို့ ကောင်းပါသည်။
သို့စဉ်လျက် ယိုးဒယားနှစ်ကိုယ်တွဲ အမြွှာအားလုံးလိုလိုပင် နှစ်ကိုယ်တွဲအမြွှာများ
နှင့်စာလျှင်(နှစ်ကိုယ်တွဲတစ်ခုတည်းပေါက် အမြွှာစုံတွဲအနည်းငယ်တို့မှအပ) အဆင်
အလွန် ကွဲပြားခြားနားကြပါသည်။ ယိုးဒယားအမည်အရ နှစ်ကိုယ်တွဲအမြွှာများနှင့်
ပတ်သက် ၍ နှစ်ကိုယ်တွဲတိုင်းလိုလိုပင် တစ်ကိုယ်နှင့်တစ်ကိုယ် စဉ်းစား၍မရနိုင်
လောက်အောင် ပုံသဏ္ဍာန်ကွဲပြားခြားနားခြင်းသည် အမြွှာပါရဂူများအတွက် အဖြေရှာရန်
ခက်သော ပြဿနာတစ်ရပ်ဖြစ်နေသည်ကို တွေ့ရပါကြောင်း။
သတ္တ၀ါတစ်ဦး ပေါ်ထွန်းလာစေရန် သိပ္ပံပညာအရ ဗီဇ(သားမျိုးစေ့)နှင့်
ပတ်ဝန်းကျင်အပြင် အခြားပြုပြင်စီရင်ဖန်တီးသော အကြောင်းတရားရှိသေးသည်ဟု
ယူဆရန် ခိုင်မာသောအထောက်အထားမှာ ဤယိုးဒယားအမြွှာခေါ် နှစ်ကိုယ်တွဲ
အမြွှာမျိုးများပင်ဖြစ်ပါသည်။ ဤပြဿနာကို သိပ္ပံဖြင့်ဖြေရှင်းရန်အခက်ခဲဆုံးဖြစ်နေပါသေးသည်။
၁၉၇၁-ခုနှစ်သြဂုတ်လ၁၅ရက်နေ့ထုတ်““ရှေ့သို့မဂ္ဂဇင်းအမှတ်(၆)၊အတွဲ၁၉ တွင်
မန်းအောင်သိန်းရေးသားတင်ပြထားသော နှစ်ကိုယ်တွဲ အမြွှာပူးမွေး မနန်းစိုး၊မနန်းစံ၊
မြန်မာဆေးပညာ၏ အောင်မြင်မှုမှတ်တိုင်သစ် ခေါ် ဆောင်းပါး
မှကောက်နှုတ်၍ အောက်တွင် အကျဉ်းအားဖြင့် ဖေါ်ပြလိုက်ပါသည်။
မြန်မာ့ဆေးသိပ္ပံသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ တွေ့ကြုံခဲ့ခြင်း မရှိသည့်အပြင်
ကမ္ဘာဆေးပညာမှတ်တမ်းများ လောက၌ပင် အလွန်ကြုံခဲလှသော ရင်ချင်းဆက် အမြွှာမွေး
ညီအစ်မမှာ ပုသိမ်ခရိုင်၊ ကန်ကြီးဒေါင့်ရဲစခန်းပိုင် ဘဲဂရက်ဘူတာအရှေ့ဘက်ရှိ
ဘီလူးကျွန်းကျေးရွာနေ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသော ကိုစိန်မြကြီး (၃၃) နှစ်နှင့်
ဇနီး မဒေါပုံ(၃၂) နှစ်တို့၏ ရင်သွေးများဖြစ်ကြလေသည်။ ၁၉၇၁ ဖေဖေါ်ဝါရီလ
(၂၀) ရက်၊ ၁၃၃၂ ခုနှစ် တပို့တွဲလဆုတ်(၁၀) ရက် မဒေါပုံသည် ယင်းနှစ်ကိုယ်တွဲ
အမြွှာညီအစ်မတို့အား ကျေးရွာဝမ်းဆွဲ ဦးသာရင်(၆၀)နှစ်နှင့် ဇနီးဒေါ်ပိန်းပုံ (၆၀)နှစ်
တို့၏ အကူအညီဖြင့် အောင်မြင်စွာ မွေးထုတ်လိုက်၏။ ကျေးရွာဝမ်းဆွဲ ဦးသာရင်နှင့်
ဒေါ်ပိန်းပုံတို့၏ ပြောပြချက်အရ ပထမဦး ခေါင်းတစ်လုံးထွက်လာခဲ့သဖြင့် ဒေါ်ပိန်းပုံ
က လက်ဖြင့်နှိုက်၍ ပျော့ပျောင်းနေသော ကလေးငယ်ကို ပဆစ်ဒူးတုတ်ပြုလုပ်ပြီး
အပြင်ဘက်သို့ ဆွဲထုတ်ယူလိုက်ရာ ၀မ်းဗိုက်ချင်းတွဲနေသည်ကို တွေ့ရသဖြင့် နောက်ကလေး
တစ်ဦးရှိကြောင်း သိရတော့သည်ဟုဆိုသည်။
ပထမအပြင်သို့ရောက်သောကလေးငယ်အား ဒေါ်ပိန်းပုံက လက်ဖြင့်ကိုင်ထား
ပြီး ဒုတိယကလေးငယ်ကို ဦးသာရင်က အမိဝမ်းတွင်း၌ပင်လှည့်၍ ခြေကစားပြီး အပြင်သို့
ဆွဲထုတ်ယူခဲ့သည်။ မိနစ် ၂၀ အတွင်းတွင် ရင်ချင်းတွဲနေသော အမွှာကလေးငယ်နှစ်ဦးကို
ချောမောစွာ မွေးဖွားပေးခဲ့ရသည်ဟု ဆိုပါသည်။
ကိုစိန်မြကြီးနှင့် မဒေါပုံတို့တွင် ယင်းအမြွှာညီအစ်မများအား မမွေးမီပင်
ကလေး လေးယောက်ရှိကြသည်။ စတုတ္ထမြောက်သမီး မမွေးကြီးသည် မွေးဖွားအပြီး
ငါးရက်မြောက်တွင် သေဆုံးသွား၏။ ၎င်းမှာ အမြွှာညီအစ်မတို့နှင့် အလွန်တူသည်ဆို၏။
မဒေါပုံသည် နှစ်ကိုယ်တွဲ အမြွှာညီအစ်မ သန္ဓေရှိနေစဉ် ကျေးရွာရှိ ကိုရင်ကြီး ဦးဓမ္မ
သာမိက စုတ်လာဘ်ကြီးဝင်မည်၊ ငွေကြေးအမြောက်အမြား၊ မြေယာများလည်း
ဝင်မည်ဟု ဟောကိန်းထုတ်ထားလေသည်။ မဒေါပုံသည်လည်း အိပ်မက် မက်ခဲ့သေး
သည်။ ကလေးများ မွေးသည့်အထိ ငါးခါလောက်မက်သည်။ မော်တော်ကား၊ သင်္ဘော၊
လေယာဉ်ပျံများစီးရသည်ဟု မက်သည်။ မွေးမည့်အနေ့ မတိုင်မီညက မက်သော အိပ်မက်
မှာ မဒေါပုံတို့ အိမ်ရှေ့အပေါက်ဝတွင် ထိုင်နေစဉ် ကောင်းကင်မှ ဆင်ကြီးတစ်ကောင်
ဆင်းလာပြီး အိမ်ရှေ့အပေါက်ဝတည့်တည့်တွင် လာရပ်နေပါသည်။ ဆင်ခြေထောက်များ
သည် မြေကြီးနှင့် လွတ်နေပြီး နားရွက်နှစ်ဘက်က လှုပ်နေသည်။ ဆင်ကြီးပေါ်တွင်
အသက် ၁၅ နှစ်အရွယ် မိန်းကလေးနှစ်ယောက်ထိုင်ပြီး မဒေါပုံကို ကြည့်၍ ရပ်နေသည်။
တစ်ယောက်က အရီး လာပါဦးဆိုပြီး မဒေါပုံကို လက်ယပ်ခေါ်သည်။ မဒေါပုံက
ငါ့မှာ ကိုယ်ဝန်ကြီးနှင့် ထမလာနိုင်ဘူး။ နင်တို့ဆင်းလာခဲ့ပါဟု ပြန်ပြောသောအခါ
တစ်ယောက်က အရီးကို မပြောပါနဲ့ဟယ်ဟု သူတို့အချင်းချင်းပြောပြီး နှစ်ယောက်လုံး
ရယ်နေကြသည်။
ထိုစဉ် ဆင်ကြီးဘေး၌ ခေါင်းပေါင်းဖြူပတ်ထားပြီး တောင်ဝှေးတစ်ချောင်း
ကိုင် မတ်တပ်ရပ်နေသော အဘိုးကြီးတစ်ယောက်ပေါ်လာသည်။ သူက ဟေ့တူမလေး
မင်းရှေ့မှာ ဘာတွေလဲဟု မေးသည်။ မဒေါပုံက အဘိုးရယ် အမှိုက်တွေပဲ ရှိပါတယ်ဟု
ပြောသောအခါ အဲဒီအဘိုးကြီးက အမှိုက်တွေမဟုတ်ကွယ့် ရွှေတွေငွေတွေလို့
တောင်ဝှေးနှင့်ထိုးပြီး ဆင်ကြီးရော ကလေးမနှစ်ယောက်ပါ အဘိုးကြီးနှင့် ပျောက်သွား
သည်။ မဒေါပုံ အိပ်ရာမှလန့်နိုးပြီး ဗိုက်ထဲက နာလာ၍ ဆွေမျိုးလည်းတော်စပ်
ဆွေစဉ်မျိုးဆက်အရ လက်သည်လည်းဖြစ်သည့် ဦးသာရင်(၆၀) နှင့် ဇနီးဒေါ်ပိန်းပုံ(၆၀)
တို့ကို အကူခေါ်လိုက်သည်။
ဦးသာရင်နှင့် ဒေါ်ပိန်းပုံတို့သည် အမြွှာကလေးများကို မိခင်ငါးဦးခန့် မွေးဖွား
ပေးခဲ့ဘူးရာ ကလေးငယ်တစ်ဦးချင်းသာ မွေးခဲ့ရပြီး ယခုလို ကိုယ်ချင်းပူးတွဲနေသော
အမြွှာကလေးများမှာ ပထမဆုံးအကြိမ် မွေးပေးရသည်ဟုလည်း ပြောပြသည်။ ထို့နောက်
စာဖြူစုကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်စကီနာအား
သွားရောက် ခေါ်ယူပြသသည်။
ကိုယ်အင်္ဂါပြည့်စုံပြီး အသက်ရှင်လျက်ရှိနေသော ရင်ချင်းဆက် အမြွှာ
ကလေးငယ်နှစ်ဦးကို အံ့သြစွာတွေ့မြင်ရသော ကျေးလက်ကျန်းမာရေးဌာနမှ သားဖွား
ဆရာမသည် အမြွှာကလေးငယ်များကို ဒေါ်ပိန်းပုံ၏ အကူအညီနှင့် ထိုနေ့နံနက်(၁၀)
နာရီတွင် ပုသိမ်တိုင်း ဆေးရုံကြီးသို့ လာရောက်ပို့ခဲ့လေသည်။ ပုသိမ်ပြည်သူ့ဆေးရုံမှ
တစ်ဖန် ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့တွင် အမြွှာကလေးငယ်နှစ်ဦးကို ဆရာမတစ်ဦး
လိုက်ပါစောင့်ရှောက်၍ လေယာဉ်ပျံဖြင့် ရန်ကုန်ကလေးအထူးကုဆေးရုံသို့ ရောက်လာခဲ့
ခြင်းဖြစ်သည်။ ဤသို့ရောက်အလာတွင် ဆေးရုံအုပ်ကြီး ဦးတင်ဦး၊ ခွဲစိတ်ကု ဆရာဝန်
ကြီး ဦးဖေညွှန့်နှင့် ဆရာဆရာမများက ၀မ်းပန်းတသာ ကြိုဆို၍ အထူးသီးသန့်အခန်း
တစ်ခုတွင် အမြွှာညီအစ်မအား ပြုစုစောင့်ရှောက်ခဲ့ကြသည်။
ရင်ညွှန့်နှင့် ချက်အောက်ပိုင်းအထိ အဆက်များ များသော ဤလိုအမြွှာကလေး
မျိုးကို မြန်မာဆေးသမိုင်းတွင် ယခုပထမအကြိမ်သာ တွေ့ရှိရပြီး ကမ္ဘာ့ဆေးမှတ်တမ်း
များ၌ပင်လျှင် အလွန်ရှားပါးလှသော အမြွှာမျိုးဖြစ်သည်။ ထို့ပြင် ရင်ညွှန့်နှင့် ချက်အောက်
ပိုင်းထိ ဆက်၍နေသောညီအစ်မ၏ ကိုယ်အတွင်း၌လည်း ရင်ညွှန့် အရိုးချင်း၊
အသည်းချင်း၊ နှလုံးကာမြှေးချင်း၊ အသက်ရှူကြွက်သားချင်းများလည်း ဆက်နေကြပြန်ပါ
သည်။ အူသိမ်အူမများလည်း တစ်ဖက်မှ တစ်ဖက်သို့ ရွေ့လျားပြောင်းလဲနေသည်များကို
စမ်းသပ်စစ်ဆေးတွေ့ရှိရပြန်သဖြင့် ကမ္ဘာ့ဆေးသိပ္ပံလောကများ၌ပင် အလွန်ရှားပါးလှ
သော အမြွှာမျိုးဖြစ်သည်။ အချို့သောနိုင်ငံများတွင် မတွေ့ဘူး၊ မမြင်ဘူး၊ မကြားဘူးသော
အမြွှာမျိုး ဖြစ်လေသည်။
မြန်မာနိုင်ငံရှိ အနောက်တိုင်း ဆေးပညာလောကတွင် ကိုယ်ချင်းဆက် အမြွှာ
ညီအစ်မများ မွေးဖွားခဲ့သည်ကို တွေ့ရှိသော်လည်း နှစ်ဦးစလုံးအသက်ရှင်ပြီး
အဆက်များသော ဤလိုအမြွှာညီအစ်မများကို တစ်ကြိမ်တစ်ခါမှ တွေ့ကြုံခဲ့ခြင်းမရှိခဲ့ပေ။
ရန်ကုန်သို့ ရောက်သည့်နေ့မှစ၍ မနှစ်ခေါ် မနန်းစံကလေးမှာ ကျန်းမာရေး
သိပ်မကောင်းလှပေ။ ပုသိမ်မှပါလာသော အသားဝါရောဂါ၊ အဆုတ်အအေးမိသော
ရောဂါနှင့် ၀မ်းလျှောရောဂါများကို ကလေးဆေးရုံမှ ဆရာဝန်ဆရာမများ၏
ဂရုစိုက်ကုသမှုများကြောင့် မနန်းစံ၏ ရောဂါများ ပျောက်ကင်းချမ်းသာခဲ့သည်။
မတစ်ခေါ် မနန်းစိုးမှာ ပုသိမ်မှရောက်လာမည့် အချိန်မှစပြီး ကျန်းမာလျက်ရှိသည်။
၎င်းနှစ်ယောက်ပေါင်း၏ ကိုယ်အလေးချိန်မှာ ကိုးပေါင်နှင့် လေးအောင်စသာ ရှိသေး
သဖြင့် ခွဲစိတ်ကုသမှုများ ချက်ချင်းမပြုလုပ်သေးဘဲ ကလေးများ ပိုမိုကျန်းမာစေရန်
အာဟာရဖြစ်စေမည့် အစားအစာများ ကျွေးမွေးခြင်းနှင့် အခြားခွဲစိတ်ကုသရေး ချောမော
စေရန် လိုအပ်သည့်ကိစ္စအ၀၀ကို ဆောင်ရွက်ခဲ့ရ၏။
အမြွှာညီအစ်မ၏ ကျန်းမာရေးအခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်
လာတော့သည်နှင့်အမျှ နှစ်ဦးစလုံးမှာ တစ်နေ့လျှင် ငှက်ပျောသီး ခြောက်လုံးမှ ခုနှစ်လုံး၊
ကြက်ဥနှစ်လုံးစီ စားသောက်နိုင်သည့်အပြင် အကောင်းဆုံး နို့မှုန့်များကိုပင် သောက်
သုံးနေကြရသောကြောင့် ဇူလိုင် ၆ ရက် (လေးလနှင့် တစ်ဆယ့်ခြောက်ရက်သမီး
အရွယ်)တွင် ၁၈ ပေါင်နှင့် ၂ အောင်စအထိ ကိုယ်အလေးချိန် တိုးလာတော့၏။
၎င်းတို့၏ ကျန်းမာရေး ကောင်းမွန်လာသည်နှင့်အမျှ နှစ်ဦးစလုံးပင် ကျောရိုးများ ကော့လန်
ကာ ရင်ညွှန့်ရိုးချွန်ပြီး တစ်ဦးနှင့်တစ်ဦး ကြီးထွားမှုလည်း မတူညီဖြစ်လာတော့သည်။
တစ်ဦးတွင် ဖြစ်ပွားသောရောဂါများ တစ်ဦးသို့ လွယ်လင့်တကူ ကူးစက်နိုင်သည်။
ဓါတ်မှန်များ ရိုက်ကြည့်ရာတွင်လည်း၊ အသည်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်ပူးတွဲ
နေပြီး နှလုံးသွေးလည်ပတ်မှုတွင် အနည်းငယ်ချွတ်ယွင်းမှုများ တွေ့ရှိရတော့သည်။
ထို့ကြောင့် ခွဲစိတ်ကုသမှုကို မပြုလျှင် မဖြစ်သောအခြေအနေသို့ ရောက်လာတော့၏။
ဇူလိုင်လ ၇ ရက်နေ့ ၀ါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးရက်
မြတ်ဖြစ်သောနေ့ ဖြစ်၏။ ၎င်းနေ့ နံနက် ၈ နာရီတွင် ရင်ချင်းဆက်အမြွှာညီအစ်မအား
၎င်းတို့၏ ဘ၀ရှေ့ရေးအတွက် ခွဲစိတ်ရန် မေ့ဆေးဆရာဝန်ကြီး ဦးလှထွန်းနှင့် ဦးလှမြင့်တို့
က မေ့ဆေးပေးကြသည်။ ၁၀ နာရီခွဲတွင် ခွဲစိတ်မှုများကို စတင်ဆောင်ရွက်ရာ
ကလေးဆေးရုံမှ ခွဲစိတ်မှု သမားတော်ကြီး ဦးဖေညွှန့်နှင့် လက်ထောက် ဦးထွတ်ဆိုင်တို့က
ကြီးကြပ်ဦးစီး၍ ဆောင်ရွက်ကြသည်။
နေ့လယ် ၂ နာရီကျော်တွင် အမြွှာညီအစ်မမှာ ကိုယ်တစ်ပိုင်းစီ ကွဲသွားတော့
သည်။ ၎င်းဝမ်းအတွင်း၌ ရှိနေသော အသည်း၊ ရင်ညွှန့်ရိုး၊ အသက်ရှူကြွက်သားနှင့်
နှလုံးကာမြှေး စသည့် လေးနေရာကို ခွဲစိတ်ပြီးစီးသွားတော့၏။ တစ်ခြားစီဖြစ်သွားသော
အမြွှာညီအစ်မအား နှစ်နေရာခွဲ၍ ခွဲစိတ်ကုသမှုအဖွဲ့ကိုလည်း နှစ်ဖွဲ့ခွဲလိုက်၏။
သမားတော်ကြီး ဦးဖေညွှန့်နှင့် ဒေါက်တာအောင်သိန်းလူတို့ ပါဝင်သောအဖွဲ့က အမြွှာ
မနှစ် မနန်းစံကိုလည်းကောင်း၊ လက်ထောက်သမားတော် ဦးထွတ်ဆိုင်နှင့် ဒေါက်တာ
စောဆိုင်လူတို့က အမြွှာမတစ် မနန်းစိုးကိုလည်းကောင်း၊ ခွဲစိတ်ပြီးသောနေရာများတွင်
သွေးကြောများကို ပိတ်ခြင်း၊ တစ်ခြားစီဖြစ်နေသော အသည်း နှလုံးကာမြှေးနှင့်
အသက်ရှူကြွက်သားများကို သွေးမထွက်စေရန် ချုပ်သင့်သောနေရာများကို ချုပ်လုပ်ခြင်း
များ ဆောင်ရွက်ကြပေသည်။ သူနာပြုဆရာမ မနန်းရင်တို့အဖွဲ့က လိုအပ်သည်များကို
ကူညီကြသည်။ တစ်ဦးစီဖြစ်သွားသည့် အမြွှာညီအစ်မ၏ ၀မ်းဗိုက်ကိုပိတ်ရန် အရည်ပြား
မလုံလောက်သဖြင့် ဒက်ထရွန်တစ်မျိုးဖြင့် ၀မ်းဗိုက်သားကို လေမ၀င်ရန် နှင့် ပိုးမွှားများ
မ၀င်နိုင်ရန် ပိတ်ထားလိုက်တော့သည်။
ခွဲစိတ်မှုအ၀၀ကို ညနေလေးနာရီအချိန်တွင် လုံးဝပြီးစီးသွားတော့၏။ ကြိုးကြိုး
စားစား ပင်ပင်ပန်းပန်း ခွဲစိတ်ခဲ့ကြရသော ဆရာဝန်များနှင့် ဆရာမများမှာ
ကလေးများကို စိုးရိမ်ကြောင့်ကြမှုဖြင့် စောင့်ကြည့်နေခဲ့ရာ ညနေလေးနာရီခွဲတွင်
စတင်မေ့ဆေးပြယ်သွားသော အကြီးမိန်းကလေးမတစ်(မနန်းစိုး)၏ အူဝဲဟူသော
တစ်ချက်တည်းအော်၍ ငိုသံကြားလိုက်ရသော ဆရာဝန်၊ ဆရာမများမှာ ပြုံးနိုင်ကြ
တော့သည်။ မနှစ်(မနန်းစံ)မှာလည်း ညနေလေးနာရီ ၄၅ မိနစ်အချိန်တွင် မေ့ဆေးပြယ်
သည်နှင့် ၎င်း၏ညာလက်မလေးကို တပြုတ်ပြုတ်စုပ်နေသည်ကို တွေ့ရတော့၏။
ဗဟိုရုပ်ရှင်မှလည်း မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးကြသည်။
မိမိရင်သွေးများကို အောင်မြင်စွာခွဲစိတ်လိုက်သည့်သတင်းကို ကြားသိရသဖြင့်၊
ပုသိမ်လူမှုဝန်ထမ်းဌာန၏ အကူအညီဖြင့် အမြွှာညီအစ်မ၏ မိဘများဖြစ်ကြသော
ကိုစိန်ကြီးနှင့် မဒေါပုံတို့သည် ဇူလိုင် ၁၀ ရက်နေ့က ရန်ကုန်သို့ ရောက်လာကြ
သည်။ သက်ဆိုင်ရာ ဆရာဝန်ကြီးများထံ ခွင့်တောင်းပြီး သမီးများကို ၀င်ရောက်
ကြည့်ရှုကြသည်။ ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းတွင် ပုသိမ်သို့ မပြန်မီ အမြွှာညီအစ်မ၏
မိဘများက သမီးများ၏ ကျန်းမာရေးကို ဂရုစိုက်ပြုစုကြသူများနှင့် အောင်မြင်စွာ
ခွဲစိတ်ကုသကြသော ဆရာဝန်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ
ကြသော စေတနာရှင်များအား ကျေးဇူးတင်စကားပြောကြား၍ သမီးကြီး(မတစ်)ကို
မနန်းစိုးဟူ၍လည်းကောင်း၊ သမီးငယ်(မနှစ်)ကို မနန်းစံဟူ၍လည်းကောင်း၊ အမည်ပေး
သွားခဲ့ကြသည်။
ဤပြဿနာရပ်များ(မနန်းစိုး မနန်းစံ တို့၏ကံတရားများ)ကို ပိုမိုသဘောပေါက်စေရန် ကွယ်လွန်သူ ဆောင်းပါးရှင်ဖရန်စစ်စတိုရီ၏ လူဝင်စားကိစ္စခေါ် ဆောင်းပါးမှ ကောက်နှုတ်ချက်အချို့ကို
မြန်မာဘာသာသို့ အကျဉ်းရုံးပြီး ပြန်ဆို၍ အောက်တွင်ဖေါ်ပြထားပါသည်။
ဆောင်းပါးရှင်ဖရန်စစ်စတိုရီ၏ လူဝင်စားကိစ္စခေါ် ဆောင်းပါးမှ ကောက်နှုတ်ချက်အချို့
လူဖြစ်လာမည့် သန္ဓေသားသည် မိဘတို့ထံမှ မျိုးရိုးဗီဇခံယူရာတွင် အိက်စ်နှင့်
ဝိုင်ကရိုမိုဆုံးခေါ် လိင်သဘာဝဖိုဓါတ်၊ မဓါတ် ၂ မျိုးအတူပါလာသည်။ ဣတ္ထိလိင်
အမဓါတ် (ဣတ္ထိဘော) သည် အစဉ်အပြတ်အိက်အစား လိင်သဘာဝ ၂ ခုပါရှိပါ၏။
ပုလိ္လင်အဖိုဓါတ် (ပုမ္ဘော)က ““အိက်စ်”” အမျိုးအစား သဘာဝတစ်ခုနှင့် ““ ၀ိုင်”” အမျိုးအစား
လိင်သဘာဝတို့ တစ်ခုချင်း အပြောင်းအလဲဖြစ်မည်ကို လိင်ပြောင်းသည်ဟု ခေါ်ပါသည်။
ပဋိသန္ဓေခဏ၌ အမိ၏ သွေး အိုဗရီ ခေါ် အမဓါတ်မျိုးဥနှင့် အဖ၏
သုက် စပန်း ခေါ် အဖိုဓါတ်တို့ တွေ့ထိပေါင်းဆုံကာ ကာလလရေကြည် သံသေဒဇဖြစ်သွားပါသည်။ သို့ရာတွင် တစ်ခါတစ်ရံ ဖိုဓါတ်ယောက်ျားကလေးကရိုမိုဆုံးသည် အထီးကလေး
မွေးမလာဘဲ အမကလေးမွေးလာပါ၏။ ဤကဲ့သို့အဖိုဓါတ် ကရိုမိုဆုံးမှ အမဓါတ်သို့
ပြောင်းသွားခြင်းသည် အလိုလိုပြောင်းလဲသွားခြင်းဖြစ်သည်ဟုဆိုပါသည်။
သို့သော် သိပ္ပံပညာ၏ ကြောင်းကျိုးနိယာမအရ ဤကဲ့သို့အလိုအလျောက် ပြောင်းသွားသည်
ဆိုသည်ကို လက်မခံနိုင်ပါ။ မတော်တဆ ဖြစ်သွားသည်ကို လက်မခံနိုင်ပါ။
အကြောင်းတစ်ခုခုတော့ ဧကန်ရှိရပါမည်။ ယင်းကိစ္စမျိုးတွင်ဗုဒ္ဓတရားတော်အရ
ကံတရားကို အကြောင်းပြရပါမည်။ သတ္တ၀ါ၏ အတိတ်က မနောကံ၏
အဟုန်ဇော သတ္တိဟု ဆိုရပါမည်။ အခြားအကြောင်းကို ရှာ၍ ရမည်မဟုတ်ပါ။ သိပ္ပံပညာက ဤ
အကြောင်းပြချက်မျိုးကို လက်ခံနိုင်မည် မဟုတ်ပါ။ ပယ်ငြင်းနိုင်မည် မဟုတ်ပါ။ ဘာဝ
ရုပ်ကလာပ် ဖိုဓါတ်၊ မဓါတ်လိင် လက္ခဏာများ တစ်မျိုးနှင့်တစ်မျိုး မကွဲမခြား
ဖြစ်နေသော သန္ဓေသားသည် အားကောင်းစွာ ကမ္မသတ္တိ ကံအဟုန်အလိုက် ကမ္မဇ
ရုပ်ခေါ် ဘာဝရုပ်လိင်ပြောင်းသွားတတ်ပါသည်။ ဥပမာ ပထမပုလိ္လင်ယောက်ျား
ဘာဝကျိုးပေးသည့် ကံအဟုန်သည် အားနည်းသွားသည်ဖြစ်သော် သို့မဟုတ် အားကုန်
သွားသည်ရှိသော် ဆန့်ကျင်ဘက် ကံအဟုန်ဝင်လာကာ ဆန့်ကျင်ဘက် ဘ၀ရုပ်အသွင်
လက္ခဏာများ တစ်စတစ်စ ပိုမိုတို့တက်ထင်ရှားလာ၍ လုံးလုံးပြောင်းသွားတတ်ပါသည်။
အလားတူပင်၊ မိန်းကလေး တစ်ဦး၏ အဇ္ဈတ္တသန္တာန်၌ ယောက်ျားအမူအရာ
အလေ့အကျင့်စရိုက်များ တဖြည်းဖြည်း အားကောင်းလာသော် ပုလိ္လင်ယောက်ျားဘာဝ
ရုပ်(၀ါ) ပုရိသကမ္မဇရုပ်လက္ခဏာ အသွင်အပြင်များလည်း တဖြည်းဖြည်း ကြီးထွား
ထင်ရှားလာကာ နောက်ဆုံး၌ ဣတ္ထိလိင်မှ ပုလိ္လင်ယောက်ျားဘ၀သို့ ပြောင်းနိုင်ပါသည်။
လိင်မပြောင်းသော်လည်း အနည်းဆုံး ယောက်ျားစိတ်သို့ ပြောင်းသွားနိုင်ပါသည်။
ဆိုလိုသည်မှာ သတ္တ၀ါ၏ စိတ်ဓါတ်အားသည် တိုးတက်ပြင်းထန်လာသည်နှင့် အမျှ
အတွေးအခေါ် အကျင့်စရိုက် ၀ါသနာစသည့် နာမ်ဓါတ် သမ်္ပယုတ် သဘာဝတရားတို့
သည်သာမက ခန္ဓာကိုယ်ရုပ်လာပ်အင်္ဂါရပ် အစိတ်အပိုင်းများပါ တစ်မျိုးတစ်ဖုံသို့
ပြောင်းသွားတတ်ပါသည်။ ယင်းကိစ္စမျိုးကို ဗုဒ္ဓအဘိဓမ္မာအရ သင်္ခါရဓမ္မ၏ သတ္တိလို့
ခေါ်ဆိုရပါမည်။
လူသတ္တ၀ါတစ်ဦး၏ အကျင့်စာရိတ္တအတွက် သာမန်အားဖြင့် အကြောင်းရင်း
နှစ်မျိုးပြထားပါသည်။ ပထမတစ်မျိုးမှာ မိဘမျိုးရိုးဗီဇအစဉ်အဆက် ဖြစ်ပါသည်။
ဤအကြောင်းရင်းသည် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအတွက်သာ မဟုတ်ပါ။ ဥပမာ
မျက်စေ့မှုန်ခြင်းသည် မိဘမျိုးရိုးအလိုက် ဖြစ်ပေါ်တတ်သော်လည်း တထစ်ချ မျိုးရိုးဗီဇအ
ကြောင်းရင်းမဟုတ်ပါ။ အထက်နားတွင် ဖေါ်ပြခဲ့သည့် လိင်ပြောင်းလိင်လွှဲစသည့်
ရုပ်ဓါတ်နာမ်ဓါတ်နှစ်မျိုးလုံးနှင့် ပတ်သတ်သောကိစ္စများတွင် မိဘမျိုးရိုးဗီဇသည် လုံလောက်
သော အဖြေမဟုတ်ပါ။ သြဇာအာဏာပိုင် ပညာရှင်အများစု၏ အဆုံးအဖြတ်အရ၊
အဆိုပါလိင် ပြောင်းလိင်လွှဲ ပြဿနာများ၏ အကြောင်းရင်းမှာ မျိုးရိုးဗီဇမဟုတ်ဟု
သိရပါသည်။ ကလေးထူး ကလေးဆန်းကလေးများ၊ မိဘဘိုးဘွားနှင့်လားလားမျှ
အသွင်အပြင်မတူသောကလေးများ စသည့် ပြဿနာရပ်များတွင်လည်းကောင်း အလားတူပင်
ဖြစ်ပါသည်။ မိဘဘိုးဘွားများနှင့် အကျင့်စာရိတ္တချင်း၊ ပုံပန်းသဏ္ဍာန်ချင်း
လားလားမှမတူသော ကိစ္စများတွင် ပတ်ဝန်းကျင်၏ ဆွဲဆောင်မှုကို အကြောင်းပြ
လေ့ရှိပါသည်။ ဤသို့ အကြောင်းပြချက်သည်လည်း မလုံလောက်ပါ။ အဘယ့်ကြောင့်
ဆိုသော်၊ တစ်မိတစ်ဖတည်း ပတ်ဝန်းကျင် တစ်မျိုးတစ်စားတည်းမှ ပေါက်ဖွားလာသူ
တစ်အူတုံဆင်း ညီအစ်ကို မောင်နှမအချင်းချင်းပင်လျှင် တစ်ဦးနှင့် တစ်ဦး အလျင်းမတူ
ကြသည်လည်း အများအပြားရှိကြပါသည်။ မွေးဖွားလာစကပင် အသွင် လက္ခဏာချင်း
သိသိသာသာ ကွဲပြားခြားနားနေကြသည်လည်း ရှိကြပါ၏။
ဗုဒ္ဓအဘိဓမ္မာအရ၊ ကံ၏ အကျိုးဝိပါက်ပဋိသန္ဓေဖြစ်ပေါ်ရန် အကြောင်းတစ်မျိုး
မက ရှိရပါမည်။ ၀ါသနာ အကျင့်စရိုက်နှင့် ပတ်သတ်၍ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်
ဥတုရာသီ အခြေအနေ ကာလဒေသစသည်တို့သည် အကြောင်းတရားများ ဖြစ်ကြ
ပါသည်။ ယင်း နှစ်မျိုးသောအကြောင်းနှင့် မပြီးသေးပါ။ တတိယအကြောင်း ရှိပါ
သေးသည်။ ၎င်းမှာ အတိတ်ကံပင် ဖြစ်သည်။ အတိတ်က ကာယကံ၊ ၀စီကံ၊ မနောက
အဟုန်အရှိန်သတ္တိပင် ဖြစ်သည်။ အထူးသဖြင့် (အထက်ပိုင်းတွင် အထပ်ထပ်ပြော
ခဲ့သည့်) စုတိစိတ်ကျကာနီးမရဏာသန္နဇောသည် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်
တစ်ခုခုကို အာရုံယူ၍ ပေါ်သော မနောကံပင်ဖြစ်ပါသည်။ ယင်း တတိယအကြောင်းကံ
၏ သတ္တိသည် မျိုးရိုးစဉ်လာ ဗီဇနှင့် ပတ်ဝန်းကျင် ကာလဒေသ ဥတုရာသီစသည့်
ပဋိသန္ဓေအကြောင်းတရားတို့ထက် ပို၍အားကောင်းပါသည်။ အစွဲဥပါဒါန်ကြောင့်
သတ္တ၀ါတစ်ဦးသည် မိသားစုတစ်စုအတွင်းမှာပင် ထပ်တလဲလဲ ပဋိသန္ဓေနေလေ့ရှိတတ်
ပါသည်။ သို့ပါသော်လည်း အဆိုပါ မွေးဖွားလာသူကလေးသည် အမိအဖများနှင့်
စိတ်နေသဘောထား အကျင့်စရိုက် ၀ါသနာ စသည်တို့တွင် လုံးလုံးမတူဘဲ အဘိုးအဘွား
တစ်ဦးဦးနှင့်သော်လည်းကောင်း တူတတ်ပါသည်။ မိဘများနှင့် ရုပ်ရည်ချင်းတူတတ်ပါ
သော်လည်း ကြီးပြင်းလာသည်နှင့် အသစ်ပြောင်းလဲလာသည့် အကျင့်စရိုက် ၀ါသနာ
ဘာဂီအလိုက် ရုပ်လက္ခဏာများလည်း ပြောင်းလဲသွားတတ်ပါသည်။
သက်ရှိသတ္တ၀ါတစ်ဦး၏ စိတ်ဓါတ်(၀ါ) မနောကံခေါ် စေတနာဦးဆောင်သော
သင်္ခါရက္ခန္ဓာသည် ၎င်း၏ ဘ၀ပြဿနာအရပ်ရပ်ကို ပြုပြင်ပြောင်းလဲ ဖန်တီးရာတွင်
ပဓါနအကျဆုံးဖြစ်သည်ဟု ယခုအခါ တစ်ဟုန်ထိုးတိုးတက်နေသော လောကဓါတ်သိပ္ပံ
ပညာက လက်ခံနေပါပြီ။ နောက်ဆုံးပေါ် စိတ်ညှို့ပညာ စမ်းသပ်ချက်များအရ ကမ္ဘာ့
သိပ္ပံပညာရှင်ကြီးများ လက်ခံအတည်ပြုခြင်းဖြစ်ပါသည်။ ကမ္ဘာအရပ်ရပ်ရှိ ဆေးသိပ္ပံ
ပညာရှင်ကြီးများသည် အရေးကြီးသော အနာရောဂါရှင်များကို ခွဲစိတ်ကုသရာ၌
လည်းကောင်း၊ သားဖွားခန်းများတွင်လည်းကောင်း၊ စိတ္တဇရောဂါများကို ကုသရာ၌
လည်းကောင်း၊ အဆိုပါ စိတ်ညှို့နည်းဖြင့် ကုသရာတွင် များစွာအောင်မြင်ကြောင်း
သိရပါသည်။
စိတ်ညှို့နည်းကို အသုံးပြု၍ လူနာများကို ဆေးကုပေးရာတွင် စိတ်မနောကံသည်
ရုပ်ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်သည်မှာ ထင်ရှားပါသည်။
ကယာကံဖြင့်သာ ပြုလုပ်နိုင်သည်ဟု အများထင်ရသည်ကို စိတ်သက်သက်ဖြင့်(၀ါ)
မနောကံဖြင့်လည်း ပြီးစီးနိုင်ပါသည်။ ကမ္ဘာအရပ်ရပ်တွင် ဘာသာရေးဆိုင်ရာနှင့်
အခြားကုသိုလ်ဖြစ် ဆေးကုဆေးပေးဌာနများရှိကြရာ အချို့ဆေးကုဌာနတို့တွင် လူနာ
များ၏ ““ငါတို့ဝေဒနာ ဧကန်မုချပျောက်မှာပဲ”” ဟူသော ယုံကြည်မှု စိတ်ဓါတ်သည်
ရုပ်ဝတ္ထုကို ဆွဲဆောင်နိုင်သည့်ညှို့စိတ်ဓါတ်အားကဲ့သို့ အာနိသင် ထက်မြက်သော
ကြောင့် အောင်မြင်မှု ရရှိနေကြပါသည်။ စိတ်ညှို့ပညာရှင်အနေဖြင့် သက်ဆိုင်ရာ
လူနာသည် မိမိအား အကြွင်းမဲ့အားထားဖို့လိုပါသည်။ အဘယ့်ကြောင့်ဆိုသော်
မိမိ၏ ““ စိတ် ”” ၀ိညာဉ်ကို အခြားသူအား ခေတ္တပင်ဖြစ်စေ အပ်နှံထားရသည့် ကိစ္စသည်
မလွယ်ကူပါ။ လူနာ၏ စိတ်ကို လုံးလုံးစိုးပိုင်လာပြီဟု သိရသောအခါ စိတ်ညှို့ပညာဖြင့်
လူနာ၏ စိတ်ကို မိမိလိုရာသို့ ဆွဲဆောင်စေခိုင်းနိုင်ရန် အစွမ်းကုန် အားထုတ်ရပါမည်။
ဤနည်းဖြင့် လူနာ၏စိတ်ပိုင်းသာမက ခန္ဓာပိုင်းပါ မိမိစေခိုင်းသမျှ လိုက်နာ
ပြုလုပ်ပေးသည်ကို တအံ့တသြတွေ့ရပါမည်။ ဥပမာ ကိုယ်ခန္ဓာပေါ်တွင် မီးလောင်ဖု
ဖြစ်ပေါ်လိုလျှင် ကိုယ်ထိလက်ရောက် မလုပ်ဘဲ(၀ါ) မီးပူဖြင့် လူနာ၏ ခန္ဓာကိုယ်
အသားစိုင်ကို မထိုးဘဲ ညှို့စိတ်၏ သတ္တိကြောင့် မီးလောင်ဖု အလိုလိုပေါ်လာပါသည်။
လူ၏ အသားပေါ်တွင် ပေါ်လာပါသည်။ အလားတူ စိတ်နှင့်ကိုယ် (၀ါ) နာမ်နှင့် ရုပ်တို့
အချင်းချင်း ဆက်သွယ်ကျေးဇူးပြုကြသည့် သာဓက မြောက်များစွာတို့သည် ဓမ္မပဒ
ပါဠိတော်တွင် မနောပုဗ္ဗင်္ဂမာဓမ္မာ၊ စိတ်သာလျှင် ရှေ့သွားရှိ၏။ မနောသေဋ္ဌာ၊
စိတ်သာလျှင် အကြီးအမှူးဖြစ်၏။ မနောမယာ၊ စိတ်သည် ကျွန်ုပ်တို့အများက
ရုပ်ပိုင်းဟုသာ အထင်မှားနေသည့် ဓါတ်သဘာဝတို့ကိုပါ တစ်မျိုးတစ်ဖုံ ပြုပြင်ပြောင်းလဲ
ဖန်တည်းထုတ်ဖေါ်ပေးနိုင်၏ ဟုဘုရားရှင်ဟောတော်မူသည်များကို လုံးလုံး ထောက်ခံထား
သည်ဟု ဆိုရပါမည်။
ဤသည်တို့သည် ဗုဒ္ဓတရားတော်အရ၊ စုတိစိတ်ကျသူတစ်ဦး၏ မရဏာသန္န
ဇောခေါ် နောက်ဆုံးဇောမနောကံအဟုန်သည် ဘ၀သစ်၏ကမ္မဇရုပ်တို့ကို ကျေးဇူးပြုသည်
သာမက ကျန်ရှိသော ခန္ဓာ(နမ္မရူပ) အစိတ်အပိုင်းတို့ကိုပါ ပြုပြင်ပြောင်းလဲ ဖန်တီးရာတွင်
များစွာ အရေးပါသောအခန်းမှ ပါဝင်သည်ဆိုသည်ကို ထောက်ခံအတည်ပြုခြင်းမည်ပါသည်။
သတ္တ၀ါတစ်ဦး၏ ဘ၀ရေစီးကြောင်း ဖြစ်ပျက်အစဉ်သည် သံသရာဝဲသြဃမှ
မထွက်မချင်း တစ်ဘ၀မှ တစ်ဘ၀သို့ အဆက်မပြတ် တရစပ် ပဋိသန္ဓေစိတ်ဖြစ်လိုက်
ဘ၀င်စိတ်ဖြစ်လိုက် ၀ီထိစိတ်ဖြစ်လိုက် စုတိစိတ်ဖြစ်လိုက် စသည်ဖြင့် ကူးပြောင်းဖြစ်
ပျက်လျက်ရှိပါသည်။
တစ်ဘ၀မှ တစ်ဘ၀သို့ ခုန်လွှားကူးပြောင်းနေသည့် အတည်တကျ စိတ်ဆိုသည်
မှာ တကယ်မရှိပါ၊ စိတ်တစ်ခဏတိုင်းသည် ဖြစ်ပေါ်ပြီး ပျောက်ကွယ်သွားပါသည်။
ဤသို့ ပျောက်ကွယ်သွားတိုင်း စိတ်အသစ်အသစ်အစား ပေါ်လာပါသည်။ တစ်ပုံစံတည်း
အစားပေါ်လာပါသည်။ ဤသို့ ဖြစ်ပေါ်ပျောက်ကွယ်နေသည့် စိတ်အစဉ်ကွင်းဆက်
သည်ကား ယခုလက်ရှိဘ၀၊ ပ၀တ္တိကာလမှသည် နောက်ဘ၀သစ်တို့သို့ တရစပ်
ဆက်လက်ရောက်ရှိသွားပါသည်။ အသစ်ဖြစ်ပေါ်သော ပဋိသန္ဓေစိတ်နှင့် မှီရာတည်ရာရုပ်
ကလာပ်တို့ကို ရှေ့ဇောစိတ်၏ သတ္တိအဟုန်က မွေးထုတ်ပေးပါသည်။ မွေးကတည်းက
ဂီတပညာ သင်္ချာပညာစသည်တို့တွင် ထူးချွန်လာသည့် လူရည်ချွန်ကလေးတို့၏
ဦးနှောက်သည်ပင် အဆိုပါ မရဏာသန္နအဆုံး ဇောစိတ်အဟုန် သတိ္တကြောင့်ဟု ဆိုရပါ
မည်။ မိဘဘိုးဘွား မျိုးရိုးဗီဇနှင့် အဖြေရှာမရနိုင်သည့် အာဇာနည်ကလေးများ ပြဿနာ
နှင့် ပတ်သတ်၍ မရဏာသန္နဇောစိတ်ကံအဟုန်တွင် အဖြေရှာရပါမည်။
လောကဓါတ်သိပ္ပံဖြင့် အဖြေရှာမရသေးသော်လည်း လူသတ္တ၀ါတစ်ဦး၏ မရဏာ
သန္နဇောသည် ဘ၀သစ်မိဘနှစ်ပါးမှ ဖြစ်သော ကာလလရေကြည် ဘာဝရုပ်ကလာပ်ကို
ထိန်းကျောင်းနိုင်၍ အတိတ်ကံက ချမှတ်လိုက်သည့် စွမ်းအားအတိုင်း ရာသီဥတုနှင့်
အခြားရုပ် သဘာဝဓါတ်များ၏ အထုံဝါသနာ ဓလေ့စရိုက်များသည် ဘ၀သစ်၌ အမှတ်
သညာသစ်ဖြင့် ပေါ်ပေါက်လာပါသည်။ အမှတ်ရရှိမှု သတိသည် အဆုံးဇောအဟုန်ဖြင့်
ခန္ဓာသစ်ဦးနှောက်အာရုံကြောတွင် ချက်ချင်းလာစွဲရာ အလွန်အားကောင်းပါသည်။
လူ့ဘုံမှအပ အခြားဘုံဘ၀တစ်ခုခုမှ တစ်ဆင့်တက်လာသော ဇာတိပဋိသန္ဓေစိတ်သည်
အတိတ်လူ့ဘ၀ဟောင်းများကို မှတ်မိဖို့ ခဲယဉ်းပါသည်။ ငရဲ တိရစ္ဆာန်စသည့် ယုတ်ညံ့
သောဘုံများ အသက်အလွန်ရှည်သည့် နတ်ဘုံဗြဟ်္မာ့ဘုံများမှတဆင့် ရောက်လာသော
ပဋိသန္ဓေစိတ်များသည် အတိတ်ဘ၀များကို လုံးလုံးမှတ်မိမည်မဟုတ်ပါ။ ထို့ကြောင့်
လူများစုသည် အတိတ်ဘ၀များကို မမှတ်မိကြခြင်းဖြစ်ပါသည်။ အချို့လောက်သာ
အတိတ်ဘ၀ တစ်ခုခုသို့ ရောက်ခဲ့ဖူးသလိုလို ထင်မြင်ကြပါသည်။
ပဋိစ္စသမုပ္ပါဒ်အရ အ၀ိဇ္ဇာကြောင့်ဖြစ်သော သင်္ခါရသည် ၀ိညာဏ်ကို မွေးထုတ်
ပေး၏။ ၀ိညာဏ်မှ နာမ်ရုပ်သည် ပေါ်လာပြန်၏။ ယင်းနာမ်ရုပ်နှင့်တကွ ယှဉ်ဖက်ပါလာ
သည်မှာ အတိတ်ဝီထိစိတ်တို့တွင် ကိန်းနေသည့် ဓမ္မာရုံ(မနောအာရုံ)တို့ပင်ဖြစ်ပါသည်။
ဤနည်းအားဖြင့် သက်ရှိသတ္တ၀ါတို့သည် အစမထင် ဘ၀သံသရာတစ်လျောက်လုံး
အာရုံအာရမ္မဏိက ကျိုးကြောင်းဆက်ကာ ကာမဂုဏ်အာရုံတို့ကို တဏှာလောဘဖြင့်
အဆက်မပြတ် တရစပ် ခံစားခြင်းဟုဆိုအပ်သော ကာယကံမှု မနောကံမှုတို့၏ အကျိုး
အမွေအနှစ်တို့ကို ယူဆောင်၍လာကြရပါသည်။ မိဘမျိုးရိုးဗီဇဆိုသည်မှာ ကံနှင့်ကံ၏
အကျိုးဝိပါက် ဓမ္မစက်၏ လှည့်ကွက်သာဖြစ်ပါသည်။ အတိတ်ကသာယာနှစ်သက်စွဲလမ်း
ခဲ့သည့် ကံတို့၏ အကျိုးဆက်ပင်ဖြစ်ပါသည်။
ဗုဒ္ဓ၏ အဆုံးအမအနေဖြင့် ကမ္မ၀ိပါကကံနှင့် ဇာတိပဋိသန္ဓေတရားစက်ဝိုင်းတွင်
ကိုယ်ကျင့်စာရိတ္တ သီလကိုထိပ်တန်းတင်ထားပါသည်။ အမှန်အားဖြင့် စာရိတ္တ အကျင့်
သီလဆိုသည်တွင် ဗလ၀စေတနာကံ(ဇော) ပါရှိပါသည်။ ပထမအစ၌ ကုသိုလ်ကံ
ကုသိုလ်ဝိပါက်အကျိုးတရားနှင့် အကုသိုလ်ကံ အကုသိုလ်အကျိုးတရားတို့ ဆက်သွယ်
နေပုံသည် မထင်ရှားပါ။ ဥပမာ ဆိုကြပါစို့၊ ကိုယ်အင်္ဂါချို့ချို့တဲ့တဲ့မွေးဖွားလာသောကလေး
သူငယ် တစ်ယောက်သည် အတိတ်ဘ၀က အခြားသူတစ်ဦးကို အလားတူ ကိုယ်အင်္ဂါချို့
စေသည့် ဒဏ်ရာဒဏ်ချက်တစ်ခုခု ပြုလုပ်ကျူးလွန်ခဲ့သည်ဟု တစ်ထစ်ချ မစွပ်စွဲနိုင်ပါ။
အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်သော ဇောစိတ်အဟုန်ကြောင့်လည်း ဖြစ်နိုင်
ပါသည်။ သို့ရာတွင် အကြောင်းမှန်ကို သက်ဆိုင်ရာ ပုဂိ္ဂုလ်(ကလေးငယ်)၏ နောက်
ကြောင်း ကိုယ်ကျင့်တရား ပျက်ကွက်ခဲ့ခြင်းသို့ ခြေရာခံလိုက်လျှင် တွေ့နိုင်မည်ဖြစ်ပါ
သည်။ ကိုယ်ကျင့်စာရိတ္တဆိုသည်မှာ ကိလေသာ အာသဝေါတရားနှင့် တဏှာဥပါဒါန်
တို့က လွှမ်းမိုးထားပါသည်။ ၎င်းတို့ကို ပဋိစ္စသမုပ္ပါဒ်တွင် ဇာတိပဋိသန္ဓေ ဘ၀ကျိုးကိုပေး
သည့် အကြောင်းတရားများဟု ပြထားပါသည်။ သတ္တ၀ါတစ်ဦး၏ ခန္ဓာကိုယ်အပါအ၀င်
ဘ၀ဖြစ်စဉ်ဆိုသည်မှာ အမှန်အားဖြင့် ကြောင်းကျိုးနိယာမ ကံတရား(ကာယကံ ၀စီကံ
မနောကံ)နှင့် ကံ၏အကျိုးတရား (၀ိပါက) တို့၏ ဖြစ်ပျက်အစဉ်ကို ခေါ်ပါသည်။
တဏှာ(ဘ၀တဏှာ) ရာဂဒိဋ္ဌိဥပါဒါန် အာသ၀တရားတို့ကို အရဟတ္တမဂ်အရဟတ္တဖိုလ်
ဖြင့် မဖြတ်မချင်းကံကို ၎င်းတို့က ဆက်လက်ထောက်ပံ့နေမည်သာ ဖြစ်ပါသည်။
လူအဖြစ် ပဋိသန္ဓေတည်ခြင်းနှင့် ပတ်သက်၍ အထူးသဖြင့် မိဘမျိုးရိုးဗီဇ
လက္ခဏာများ ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ လောကဓါတ်သိပ္ပံ ဘိုင်အိုလော်ဂျီခေါ်
ဇီဝဗေဒနည်းအရ နားလည်ဖို့ရန် အခက်အခဲရှိတတ်ပါသည်။ ပထမသိထားဖို့လိုသည်
မှာ သန္ဓေသား၏ခန္ဓာအိမ် အစိတ်အပိုင်းအားလုံး အပြည့်အစုံ မိဘနှစ်ပါးမှ ရလာသည်
မဟုတ်ပါ။ သားဥအတွင်းရှိ ရိုးရိုးသံသေဒဇ မှ ပေါက်ဖွားလာခြင်းသာ ဖြစ်ပါသည်။မိဘမျိုးရိုး
ဗီဇအမွေနှင့် တရားဥပဒေဆိုင်ရာ မိဘဘိုးဘွားပိုင် ဥစ္စာပစ္စည်း အမွေအနှစ်တို့သည်
မတူကြပါ။ အကျင့်စာရိတ္တသည် မိဘတို့ထံမှ ဆင်းသက်သော ဗီဇမျိုးစေ့အမွေဟု
သာမန်အားဖြင့် ပြောဆိုကြသော်လည်း ၎င်းပြောဆိုချက်အတိုင်း အမှန်မဖြစ်နိုင်ပါ။
အကျင့်စာရိတ္တသည် မိဘတို့ထံမှ ဆင်းသက်သော ဗီဇအမွေမဟုတ်ပါ။ မိဘတို့ထံမှ
ဆင်းသက်လာသည့် ကာလလရေကြည်ခေါ် ဗီဇမျိုးစေ့၌ ဣတ္ထိဘော ပုမ်ဘော ခေါ် ဘာဝရုပ်သည်
ကိန်းအောင်းနေပါသည်။ ယင်း ကာလလရေကြည်ဘာဝရုပ်ကို မှီ၍ အကျင့်စာရိတ္တပေါက်ဖွား
လာပါသည်။ မျိုးရိုးဗီဇဆိုသည်ကို ဤအတိုင်း အခြေခံအားဖြင့် နားလည်ရပါမည်။
(ပရိုဖက်ဆာ ဘီအိပ်ခ်ျဘီးလ်၊ မျိုးရိုးဗီဇ ကထိက အင်ဒင်ဘဂ္ဂတက်္ကသိုလ် စကော့တလန်
ပြည်၊ ၁၉၅၇။ ခုနှစ်။)
ထို့ကြောင့် မိဘမျိုးရိုးဆိုသည့် သဘောတရားသည် ပုဂိ္ဂုလ်သတ္တ၀ါ(သို့မဟုတ်)
၎င်း၏ အကျင့်စာရိတ္တဖြစ်ပေါ်ခြင်း၏ အကြောင်းအရင်းမဟုတ်၊ အထောက်အပံ့
အကြောင်းတစ်ခုသာဖြစ်ပါသည်။ အထောက်အပံ့ အကြောင်းတစ်ခုအနေဖြင့် မည်မျှ
တန်ခိုး အာနိသင်ထက်မြက်ပါသနည်းဟု မေးလျှင် အခြားအကြောင်းအချက်အလက်များ
ပေါ်တွင် မူတည်ပါသည်ဟု ဖြေရပါမည်။ အခြားအကြောင်းအချက်အလက်များဟု
ဆိုရာတွင်လည်း အားလုံးပတ်ဝန်းကျင် အခြေအနေနှင့်သာ သက်ဆိုင်သည်ဟု မဆိုနိုင်
ပါ။ မျိုးရိုးဗီဇနှင့် အတိတ်ကံစီမံမှုဆိုသည်တို့သည် အချင်းချင်း အပြန်အလှန် အထောက်
အကူပြုနိုင်ပါသည်။ ဥပမာ ဥပါဒါန်အစွဲကြောင့် လူမျိုးစုတစ်စုတွင်လည်းကောင်း
မိသားစုတစ်စုတွင်လည်းကောင်း ထပ်ကာထပ်ကာ ပဋိသန္ဓေရနိုင်သည်။ အားကြီးသော
ကံအဟုန်(၀ါ) ဗာဟုလ္လကံအမှုစသည်တို့သည်လည်း မျိုးရိုးအစဉ်အလာ လက္ခဏာ
များကို ပြုပြင်ပေးနိုင်ပါသည်။ ဆန့်ကျင်ဘက် တိုက်ဖျက်၍လည်း ပေးနိုင်ပါသည်။
ထို့ကြောင့် ဘိုင်အိုလော်ဂျီခေါ် ဇီဝဗေဒနည်းအရ မိဘမျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်တို့
သာလျှင် ပုဂိ္ဂုလ်သတ္တ၀ါ၏ အကြောင်းရင်း အစဖြစ်သည်ဟု ဆိုချက်သည် မမှန်ပါ၊
အဘယ့်ကြောင့်ဆိုသော် အထက်ပိုင်းတွင် ပြောခဲ့သည့်အတိုင်း တစ်မိသားတည်းမှ
ပေါက်ဖွား၍ ပတ်ဝန်းကျင်တစ်မျိုးတည်းတွင် ကြီးပြင်းသော ညီအစ်ကို မောင်နှမ
သည်လည်းကောင်း နှစ်ကိုယ်တွဲအမြွှာပူးတို့သည်လည်းကောင်း၊ အကျင့်စာရိတ္တ ကာယ
ဉာဏစွမ်းအင် ရုပ်အဆင်းအင်္ဂါ စသည်တွင် တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိကြပါ။
ယေဘုယျအားဖြင့် များစွာကွာခြားကြသည်ကို တွေ့ရပါသည်။ ။
ဗုဒ္ဓ၏ ကံနှင့် ဇာတိပဋိသန္ဓေတရားတို့သည်ကား ယခုတင်ပြနေသည့် ပ၀တ္တိ
ကာလ၌ပင် ဘ၀ရုပ်များ ပြောင်းလဲသည့်ကိစ္စ(၀ါ) လက်ရှိမျက်မှောက်ဘ၀၌ပင်
ဣတ္ထိလိင်မိန်းမအဖြစ်မှ ပုလိ္လင်ယောက်ျားအဖြစ် ပြောင်းလဲသွားသည့်ကိစ္စမျိုးတွင်
သာမက အခြားအခြားသော ရုပ်နာမ်ဓမ္မသင်္ခါရတရားများနှင့် ယခုအခါ သိပ္ပံပညာ
ထွန်းကားနေသည့် ကမ္ဘာတစ်ခြမ်းတွင် အတော်ကလေး ခေတ်စားနေသည့် အသိထူး
အမြင်ထူး(၀ါ) ရုပ်ထူးနာမ်ထူး လောကီဈာန်အဘိညာဉ်တို့နှင့် အလားတူသော ဣဒိ္ဓရှင်
အာဏာရှင်စသည့် ကိစ္စများ၏ အဖြေမှန်ကို ရှာရာတွင်လည်း များစွာအားကိုးလောက်
ပေသည်။ ဗုဒ္ဓ၏ ဥပ္ပဒ၀ယ ဖြစ်ပျက်အစဉ် အနိစ္စသဘောတရားသည် အခြားမဟုတ်။
အတိတ်က စုတိစိတ်ကျသူ၏ မနောကံ မရဏာသန္နဇောစိတ်အဟုန်ကြောင့် အသစ်ဖြစ်
ပေါ်သော ပဋိသန္ဓေ ရုပ်သစ်နာမ်သစ်ကို ဆိုလိုသည်လည်း ဟုတ်၏။ လက်ရှိဘဝ
ပ၀တ္တိကာလ(၀ါ) ပဋိသန္ဓေကာလနှင့် မရဏာသန္နကာလစပ်ကြား ဥပါဒ်ဋ္ဌီဘင်
ဖြစ်လိုက် ပျက်လိုက်(၀ါ) မွေးလိုက်သေလိုက်နှင့် ဆက်ကာဆက်ကာ တရစပ်ဖြစ်ပျက်
နေသည့်အစဉ်ကို ဆိုလိုသည်လည်း မှန်၏။ ထို့ကြောင့် ဗုဒ္ဓက အမြဲမရှိ ဆင်းရဲ၏၊
အစိုးမရ ငါသူတစ်ပါး ယောက်ျားမိန်းမ အထည်ကိုယ်ဒြပ်အမာခံ အနှစ်သာရ အတ္တ
မဟုတ်၊ အနတ္တသာ ဟု ဟောတော်မူပါသည်။ ဤစကားနှင့်ပတ်သတ်၍ ဇာတိပဋိသန္ဓေ
ဖြစ်ပေါ်ခြင်းကို လေးမျိုးပြထားပါသည်။ (၁) အဏ္ဍဇခေါ် ဥမှပေါက်ဖွားခြင်း (၂)
ဇလာဗုဇခေါ် အမိဝမ်းမှ ပေါက်ဖွားခြင်း (၃) သံသေဒဇခေါ် အညစ်အကြေး
အညှီအဟောက်မှဖြစ်ခြင်း (၄) သြပပါတိကခေါ် ဘွားခနဲ ထင်ရှားပေါ်လာခြင်းတို့ပင်
တည်း။ စကြာဝဠာကြီးတစ်ခုလုံးသည် အမှန်အားဖြင့် ဓါတ်အားစုကြီးပင်ဖြစ်၏။
ရုပ်ဓါတ်နာမ်ဓါတ်စွမ်းအားစုတို့ပင် ဖြစ်၏။ စုတိစိတ်ကျသောအခါ၊ နာမ်ဓါတ်အားစု
သည် ရုပ်ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားပါသည်။ လူ့ဘုံ၌ ပဋိသန္ဓေသစ် ဖြစ်ပေါ်ရာ၌
မိဘနှစ်ပါး၏ သုက်သွေးသည် အဆိုပါစုတိစိတ်ကျသူ၏ မနောကံ မရဏ သန္နဇော
အဟုန်ကြောင့် ဖြစ်ပေါ်သော ၀ိညာဉ်သစ်နာမ်ဓါတ်၏ မှီရာတည်ရာဖြစ်၏။ ထို့ကြောင့်
မိဘနှစ်ပါးတို့လည်း ဤဇာတိပဋိသန္ဓေမျိုးစေ့၏ အကြောင်းရင်းတစ်ပါးပင်ဖြစ်ပါ၏။
ဆိုလိုသည်မှာ စုတိစိတ်ကျသူ၏ မနောကံခေါ် မရဏာသန္နဇောအဟုန်သည် မိဘ
နှစ်ပါး၏ သုက်သွေးကလလရေကြည်တွင် ပါလာသော မျိုးရိုးအစဉ်အလာ ဗီဇစရိုက်
သတ္တိတို့နှင့် ပူးပေါင်းမိကာ ရုပ်သစ်နာမ်သစ် ဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။ စုတိစိတ်
ကျသူထံမှ မည်သည့် အသက်လိပ်ပြာ အထည်ဒြပ် အနှစ်သာရမှ ကူးပြောင်းဖြစ်ပေါ်
လာခြင်းမရှိ။ ကျိုးကြောင်းနိယာမ သဘောတရားမျှသာဖြစ်၏။ အတိတ်အကြောင်း
ကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်ပေါ်လာခြင်းမျှသာဖြစ်၏။ အတိတ်အကြောင်းကံ၏ အဟုန်အရှိန်
သည်ကား အာကာသလဟာပြင်တွင် ဖြတ်သန်းသွားသည့် နေ၏အဟုန်အရှိန်၊ နေ၏
ဓါတ်အားနှင့် အလားတူ၏။ နေအရှိန်ဓါတ်အားသည်ကား ကံ၏အရှိန်၊ ကံ၏
ဓါတ်လှိုင်းကဲ့သို့ပင်၊ မံသစက္ခုအစရှိသည့် အာရုံခံဒွါရတို့ဖြင့် မမြင်နိုင်၊ မသိနိုင်၊
မထိနိုင်ပါ။ ယင်းကမ္မသတ္တိ နာမက္ခန္ဓာနာမ်ဓါတ်အစုသည် မိဘနှစ်ပါး၏ မျိုးရိုး
စဉ်လာ၏ မျိုးစေ့ကလလ ရေကြည်ကမ္မရုပ်ဓါတ်အစုနှင့် ပူးပေါင်းမှီတွယ်ကာ ဘ၀သစ်
သန္ဓေသားကလေး ဖြစ်ပေါ်လာတော့၏။
သူရိယနေမင်းသည် ဓါတ်အားအရှိန် အာကာသတစ်ခွင်တွင် တစ်ဟုန်ထိုး
ဖြတ်သန်းသွားစဉ်၊ ရုပ်ဝတ္ထုအထည်ကိုယ်ဒြပ် အမာခံတစ်ခုခုနှင့် တိုက်ခတ်မိသောအခါ
အလင်းရောင် ၀င်းခနဲ ဟတ်လိုက်သကဲ့သို့ ပင်တည်း။ လူတို့ဆိုရိုးရှိသည်မှာ၊ နေသည်
အလင်းရောင်ကိုပေး၏။ အမှန်အားဖြင့် နေ၌ ဓါတ်အားအရှိန်သတ္တိသာ ရှိ၏။
လဟာပြင်တစ်လျှောက် မိုင်ပေါင်းထောင်သောင်းများစွာ ကျော်ဖြတ်သွားရာ၌ တိမ်ခိုး
တိမ်ငွေ့လေထုအစရှိသည့် အမာခံရုပ်ဝတ္ထုတစ်ခုခုနှင့် တိုက်ခိုက်မိသည်နှင့် အမှောင်
ပကတိမှ အလင်းရောင်ဖြာခနဲ ထွက်ပေါ်လာသည်ကို အများတွေ့မြင်နိုင်ပါသည်။
ဤသည်ကိုပင်လျှင်နေသည် ကျွန်ုပ်တို့အား အလင်းရောင်ပေး၏ဟု အမှတ်သညာ
ထားခြင်းဖြစ်ပါသည်။
x x x x x x x
No comments:
Post a Comment